နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ဇနီး ဒေါ်ကြူကြူလှနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ၏ဇနီး ဒေါ်ကြိုင်ကြိုင်အပါအဝင် အမျိုးသမီးခုနစ်ဦးအား အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၇၆/၂၀၂၃)ကို မတ် ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါအမိန့်ကြော်ငြာစာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလို့ငှာ ဗုဒ္ဓသာသနာ တော်အား ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ် များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်းဖော်ပြထားသည်။
အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရရှိသူများမှာ ဒေါ်ကြူကြူလှ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး)၊ ဒေါ်ကြိုင်ကြိုင် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ဇနီး)၊ ဒေါ် မြမြစန်း (ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း) ၏ဇနီး)၊ ဒေါ်ခင်ခင်ဝင်း (သမ္မတ ဦးသိန်းစိန် (ငြိမ်း)၏ဇနီး) တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဒေါ်ခင်သက်ဌေး (ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး)၊ ဒေါ်သန်းသန်းနွဲ့ (နယကလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့်ဗိုလ်ချုပ်ကြီးစိုးဝင်း၏ဇနီး)၊ ဒေါ်နန်းရွှေမှုံ (ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (ငြိမ်း)၏ဇနီး) တို့သည်လည်း နစကဥက္ကဋ္ဌက ချီးမြှင့်အပ်နှင်းသည့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။















