လိမ်လည်မှုတွေ များလာပြီလား

လိမ်လည်မှုတွေ များလာပြီလား
လိမ်လည်နေသည့် ပေ့ချ်နှင့် အကောင့်အချို့ကို တွေ့ရစဉ်
လိမ်လည်နေသည့် ပေ့ချ်နှင့် အကောင့်အချို့ကို တွေ့ရစဉ်
Published 15 January 2023
ဇော်မင်းနိုင်

“ငွေချေးပေးမယ်။ စာရွက်စာ တမ်းကြေးတော့ သွင်းရမယ်ဆိုတာက စတယ်။ အရင်က ငွေစုငွေချေး ကုမ္ပဏီတွေကလာရင် စာရွက်စာတမ်းကြေးဆိုတာ မရှိဘူး။ ချေးမယ့်သူဆီကို တိုက်ရိုက်လာတာ။ ငွေချေးမယ့်သူရဲ့ လုပ်ငန်းလိုင်စင်၊ မိသားစု သန်းခေါင်စာရင်း ဘာညာ စစ်ပြီး တာနဲ့ ငွေချေးပေးတယ်။ အခုက အဲဒီလိုမဟုတ်တော့ မချေးတော့ဘူး ပြောလိုက်တယ်” ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခင်ကာလများက တရားဝင်  ငွေစုငွေချေးလုပ်ငန်း လုပ်ကိုင်သူများမှာ မည်သည့်စာရွက်စာတမ်း ကြေးမျှ ကြိုတင်တောင်းခံခြင်းမရှိဘဲ ငွေချေးမည့်သူ၏လုပ်ငန်း၊ နေထိုင်ရာနေရာ၊ အာမခံသူများရှိပါက ချေးငွေများကို အလွယ်တကူထုတ်ပေးခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တရားဝင်ငွေစုငွေချေးလုပ်ငန်းများ၏ အမှတ်တံဆိပ်များ၊ လိုဂိုများ၊ စာရွက်စာတမ်းများကို အတုပြုလုပ်ကာ ကုမ္ပဏီဝန်ထမ်းအယောင်ဆောင်ပြီး လိမ်လည်မှုများ ဖြစ်ပွားလာခဲ့သည်ဟု ငွေစုငွေချေးလုပ်ငန်း လုပ်ကိုင်သူအချို့က ပြောကြားသည်။

“တချို့က ငွေလာသိမ်းတဲ့အချိန်မှာ လိမ်တာတွေလည်းရှိတယ်။ ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ပြီး လုပ်တာတွေလည်းရှိတယ်။ ဝန်ထမ်းအယောင်ဆောင်ပြီး ငွေချေးထားတဲ့သူဆီက ယူသွားတာပေါ့” ဟု တရားဝင် ငွေစုငွေချေးကုမ္ပဏီတွင် လုပ်ကိုင်လျက်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကြောင့် တရားဝင်ငွေစု ငွေချေးကုမ္ပဏီအချို့က သတိပေးအကြောင်းကြားသည့်စာများကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၊ သတင်းစာများတွင် အသိပေးထားသည်ကို တွေ့ရသည်။

တရားဝင် အသေးစားငွေစုငွေချေးကုမ္ပဏီတစ်ခုဖြစ်သည့် Micro-finance Delta International ကုမ္ပဏီက ၎င်းတို့၏ ကုမ္ပဏီအမှတ်တံဆိပ်များကို အသုံးပြုပြီး မဟုတ်မမှန်သည့် စာရွက်စာတမ်းများဖြင့် ကုမ္ပဏီဝန်ထမ်းအယောင်ဆောင်၍ ချေးငွေပေးမည်ဟု လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီးဖြစ်စေ လိမ်လည်မှုများရှိနေသည်ကို သိရှိရသည်ဟု ကြေညာထားသည်။

ယင်းကြောင့် ငွေကြေးအရှုပ် အရှင်းများပေါ်ပေါက်လာပါက ကုမ္ပဏီနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း၊ လိမ်လည်သူများကို တွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း Micro-finance Delta International ကုမ္ပဏီက ထုတ်ပြန်ကြေညာထားသည်။

