ကိုလံဘီယာ၏ မူးယစ်ဆေးကုန်သွယ်မှုနောက်ကွယ်မှ မက္ကဆီကိုဂိုဏ်းများ

ကိုလံဘီယာ၏ မူးယစ်ဆေးကုန်သွယ်မှုနောက်ကွယ်မှ မက္ကဆီကိုဂိုဏ်းများ
Published 17 January 2023
Translate by ဇင်မျိုး

ရယ်စရာပုံစံဖြင့် ကိုလံဘီယာမူးယစ်ရာဇာ ပါဘလိုအက်စကိုဘာသည် ဦးထုပ်ဝိုင်းကြီး ဆောင်းထားပြီး သားရေဖြင့် လုပ်ထားသော ယမ်းခါးပတ်ကိုပတ်၍ လက်ထဲတွင် ရိုင်ဖယ်သေနတ်ကိုင်ကာ မက္ကဆီကိုတော်လှန်ရေးသူရဲကောင်းတစ်ဦးလို ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်လေ့ရှိသည်။

သို့ရာတွင် ကမ္ဘာ့အလိုရှိဆုံး မူးယစ်ဆေးဝါးရောင်းဝယ်သူအဖြစ် သူအထွတ်အထိပ် ရောက်ချိန်တုန်းက သွေးထွက်သံယိုများပြားစွာဖြင့် သူတည်ဆောက်ခဲ့သော မူးယစ်ဂိုဏ်းကို မက္ကဆီကန်သားများက လုပ်ကိုင်လိမ့်မည်ဟု သူမြင်ယောင်မိမည်မဟုတ်။ ထိုစဉ်က မက္ကဆီကန်သားများသည် ကိုလံဘီယာနိုင်ငံသားများအတွက် အဓိကမူးယစ်ဆေးမှောင်ခိုကူးသူများအဖြစ် လုပ်ကိုင်ခဲ့ကြသည်။

၁၉၈၀ ပြည့်နှစ်ကာလများနှင့် ၁၉၉၀ ပြည့်နှစ်ကာလများတွင် အမေရိကန်ပြည်ထောင်စုထံ တင်ပို့သည့် မှောင်ခိုလမ်းကြောင်းပေါ်က ခရီးတစ်ထောက်နားစရာဖြစ်ခဲ့သော မက္ကဆီကိုမူးယစ်ဂိုဏ်းများသည်ကား မူးယစ်ဆေးဝါးလုပ်ငန်းကို အဓိကအားဖြင့် လွှဲပြောင်းလုပ်ကိုင်ခဲ့ကြသည်။ သူတို့သည် ကိုလံဘီယာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းကို ငွေကြေးစိုက်ထုတ်လုပ်ကိုင်စေခဲ့ပြီး အလယ်အမေရိကမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ မူးယစ်ဆေးဝါးတင်ပို့မှုများကို ထိန်းချုပ်ခြင်းတို့ လုပ်လာသည်။

“လုပ်ငန်းရဲ့အကျိုးအမြတ်အများဆုံးရတဲ့အပိုင်းတွေကို ထိန်းချုပ်ထားတဲ့သူတွေ ပြောင်းလဲသွားတာကြောင့်  ပါ၀ါဟာ ကိုလံဘီယာသားတွေဆီကနေ မက္ကဆီကန်သားတွေထံကို ပြောင်းသွားပါတယ်” ဟု ဘိုဂိုတာမြို့ရှိ ပဋိပက္ခတုံ့ပြန်မှုများ ဖောင်ဒေးရှင်းမှ ပညာရှင်တစ်ဦးဖြစ်သော ကိုင်းဂျွန်ဆင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။

၁၉၈၀ ပြည့်နှစ်ကာလများတွင် ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် အက်စကိုဘာနှင့် ၎င်း၏ ကြောက်စရာကောင်းသော မက်ဒယ်ယင်းဂိုဏ်းတို့က ပြိုင်ဘက်ကာလီဂိုဏ်းနှင့်အတူ ကမ္ဘာ့ကိုကင်း တရားမဝင် ကူးသန်းမှုကို လွှမ်းမိုးချုပ်ကိုင်ထားသည်။ ၁၉၉၃ ခုနှစ်တွင် ရဲက အက်စကိုဘာကို ပစ်သတ်လိုက်ပြီးနောက် ကိုကင်းကုန်သွယ်မှုအား ကာလီဂိုဏ်းက တစ်ဖန်ထိန်းချုပ်ခဲ့သည်။

အမေရိက၏ နှစ်လေးဆယ်မူးယစ်စစ်ပွဲနောက်ပိုင်းတွင်ကား ကိုလံဘီယာသည် ကမ္ဘာ့အကြီးဆုံး ကိုကင်းထုတ်လုပ်ရာနိုင်ငံအဖြစ်ရှိနေပြီး အမေရိကန်ပြည်ထောင်စုမှာ ၎င်း၏အကြီးမားဆုံး စားသုံးသူအဖြစ် ရှိနေသည်။

ကိုလံဘီယာတွင် အမေရိကန်ဒေါ်လာ ၁,၀၀၀ အောက်စျေးဖြင့်သာ ရောင်းချသော ကိုကင်းတစ်ကီလိုဂရမ် (၂ ဒသမ ၂ ပေါင်)သည် အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၂၈,၀၀၀ အထိ စျေးရပြီး ဥရောပတွင် ဒေါ်လာ ၄၀,၀၀၀ ခန့်အထိ စျေးရသည်ဟု Insight Crime ဝက်ဘ်ဆိုက်၏ဖော်ပြချက်အရ သိရသည်။

အရေးပါအရာရောက်သူများ၏ ကျဆုံးမှုများဖြစ်သည့် ပထမဆုံးအက်စကိုဘာ ကျဆုံးမှုနှင့် ယင်းနောက် ကာလီဂိုဏ်းမှ ရိုဒရီဂိုအိုရီဟွေးလားညီနောင်၏ ကျဆုံးမှုတို့မှာ မရည်ရွယ်သော အကျိုးဆက်ကိုဖြစ်စေသည်။

ကိုလံဘီယာ မူးယစ်ဆေးဝါးမှောင်ခိုကူးသူများသည် ပိုမိုသေးငယ်သောအုပ်စုများအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြသည်။ ယင်းအုပ်စုငယ်များသည် ခြေရာခံရန်လည်းကောင်း၊ နှိမ်နင်းရန်လည်းကောင်း ပိုမိုခက်ခဲသည်။

အနိုင်မခံအရှုံးမပေးသူများ

အက်စကိုဘာနှင့် ကာလီဂိုဏ်းတို့၏ကျဆုံးမှုများက ဟာကွက်တစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။ မက္ကဆီကိုမူးယစ်ဂိုဏ်းများ အဆိုပါဟာကွက်ကို ဖြည့်စွက်ခဲ့ကြ၏။

“၁၉၉၀ ခုနှစ်ကာလတွေမှာ အလုပ်ခွဲလုပ်တာမျိုးရှိပါတယ်။ ကိုလံဘီယာသားတွေက ကိုကင်းကို ထုတ်လုပ်ပြီး ထုပ်ပိုးကြတယ်။ ထုပ်ပိုးထားတာတွေကို ပစိဖိတ်ကမ်းရိုးတန်းပေါ်က ဆိပ်ကမ်းတွေ ဒါမှမဟုတ် ကာရီဘီယံ ကမ်းရိုးတန်းပေါ်က ဆိပ်ကမ်းတွေထံ ရွှေ့ပြောင်းတယ်။ မက္ကဆီကို ဒါမှမဟုတ် အမေရိကန်ပြည်ထောင်စုထံ ရွှေ့ပြောင်းတာကို မက္ကဆီကန်သားတွေက လုပ်တာပါ” ဟု အငြိမ်းစားရဲချုပ် ဒုတိယသမ္မတဟောင်း အော်စကာနာရန်ဂျိုက အေအက်ဖ်ပီကို ပြောသည်။

ယနေ့တွင် မက္ကဆီကန်လူမျိုးများသည် မူးယစ်လုပ်ငန်း၏ အသွင်ပုံစံမျိုးစုံကို ချုပ်ကိုင်ထားကြပြီး ကိုကင်းကို ကိုလံဘီယာမှ အမေရိကန်သို့ စပိဘုတ်များဖြင့်သော်လည်းကောင်း၊ Semi-submersible  များဖြင့်သော်လည်းကောင်း တိုက်ရိုက်တင်ပို့သည်။

မက္ကဆီကန်သားများက အမေရိကန်စျေးကွက်ကို အဓိကထိန်းချုပ်ထားခြင်းနှင့်အတူ ကိုလံဘီယာအုပ်စုများမှာ ဥရောပကို အာရုံစိုက်မှု တိုးလာသည်။

လွန်ခဲ့သောသုံးနှစ်အတွင်းတွင် ကိုလံဘီယာနိုင်ငံမှ မူးယစ်ဆေးဝါးများသည် စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့ကို ကုန်သင်္ဘောများဖြင့် ပမာဏအများအပြား ရောက်လာကြသည်ဟု ကိုလံဘီယာမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ စေ့စပ်ညှိနှိုင်းရေးမှူး အက်စတီဘန်မယ်လိုက ပြောကြားသည်။

မက္ကဆီကန်လူမျိုး မူးယစ်မှောင်ခိုသမားများကို ကိုလံဘီယာတွင် အနိုင်မခံအရှုံးမပေးသူများဟု ခေါ်ကြောင်း မယ်လိုက ပြောသည်။

“ငွေကြေးစိုက်ထုတ်မှုအတွက် သူတို့ဟာ ထင်သာမြင်သာဖြစ်ဖို့ မလိုပါဘူး။ မှောင်ခိုလုပ်ငန်းအတွက် နယ်မြေအငြင်းပွားတာတွေမှာ သူတို့ မပါဝင်တာကြောင့် သူတို့ရဲ့နောက်မှာ လက်နက်ကိုင်အုပ်စုတစ်ခုလုံး မလိုအပ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ယနေ့တွင် ကိုလံဘီယာထောင်များ၌ မက္ကဆီကိုနိုင်ငံသား ၄၀ ခန့်ရှိနေသည်။ သူတို့သည် မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်မှု စွဲချက်များဖြင့် အကျဉ်းချခံထားရသည်ဟု ကိုလံဘီယာလူ့အခွင့်အရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အများစုမှာ မက္ကဆီကိုအင်အားကြီးမျိုး ဆက်သစ်ဂိုဏ်းများဖြစ်သည့် ဆီနာလိုအာဂိုဏ်းနှင့် ဂျာလစ်စကိုဂိုဏ်းတို့၏ လူများဖြစ်သည်ဟု ဆိုသည်။ သူတို့ထဲက အများစုကို ပစိဖိတ်၊ ကရေဘီယံ၊ ကိုလံဘီယာ-ဗင်နီဇွဲလားနယ်စပ်တို့မှတစ်ဆင့် ကိုကင်းတင်ပို့ရာ ဒေသများတွင် ဖမ်းဆီးမိခြင်းဖြစ်သည်။

ပိုမိုအင်အားကောင်း

“ဒီကနေ့ မက္ကဆီကိုမူးယစ်ဆေးဝါးဂိုဏ်းတွေဟာ ကိုကင်းစိုက်ပျိုးတာကနေ နယူးယောက်လမ်းတစ်လမ်းရဲ့ထောင့်မှာ ကိုကင်းရောင်းချတာအထိ အားလုံးကို ထိန်းချုပ်ထားပါတယ်” ဟု ဆီးနိတ်အမတ်ဟောင်းလည်းဖြစ် လက်ရှိကိုလံဘီယာသမ္မတလည်းဖြစ်သော ဂူစတာဗိုပီထရိုက ၂၀၁၉ ခုနှစ် သြဂုတ်လထဲတွင် ပြောကြားသည်။

အဆိုပါအုပ်စုများသည် အက်စကိုဘာ သို့မဟုတ် ရိုဒရီဂိုအိုရီဟွေးလားညီအစ်ကိုတို့ ဦးဆောင်သော အုပ်စုများထက် ပိုမိုအင်အားကောင်းသည်ဟု ကိုလံဘီယာသမ္မတက ပြောသည်။

မက္ကဆီကိုလုပ်ငန်းအဖွဲ့အစည်းများသည် ဖာ့စ်ပြောက်ကျားများ ယခင်ထိန်းချုပ်ထားသော မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများကို သိမ်းပိုက်ရန် ကိုလံဘီယာ လက်နက်ကိုင်အုပ်စုများအတွက် ကြောက်ခမန်းလိလိ များပြားသော ငွေကြေးကိုပင် စိုက်ထုတ်သုံးစွဲတတ်ကြသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။ ဖာ့စ်ပြောက်ကျားအဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် ကိုလံဘီယာအစိုးရနှင့်ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ လက်နက်စွန့်ခဲ့သော အဖွဲ့ဖြစ်သည်။

ကိုလံဘီယာ၏ ပထမဆုံးလက်ဝဲသမ္မတ ပီထရို၏ အစိုးရအဖွဲ့သစ်သည် တောင်အမေရိကတိုက်၏ နောက်ဆုံးကျန်နေသော ပြည်တွင်းရေးလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရည်မှန်းချက်ကြီးမားသော အစီအမံတစ်ရပ်ကို ချမှတ်ထားသည်။

ပီထရိုသည် ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးရာတွင် ဒဏ်ပေးခြင်းဆိုသည်ထက် ဆုပေးခြင်းကို အသုံးပြုလျက်ရှိသည်။ အကြမ်းဖက်မှုကို စွန့်လွှတ်သော အဖွဲ့အစည်းများ၊ မူးယစ်လုပ်ငန်းကို ငြိမ်းချမ်းစွာ ဖျက်သိမ်းသော အဖွဲ့အစည်းများကို အကျိုးအမြတ်များ ကမ်းလှမ်းထားရာထိုအထဲတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးမည်မဟုတ်ဟူသော ကမ်းလှမ်းချက်လည်း ပါဝင်သည်။

ကိုလံဘီယာမူးယစ်ဆေးအုပ်စုများမှာ အားနည်းသွားသည့်တိုင် ယင်းအုပ်စုများသည် ဆယ်စုနှစ်ခြောက်ခုကြာ ပြည်တွင်းရေး ပဋိပက္ခကြုံတွေ့ထားသည့် ကိုလံဘီယာနိုင်ငံကို ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးစေသော အုပ်စုများအဖြစ် ဆက်လက်တည်ရှိနေသည်။

လွန်ခဲ့သောနှစ်တွင် ကိုလံဘီယာ၏အကြီးဆုံးမူးယစ်ဆေးဝါးဂိုဏ်းဖြစ်သော Gulf Clan သည် အိုတိုနီရယ်ဟု သိထားသည့် ၎င်း၏ခေါင်းဆောင် ဒါရီယိုအန်တိုနီယိုအူဆူဂါကို မူးယစ်ဆေးမှောင်ခိုကုန်ကူးမှု စွဲချက်များဖြင့် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးသည့်အတွက် ပြင်းထန်သော လက်တုံ့ပြန်မှုကို လုပ်ဆောင်ခဲ့သည်။ Gulf Clan ဂိုဏ်း၏လက်တုံ့ပြန်မှုကြောင့် အရပ်သားသုံးဦး၊ စစ်သားသုံးဦး၊ ရဲနှစ်ဦး အသတ်ခံခဲ့ရသည်။

လက်နက်စွန့်ရန် ကမ်းလှမ်းချက်ကို ကိုလံဘီယာမူးယစ်ဆေးဝါးအဖွဲ့များက လက်ခံမည်ဆိုပါက ၁၉၇၁ ခုနှစ်တွင် အမေရိကန်က တစ်ကမ္ဘာလုံးမူးယစ်စစ်ပွဲ ဆင်နွှဲခဲ့ပြီးနောက်ပိုင်း မက္ကဆီကိုမူးယစ်ဂိုဏ်းများမှာ ကိုကင်းထုတ်လုပ်မှု၊ ကိုကင်းပို့ဆောင်မှုတို့နှင့်ပတ်သက်၍ အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်ရလိမ့်မည်ဟု ကိုလံဘီယာ အငြိမ်းစား စစ်အရာရှိများအသင်းက ဟောကိန်းထုတ်ထားသည်။

Ref:AFP

Most Read

Most Recent