ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်စွဲမှုသည် ကစားသမားဘဝ၏အကောင်းဆုံးအရာဟု The Best ဆုပေးပွဲတွင် မက်ဆီ ပြောကြား

ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်စွဲမှုသည် ကစားသမားဘဝ၏အကောင်းဆုံးအရာဟု The Best ဆုပေးပွဲတွင် မက်ဆီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 1 March 2023

 

ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်စွဲမှုသည် ကစားသမားဘဝ၏ အကောင်းဆုံးအရာဖြစ်သည်ဟု The Best FIFA ဆုပေးပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီသည် ယင်းဆုကို ၂၀၁၉ ခုနှစ်ကလည်း ရရှိထားခဲ့သောကြောင့် ဒုတိယအကြိမ်မြောက် ဆွတ်ခူးခြင်းဖြစ်ပြီး ပြင်သစ်တိုက်စစ်ကစားသမားများဖြစ်သည့် ဘာပေနှင့် ဘန်ဇီမာကို ကျော်ဖြတ်ရရှိခဲ့သည်။ မက်ဆီအနေဖြင့် နိုင်ငံအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး ၂၀၂၁-၂၂ အတွင်း ကလပ်နှင့် နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲတွင် ၂၇ ဂိုး သွင်းယူပေးခဲ့သည်။ 

"ကမ္ဘာ့ဖလားဗိုလ်စွဲမှုဟာ ကျွန်တော့် ကစားသမားဘဝမှာ ဖြစ်ပျက်ခဲ့တာတွေထဲက အကောင်းဆုံးအရာပါပဲ။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးနောက် ဒီအောင်မြင်မှုကိုရရှိစေဖို့ ကူညီပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါက အံ့အားသင့်စရာကောင်းပါ တယ်။ တကယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ဒီမှာရှိပြီး အကောင်းဆုံးဆု ဆွတ်ခူးနိုင်ခဲ့တာဟာ ကျွန်တော့်အဖို့ ဂုဏ်ယူစရာတစ်ခုပါပဲ။ ကျွန်တော့်အသင်းဖော်တွေ မရှိဘဲနဲ့တော့ ဒီမှာ ရှိမနေနိုင်ပါဘူး။ ကာလရှည်ကြာ မျှော်လင့်ခဲ့ရတဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ လူအနည်းငယ်လောက်သာ ဒီအောင်မြင်မှုကို ရရှိနိုင်ပြီး ကျွန်တော်ကတော့ အခုလိုရရှိခဲ့လို့ ့ကံကောင်းပါတယ်" ဟု မက်ဆီက ပြောကြားခဲ့သည်။ 

မက်ဆီသည် အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် ၎င်းရွေးချယ်ပေးရသည့် အကောင်းဆုံးသုံးဦး စာရင်းတွင် နေမာ၊ ဘာပေနှင့် ဘန်ဇီမာ၊ နည်းပြဆုအတွက် စကာလိုနီ၊ ဂွါဒီယိုလာနှင့် ဒေးရွှမ့်၊ ဂိုးသမားဆုအတွက် မာတီနက်ဇ်၊ ကော်တိုအာနှင့် ဘူနူတို့ကို ရွေးချယ်ခဲ့သည်။ ထို့ပြင် မက်ဆီသည် FIFPro11 အသင်းတွင် စံချိန်တင် ၁၆ နှစ်ဆက် ရွေးချယ်ခံခဲ့ရသည်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုမှာမူ ယခုနှစ် The Best ဆုများအတွက် မဲပေးခြင်းမရှိဘဲ ၎င်းအစား ဒုအသင်းခေါင်းဆောင် ပီပီက မဲပေးခဲ့သည်။ 

The Best FIFA အကောင်းဆုံးဆုများ ကို နိုင်ငံလက်ရွေးစင်အသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များ၊ ဂျာနယ်လစ်များ နှင့် ပရိသတ်များကို မဲပေးရွေးချယ်ခဲ့ပြီး ယင်း မဲရလဒ်များမှ ၂၅ ရာခိုင်နှုန်းစီကို အမှတ်ပေး တွက်ချက်ထားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ကိုယ်စားပြုအဖြစ် နည်းပြဟောင်း အန်တွမ်နီဟေးက မက်ဆီ၊ ဘာပေ နှင့် မိုဒရစ်၊ အသင်းခေါင်းဆောင် မောင်မောင်လွင်က မက်ဆီ၊ ဘာပေနှင့် နေမာကို မဲပေးခဲ့ကြသည်။ 

 

Most Read

Most Recent