အလားတူ KB Microfinance Myanmar ကုမ္ပဏီကလည်း ၎င်းတို့ ၏ ကုမ္ပဏီအမှတ်တံဆိပ်ကို အတုအပပြုလုပ်ကာ လိမ်လည်မှုများရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ကုမ္ပဏီ၏ အမှတ်တံဆိပ်အတု ပြုလုပ်ကာ လိမ်လည်မှုများတွေ့ရှိပါက ကုမ္ပဏီသို့ တိုင်ကြားပေးရန် မေတ္တာရပ်ခံအပ်ကြောင်း၊ လိမ်လည်မှုများကို ကုမ္ပဏီကလည်း ရှာဖွေဖော်ထုတ်ပြီး တရားဥပဒေများနှင့်အညီတရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း KB Microfinance Myanmar ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယင်းသို့လိမ်လည်သူအများစုမှာ လူမှုကွန်ရက်စာမျက်နှာများကို အသုံးချပြီး လိမ်လည်မှုကို အများဆုံး ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“အဓိက လူမှုကွန်ရက်ကိုအသုံး ပြုတာများတယ်။ ပေ့ချ်တစ်ခုထောင်လိုက်တယ်။ ဘာငွေစုငွေချေးဆိုပြီး လုပ်တာပေါ့။ လူတွေက စိတ်ဝင်စားလို့ စုံစမ်းတာနဲ့ စလုပ်တာက အတိုးက ဘယ်လောက်၊ ဘာတွေလိုတယ် ပြောမယ်။ ပြီးတာနဲ့ ငွေချေးမယ်ဆို စာရွက်စာတမ်းဖိုး အရင်သွင်းရမယ်ဆိုတာက အရင်ဆုံးလုပ်ခိုင်းတယ်။ ကိုယ်က ပိုက်ဆံလွှဲလိုက်တာနဲ့ လိုင်းပေါ်မှာ ခြေရာဖျောက်သွားရော” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောကြားသည်။

လူမှုကွန်ရက်တွင် ယင်းသို့ တရားဝင်ငွေစုငွေချေးလုပ်ငန်းများ၏ အမည်များကို အလွဲသုံးစားပြုလုပ်ကာ လိမ်လည်မှုများရှိသကဲ့သို့ ပုဂ္ဂလိကဘဏ်များ၏ အမည်များကို အသုံးပြုကာ လိမ်လည်မှုများလည်း ရှိနေကြောင်း သိရသည်။

နာမည်ကြီး ပုဂ္ဂလိကဘဏ်များ ဖြစ်သည့် KBZ၊ ဧရာဝတီ၊ AGD အစရှိသည့်ဘဏ်များ၏ နာမည်ကို အသုံးပြုကာ ယင်းဝန်ထမ်းများ၏ ပုံများနှင့် အကောင့်ပြောင်းလဲခြင်းများကို ဝန်ဆောင်မှုပေးနေသည်ဟုဆိုကာ လိမ်လည်နေခြင်းဖြစ်သည်။

KBZ Pay Service Myanmar ဆိုသည့် ပေ့ချ်တစ်ခုတွင် K pay Level 2 မှ Special Account သို့ ပြောင်းလဲပေးသည်ဟုဆိုကာ ဆက်သွယ်နိုင်သည်ဟု ပေ့ချ်အတု ဖွင့်လှစ်ပြီး လူမှုကွန်ရက်တွင် ကြေညာကာ လိမ်လည်နေသည်ကို တွေ့ရသည်။

ယင်းပေ့ချ်သို့ ဆက်သွယ်ပြီး မိမိ၏ ဖုန်းနံပါတ်နှင့် K pay Password ပေးခြင်းများ ပြုလုပ်မည်ဆိုပါက မိမိအကောင့်ရှိငွေများကို လိမ်လည် ထုတ်ယူခံရနိုင်သည်ဟု သိရသည်။

အလားတူ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် AGD ဘဏ်၏ နာမည် ကိုအသုံးပြုကာ ချေးငွေများရယူနိုင်ကြောင်း ကြေညာကာ လုပ်ဆောင်နေခြင်းများလည်း ရှိနေသည်။

အဆိုပါအကောင့်မှာ AGD ဘဏ်၏ နာမည်ကိုယူပြီး စာလုံးပေါင်းကိုလည်း Agd ဟု အသုံးပြုထားပြီး ချေးငွေရယူသူများဟုဆိုကာ လူအချို့၏ ဓာတ်ပုံနှင့် မှတ်ပုံတင်များကို အသုံးပြုထားသည်ကို တွေ့ရသည်။

