အလှည့်ကျမီးပေးစနစ်နှင့် လျှပ်စစ်ကား တင်သွင်းခွင့် 

အလှည့်ကျမီးပေးစနစ်နှင့် လျှပ်စစ်ကား တင်သွင်းခွင့် 
Published 22 January 2023

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေလျက်ရှိသည်။ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ပင် လျှပ်စစ်မီး အပြည့်အဝ မရရှိပေ။ ရန်ကုန်မြို့တွင် အများပြည်သူအုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလှည့်ကျ ဝန်အားလျှော့၍ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည်။

    

ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့်ပေးထားမည်ဖြစ်ပြီး စက်မှုဇုန်များကိုမူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဦးစားပေးအဆင့် အုပ်စု A တွင် မြို့နယ် ၁၆ မြို့နယ်ကို ကြေညာထားပြီး ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်တို့ ပါဝင်သည်။ 

လက်ရှိအချိန်အထိလည်း ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီးကို အလှည့်ကျဖြင့်သာ ပေးဝေနိုင်သည်။ နယ်မြို့များတွင်မူ လျှပ်စစ်မီးရရှိမှုမှာ တစ်နေ့လျှင် ခြောက်နာရီခန့်သာ ရှိသည်။  

''ဘာကြောင့် မီးပျက်သလဲ''

လျှပ်စစ်မီးပြတ်တောက်မှုမှာ အကြောင်းအရာနှစ်ခုကြောင့် ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်သည်။ 

ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ခြင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း-တီကျစ်ဓာတ်အားလိုင်း တာဝါတိုင်နှစ်ခု ကျိုးပဲ့ပျက်စီးခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအချို့တွင် ဓာတ်အားပြတ်တောက်နေကြောင်း YESC က ဆိုသည်။ 

ဒုတိယအချက်အနေဖြင့်  ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လိုင်း အရေးပေါ်ပြုပြင်နေရသောကြောင့် ရန်ကုန်တိုင်းအတွင်း သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ် အားပေးစက်ရုံများသို့ပို့လွှတ်မှု လျော့နည်းနေသည့်အတွက် နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်ကြောင်း YESC က ထုတ်ပြန်သည်။ 

ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်မှုနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း- တီကျစ်ဓာတ်အားလိုင်း တာဝါတိုင်ကျိုးပဲ့ခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း ၂၈၀ MW ခန့် လျော့နည်းခဲ့ကြောင်း၊ ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်း သိမ်းပြုပြင်နေစဉ်ကာလအတွင်း အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်အမှတ် (၁၊ ၂) မှ ၄၅ MW ၊ Tyotothai ဓာတ်အားပေး စက်မှ ၁၁၅ MW၊ သာကေတဓာတ်အားပေးစက်မှ ၁၇ MW၊ UPP (ရွာမ) ဓာတ်အားပေးစက်မှ ၄၅ MW၊ Max Power (သာကေတ) ဓာတ်အားပေးစက်မှ ၄၅ MW၊ လှော်ကား ဓာတ်အားပေးစက်မှ ၆၀ MW၊ U Energy ဓာတ်အားပေးစက်မှ ၁၀၆ MW၊ စုစုပေါင်း ၄၃၃ MW ခန့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းခဲ့ကြောင်း၊ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် အချို့နေရာများတွင် ဝန်အားလျှော့ချရခြင်းများရှိကြောင်း YESC က ထုတ်ပြန်သည်။

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်နေခြင်းဖြစ်ပြီး ယင်းပိုက်လိုင်းယိုစိမ့်မှုကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၃၃ MW ခန့် လျော့နည်းခဲ့ကြောင်း YESC က ထုတ်ပြန်သည်။ 

ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်သော်လည်း အရေးကြီးနေရာများပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်နေကြောင်း YESC က ဆိုသည်။

''အလှည့်ကျ မီးပေးမယ်''

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ အချိန်ပိုင်းပေးဝေမည့် အစီအစဉ်များ ချမှတ်ရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက လာမည့်နွေရာသီကာလတွင် ပြည်သူလူထု၏ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်မပေးနိုင်သော်လည်း ရရှိသည့် လျှပ်စစ်ဓာတ်အားကို လူတိုင်းအချိန်ပိုင်းအလိုက် မျှဝေခံစားနိုင်အောင် ဓာတ်အားဖြန့်ဖြူးပေးသွားမည့် အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ အချိန်ပိုင်းအလိုက် ဓာတ်အားသုံးစွဲမှု ပေးဝေနိုင်သော အချိန်များတွင်လည်း ရရှိသည့်အချိန်အတိုင်း အပြည့်အဝရရှိစေရန် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ကြိုတင်၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''လျှပ်စစ်ကား တင်သွင်းခွင့်''

