ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာထိပ်ရှိ ဇရပ်တွင် ဘုန်းတော်ကြီးတစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရ

ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာထိပ်ရှိ ဇရပ်တွင် ဘုန်းတော်ကြီးတစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရ
Published 26 January 2023
ဘိုဘိုမြင့်

Photo  - Saw Ba Maung

ကျိုက်ထိုမြို့နယ် ကျူချောင်ကျေးရွာထိပ်ရှိ ဇရပ်တွင် ဇန်နဝါရီ ၂၆  ရက် နံနက် ၇ နာရီခွဲခန့်က ဘုန်းတော်ကြီးတစ်ပါး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဘုန်းတော်ကြီးမှာ ခေါင်းတောင်ဘုန်းတော်ကြီးကျောင်းမှ သက်တော် (၆၀) နှစ်ခန့်ရှိ ဆရာတော်တစ်ပါးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“မနက်ပိုင်းက သေနတ်သံ (၆) ချက်လောက်ကြားလိုက်ရတယ်။ နောက်မှ ရွာထိပ်က ဇရပ်မှာ ဘုန်းကြီးတစ်ပါးသေနတ်နဲ့ပစ်ခတ်ခံရတာလို့ သိရတာ။ သေနတ်ဒဏ်ရာတွေတော့ရသွားတယ်။ ဆေးရုံကို ပို့လိုက်ကြတယ်လို့ သိရတယ်” ဟု အဆိုပါဒေသခံက ပြောကြားသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရသည့်အတွက် ဘုန်းတော်ကြီး၏ ဝဲလက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ဝဲဘက်ရင်အုံဘေးတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၂) ချက်၊ ဆီးစပ် နှင့် ယာတင်ပါးတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်စီရရှိခဲ့ကြောင်း နှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ယခင်က လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုး၊ NLD နှင့် တခြားပါတီဝင်များ၊ ပြည်သူများ အသတ်ခံခဲ့ရသော်လည်း ဘုန်းတော်ကြီးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent