ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဟု UEC ထံ မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဟု UEC ထံ မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည်
Published 9 March 2023

ရှမ်းတိုင်းရင်းသားများဒီမိုရက်တစ်ပါတီကို ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်ထားပြီး ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကျားဖြူပါတီဥကဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ကျားဖြူပါတီနှင့် မီဒီယာများ တွေ့ဆုံပွဲကို မတ် ၈ ရက် မွန်းလွှဲပိုင်းတွင် အလုံမြို့နယ် ကမ်းနားလမ်း MMM ကွန်ဒိုရှိ ကျားဖြူပါတီ ဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် ကျားဖြူပါတီဥကဌ ဦးစိုင်းအိုက်ပေါင်းက ထိုသို့ အသိပေးပြောကြားခြင်းဖြစ်သည်။

"ပြည်ထောင်စုသားအားလုံး ပါဝင်နိုင်အောင် ကျွန်တော်တို့က ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဆိုပြီးတော့ ကျွန်တော်တို့က ဒီ UEC မှာ ကော်မရှင်မှာ ပါတီအသစ်ပြန်ပြီးတော့ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့မှာ မှတ်ပုံတင်လိုက်တယ်"ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ကျားဖြူပါတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးလေးခုလောက်တွင်သာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိရန်မှာ မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

"ပြည်ထောင်စုကြီး ငြိမ်းချမ်းစေချင်တယ်။ ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ အောက်ခြေလူတန်းစားတွေ ၊ ဝန်ထမ်းတွေ ၊ နောက် စီးပွားရေး အသေးလေးတွေ ၊ အလတ်တွေ အားလုံးအားလုံးသော ပြည်ထောင်စုသားအားလုံး ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ကြီးပွားစေချင်တယ်။ ငြိမ်းချမ်းစေချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က တစ်နိုင်ငံလုံး ပြိုင်မယ်"ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ် ၊ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်၊ မန်းလေးတိုင်းဒေသကြီး ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်၊ နေပြည်တော် ရှစ်မြို့နယ်၊ ရှမ်းပြည်နယ် ၄၆ မြို့နယ်တို့တွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။  

"ရှမ်းပြည်နယ် ၅၅ မြို့နယ်မှာ ဘာလို့ ၄၆ မြို့နယ်ပဲ ပြိုင်လဲဆိုတော့ ကိုးမြို့နယ်လောက်က ပြိုင်လို့မရဘူး။ "ဝ" ဒေသရယ်၊ "ဝ" နယ်က ၂၀၁၀ ကတည်းက ရွေးကောက်ပွဲ လုပ်လို့မရဘူး။ကိုးကန့်နှစ်မြို့နယ် မပြိုင်ဘူး။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပြိုင်ဘူး။ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ် အဲဒီနေရာတွေတော့ ကျွန်တော်တို့ ပြိုင်မယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေမှာ ကျွန်တော်တို့ ရှမ်းတွေကလည်း သုံးပုံ တစ်ပုံလောက် ရှိတယ်။ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ။ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူဦးရေ လေးသိန်းကျော်ရှိတယ်။ ရှမ်းက တစ်သိန်းလောက်ရှိတယ်"ဟု ၎င်းက ဆိုသည်။

ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်  လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent