မွန်ပြည်နယ်အစိုးရဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်းဖြစ်သူ ဗိုလ်မှူးကြီး( ငြိမ်း) ဦးဝင်းနိုင်ဦး ၏ နေအိမ်ရှေ့တွင် ဇန်ဝါရီ ၁၅ ရက် ည ၆ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
မုဒုံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဦးစံဖေလမ်းတွင် နေထိုင်သည့် ဦးဝင်းနိုင်ဦး ၏ နေအိမ်ရှေ့တွင် ယမန်နေ့ (ဇန်နဝါရီလ (၁၅) ရက်) ညပိုင်းက ပေါက်ကွဲသံကြားလိုက်ရကြောင်း နှင့် ထိုပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘူးဟု သိရကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောကြားသည်။
“ဦးဝင်းနိုင်ဦး အိမ်ရှေ့မိုင်းပေါက်ကွဲမှုမှာ လူထိခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် သူစီးလာတဲ့ကားတော့ အနည်းငယ် ထိသွားတယ်လို့တော့ ကြားရတယ်” ဟု ဒေသခံ တစ်ဦးက ဆက်လက်ပြောကြားသည်။
အဆိုပါ ဦးဝင်းနိုင်ဦး အိမ်အပြန်စောင့်၍ အိမ်ခြံဝအနီးတွင် အဝေးထိန်း (Remote Control) မိုင်းဖြင့် ဖေါက်ခွဲ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကြောင့် လူထိခိုက်မှုမရှိပဲ ၎င်းစီးလာသော ကား ထိခိုက်ပျက်ဆီးခဲ့ကြောင်း မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) မှ ၎င်းတို့အသုံးပြုသည့် လူမှုကွန်ယက်စာမျက်နှာပေါ် ထုတ်ပြန်ထားချက်အရ သိရသည်။
ဦးဝင်းနိုင်ဦး မှာ ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းအဖြစ် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၂) ခုနှစ် မေလ (၂၂) ရက် မွန်းလွဲပိုင်းကလည်း မုဒုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ မော်လမြိုင် - သံဖြူဇရပ်ကားလမ်းဘေးရှိ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း နှင့် မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအေင်မြင့် ၏ ကောင်းထက်ကွန်ပြူတာမိတ္တူဆိုင်အတွင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဦးမင်းအောင်မြင့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ မိတ္တူဆိုင်အတွင်းပိုင်းတွင်လည်း ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။