လိမ်လည်သူများက ဘဏ်ဝန်ထမ်းအယောင်ဆောင်၍ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို တောင်းခံမှုများရှိနေသဖြင့် ပုဂ္ဂလိကဘဏ်အချို့က သတိပေးချက်များ ထုတ်ပြန်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲအများဆုံးရှိပြီး လူအများဆုံးအသုံးပြုနေသည့် ဘဏ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကမ္ဘောဇဘဏ်က ဘဏ်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်အချက်အလက်များ တောင်းခံခြင်းကို သတိထားရှောင်ရှားပါဟုဆိုကာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါသတိပေးထုတ်ပြန်ချက်တွင် “ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် Customer များထံ ဖုန်းဆက်၍ i/m banking username နှင့် Password၊ OTP code၊ Credit/Debit Card  နံပါတ်၊ သက်တမ်းကုန်ဆုံးရက်နှင့် CVC နံပါတ်ကဲ့သို့ ဘဏ်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို မည်သည့်အခါမျှ တောင်းခံမည်မဟုတ်ပါ။ သို့ပါသောကြောင့် မသမာသူများက ဝန်ထမ်းအယောင်ဆောင်ပြီး ဖုန်းဆက်ခြင်း၊ SMS နှင့် Social Media Channel များမှတစ်ဆင့် အချက်အလက်များ တောင်းယူခြင်းများရှိပါက Customer များအနေဖြင့် မပေးမိစေရန် အသိပေးအပ်ပါသည်။ ကမ္ဘောဇဘဏ်ဝန်ထမ်းများအနေဖြင့် Customer များ၏ mbanking password နှင့် OTP code များအား လုံးဝ တောင်းဆိုမည် မဟုတ်ပါ။ တစ်စုံတစ်ရာ သံသယရှိပါက နီးစပ်ရာ ဘဏ်ခွဲ သို့မဟုတ် ပိတ်ရက်မရှိ ခေါ် ဆိုနိုင်သည့် Call Canter ၀၉၉၅၁၀၁၈၅၅၅ နှင့် ၈၅၅၅ သို့ ဆက်သွယ် အတည်ပြုပါ” ဟု ထုတ်ပြန်ရေးသား ထားသည်။

အလားတူ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်ကလည်း “CB Bank Customer ကြီးများထံသို့ ဘဏ် အဖြစ်အယောင်ဆောင်ပြီး E-Mail နှင့် SMS Message များမှတစ်ဆင့် Link ပေးပို့၍ အချက်အလက်များ ဖြည့်စွက်ပေးရန် တောင်းဆိုလာပါက လုံးဝမဖြည့်ပေးမိရန် သတိပြုပါ။ ထိုသို့ကြုံတွေ့ရပါက CB Bank ၏ တရားဝင် Contact Centerဖုန်း နံပါတ်+၉၅၁ ၂၃၁ ၇၇၇၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်” ဟု ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ဧရာဝတီဘဏ်ကလည်း Online/Offline ကနေ မသမာတဲ့ နည်းလမ်းပေါင်းစုံနှင့် သူတစ်ပါးရဲ့ ကိုယ်ရေးသတင်းအချက်အလက်တွေကို ချဉ်းကပ်ရယူပြီး အလွဲသုံး စားပြုမှုများဖြစ်လာနိုင်ကြောင်း၊ ယင်းကြောင့် မိတ်ဆွေများ၏ ဘဏ်ကတ်များ၊ ကတ်၏ PIN နံပါတ်များ၊ ငွေစာရင်းအကောင့်နံပါတ်များ၊ Username၊ လျှို့ဝှက်နံပါတ်ဖြစ်သော Password၊ OTP၊  iBanking၊ m-Banking တို့နှင့် ချိတ်ဆက်ထားသော ဖုန်းနံပါတ်များကို သေချာစွာ ထိန်းသိမ်းထားရန်နှင့် မျှဝေသုံးစွဲခြင်း၊ တခြားသူများအား အသိပေးခြင်းများ လုံးဝမပြုလုပ်သင့်ကြောင်း၊ ကတ်များ၊ ဘဏ်စာအုပ်များ၊ ချက်လက်မှတ်များ ပျောက်ဆုံး၊ ပျက်စီး၊ ခိုးယူခံရပါက ဧရာဝတီဘဏ်၏ Hot Line ဖုန်းနံပါတ် (၀၁-၂၃၁၇ ၇၇၇) (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲများကို ချက်ချင်းအကြောင်းကြား အသိပေးပြီး လိုအပ်သည့်လုပ်ဆောင်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဲဒီအကောင့်တွေကို စမ်းပြီး မေးလိုက်တော့ ကိုယ်နဲ့ဆိုင်တဲ့ဘဏ်အချက်အလက်တွေ လှမ်းတောင်းတာက စတယ်။ လိမ်နေမှန်းသိလို့ ဆဲပစ်လိုက်တယ်” ဟု KBZ Pay Service Myanmar ဆိုသည့် ပေ့ချ်သို့ ဆက်သွယ်ခဲ့သူတစ်ဦးက ပြောသည်။