မြန်မာနိုင်ငံတစ်ဝန်း အလှည့်ကျမီးပေးနိုင်သေးသည့် အခြေအနေသာရှိနေသောအချိန်တွင် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် လျှပ်စစ်ကားတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။ 

လျှပ်စစ်ကားများ တင်သွင်းခွင့်ပြုမည်ဆိုသော်လည်း လက်တွေ့တွင် လျှပ်စစ်မီးရရန် ဓာတ်ဆီနှင့် ဒီဇယ်သုံးစက်များကိုသာ အားထားနေရသည်။ မြန်မာနိုင်ငံအတွင်း ဓာတ်အားပုံမှန်မပေးနိုင်သည့်တိုင် လျှပ်စစ်ကားတင်သွင်းမှုကို ဦးစားပေးခွင့်ပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်လာခြင်း ဖြစ်သည်။

ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဉ် (BEV) အမျိုးအစားများအတွက်  မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Build Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသောအကောက်ခွန်နှုန်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

လမ်းပေါ်တွင်မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ်၊ ယာဉ်မောင်းအပါအဝင် ၁၀ ဦး သို့မဟုတ် ၁ဝ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးတပ်ယာဉ် (လူစီး) ၊ သုံးဘီးတပ်ယာဉ် (ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ ထောင်ကား၊ နိဗ္ဗာန်ယာဉ်၊ လျှပ်စစ်သုံးယာဉ်များနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏  

တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့်လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ-အားသွင်းရုံဆိုင်ရာပစ္စည်းများ၊အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ) နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများ စသည်တို့အပေါ် အခွန်မကောက်ခံရန် ဆုံးဖြတ်ခြင်းလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ တင်သွင်းခွင့်ရှိမည်ဟု ကြေညာချက်က ဆိုသည်။ 



''စည်းကမ်းချက် ထုတ်ပြန်ခြင်း''

လျှပ်စစ်သုံးယာဉ်များ တင်သွင်းရန်အတွက် အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေး ဦး​​ဆောင်​ကော်မတီ​က ​ရွေးချယ်သတ်မှတ်ထားသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပ​ဒေနှင့်အညီ စိစစ်၍ ခွင့်ပြုမိန့်ထုတ်ပြန်​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်​ရေးဝန်ကြီးဌာနက ​ပြောကြားသည်။

“လက်ရှိမှာ ​ကော်မတီအ​နေနဲ့ သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ တင်သွင်းဖို့အတွက် လိုအပ်တဲ့ညွှန်ကြားချက်​တွေ ထုတ်ပြန်ဖို့​ဆောင်ရွက်​နေပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစား​ပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Promoted Sector) မှာ ထည့်သွင်းသတ်မှတ်နိုင်ရန် အမိန့်ကြေညာစာထုတ်ပြန်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု​ကော်မရှင်အားတင်ပြရန် ​ဆောင်ရွက်လျက်ရှိပါတယ်။ ဦး​ဆောင်​ကော်မတီမှ ​ရွေးချယ်သတ်မှတ်ထားတဲ့ကုမ္ပဏီများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပ​​​ဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့်ထုတ်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ​ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာ​စေ​ရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲဖို့အတွက် လိုအပ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ချမှတ်နိုင်​ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြုထုတ်ပြန်နိုင်ရန်အတွက် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဥက္ကဋ္ဌအဖြစ် ဦး​ဆောင်​သော အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေး ဦး​​ဆောင်ကော်မတီကို ဖွဲ့စည်းထား​ကြောင်း 

သိရသည်။

“ပြည်​ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားတဲ့ အ​ကောက်အခွန်နဲ့ ဝင်​ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု​ဥပ​ဒေနဲ့အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်း၊ ဦး​ဆောင်ကော်မတီ လမ်းညွှန်ချက်နဲ့အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ (ပုဂ္ဂလိက/အစိုးရပုဂ္ဂလိက ဖက်စပ်)နဲ့ သက်ဆိုင်ရာလုပ်ငန်း​ကော်မတီများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဒေသဆိုင်ရာအာဏာပိုင်များနဲ့​ ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ရန် စီစဉ်ထားရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်​ရေးဝန်ကြီးဌာနက ​ပြောကြားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေး ဦး​​ဆောင်​ကော်မတီ၏ လုပ်ငန်များ​ဆောင်ရွက်ရာတွင် အ​ထောက်အကူ​ပြုနိုင်ရန်အတွက် လုပ်ငန်း​ကော်မတီငါးခုကို ဖွဲ့စည်းထားရှိပြီး ယင်း​လုပ်ငန်း​ကော်မတီငါးခုအနက်မှ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်​​ရေးလုပ်ငန်း​ကော်မတီဥက္ကဋ္ဌအဖြစ် ယခင်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်​ရေးဝန်ကြီးဌာနက ​​ဆောင်ရွက်ခဲ့​သော်လည်း လက်ရှိတွင် စီးပွား​ရေးနှင့် ကူးသန်းရောင်းဝယ်​ရေးဝန်ကြီးဌာနက Focal ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

နောက်ပိုင်းတွင် လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေးသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

    

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပမှ လျှပ်စစ်သုံး မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။  

ထုတ်ပြန်ချက်တွင် ကော်မတီ၏သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

Pilot Project အတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်များ တင်သွင်းခြင်းအတွက် လိုက်နာရမည့်စည်းကမ်းများမှာ လျှပ်စစ်သုံးယာဉ် တင်သွင်းမည့်ကုမ္ပဏီသည် အရောင်းပြခန်း ဖွင့်လှစ်ခွင့်လက်မှတ်ရရှိထားခြင်းမရှိသေးပါက လိုက်နာရမည့်စည်းကမ်းချက်များကို သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

စည်းကမ်းချက်များအဖြစ် မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဟုလည်းကောင်း၊ တင်သွင်းမည့် လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ် Brand တစ်ခုစီအတွက် ရောင်းချသည့် ကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ် တင်ပြနိုင်သူ ဖြစ်ရမည်လည်းကောင်း ဖော်ပြထားသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ရရှိမည့်အပြင် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ခွင့်ပြုထားသည့် အစီးအရေအတွက်အတိုင်းသာ တင်သွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်သည့် အာမခံမှု၊ အပိုပစ္စည်းများ Spare Parts ရရှိနိုင်မှုနှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်ပြီး လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချမည့်ကုမ္ပဏီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုသည့်ဘဏ်တွင် မြန်မာ ကျပ်ငွေ သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟုလည်း ပါရှိသည်။ 

လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချ ခွင့်ရသည့်ကုမ္ပဏီသည် တင်သွင်းလာသော ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှပ်စစ်သုံးယာဉ်ဟူသော စကားရပ်တွင် လျှပ်စစ်သုံး လူစီးယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ အကျုံးဝင်ပြီး BEV – Battery Electronic Vehicle ယာဉ်များသာ ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  အကျိုးသက်ရောက်စေမည်ဖြစ်ပြီး သတ်မှတ်ချက်များကိုလည်း လိုအပ်ပါက ပြင်ဆင်ဆောင်ရွ

က်သွားမည်ဟု ဖော်ပြထားသည်။ 



''အလုပ် ဖြစ် မဖြစ်''

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးနေရချိန်တွင် လျှပ်စစ်ကားများကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စာရင်းစတင်ကောက်ယူမှုများရှိနေကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ 

မြို့တွင်းမောင်းနှင်နိုင်သည့် လျှပ်စစ်ကားတစ်စီးလျှင် ကျပ် သိန်း ၆၀၀ ကျော် သတ်မှတ်ပြီး စာရင်းစကောက်နေခြင်းဖြစ်ကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ 

လျှပ်စစ်ကားတစ်စီးလျှင် အချိန် ၄ နာရီမှ ၈ နာရီအထိ အားသွင်းရန်လိုအပ်သည့်အတွက် အလှည့်ကျလျှပ်စစ်မီးပေးစနစ်နှင့် အားသွင်းရန် အခြေခံအဆောက်အအုံမရှိခြင်းက ဝယ်ယူသူများအတွက် အဆင်မပြေနိုင်သေးကြောင်း ကားဝယ်ရောင်းလုပ်သူများက ဆိုသည်။ 

လျှပ်စစ်မီး ပုံမှန်မပေးနိုင်သေးသော်လည်း လျှပ်စစ်ကားများကို ကြိုပွိုင့်စနစ်ဖြင့် ရောင်းချရန် စာရင်းစတင်ကောက်ခံနေပြီဖြစ်သည့်အတွက် ဓာတ်ဆီနှင့် ဒီဇယ်စွမ်းအင်သုံးကားများထက် အလုပ်ဖြစ်မဖြစ်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ 

Most Read

Most Recent