“ကိုယ့်အချက်အလက်တွေပါ ပြီဆိုတာနဲ့ ဘယ်လိုမှ မလုံခြုံတော့ဘူး။ ဘဏ်စာအုပ်ထဲကငွေ၊ Kpay ထဲကငွေ အကုန်ကုန်သွားမယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကိုဗစ်ကူးစက်မှုပြင်းထန်သည့် ကာလများက အောက်ဆီဂျင်အိုးများ ရောင်းချခြင်းနှင့် ပတ်သက်ပြီး လိမ်လည်မှုများလည်းရှိခဲ့သည်။

“အဲဒီတုန်းက အောက်ဆီဂျင်အိုးကလည်း ရှားတော့ လူတွေအကုန်လုံးက လိုက်ဝယ်နေကြရတယ်။ အွန်လိုင်းမှာ လိမ်တဲ့သူတွေက ၁၀ လီတာအိုးတွေ ၂၀ လီတာအိုးတွေ ရမယ်ဆိုပြီး ပုံတွေနဲ့ တင်တယ်။ ပုံတွေက ဘယ်ကပုံတွေမှန်းလဲ မသိဘူး။ ပုံတွေအောက်မှာ ဝယ်တာတန်တယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး အကောင့်တွေနဲ့ လိုက်မန့်တယ်။ တကယ်လိုတဲ့သူတစ်ယောက်က မေးပြီဆို ကားနဲ့ပို့ပေးတယ်။ စရန်ပေးရမယ် ဘာညာဆိုပြီး စလိမ်တာ။ ဝယ်မယ့်သူက ငွေကြိုလွှဲလိုက်ပြီဆိုတာနဲ့ လိမ်သွားရော။ အဲဒီပုံစံတွေနဲ့ အလိမ်ခံရတဲ့သူတွေ အဲဒီကာလတုန်းက တော်တော်များတယ်” ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူမှုကွန်ရက်သုံးစွဲမှု မတွင်ကျယ်မီကာလများက လိမ်လည်မှုရှိခဲ့ပြီး လူမှုကွန်ရက်သုံးစွဲမှု များလာသည့် ကာလများတွင် အွန်လိုင်းပေါ်မှ လိမ်လည်မှုများမှာ ပိုမိုများပြားလာခဲ့သည်။

နယ်စပ်တွင် ဆိုင်ကယ်အရောင်း အဝယ်ဆိုင် ဖွင့်လှစ်ထားသည်ဆိုကာ လိမ်လည်ခြင်းများ၊ လူသုံးကုန်ပစ္စည်းဆိုင် ဖွင့်လှစ်ပေးမည်ဆိုကာ လိမ်လည်ခြင်းများလည်း ရှိနေသည်ဟု လူမှုကွန်ရက်သုံးစွဲသူအချို့က ပြောကြားသည်။

“ဥပမာ မြို့တစ်မြို့မှာ ဆိုင် ကယ်ဆိုင် ဖွင့်ထားတယ်ဆိုပြီး လူမှုကွန်ရက်မှာ ဆိုင်ကယ်အသစ်ပုံတွေ တင်တယ်။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းက အဲဒီမြို့မှာရှိလို့ လှမ်းစုံစမ်းလိုက်ရင် အဲဒီမှာ ဆိုင်မရှိဘူး။ လူနေအိမ်ပဲရှိတယ်။ နေတဲ့သူတွေကလည်း သူတို့လိပ်စာနဲ့ လိမ်နေတာကို မသိကြဘူး။ အဲဒါမျိုးတွေ ခဏခဏကြုံရတယ်။ များသောအားဖြင့် နယ်မြို့တွေမှာ ဖွင့်ထားတာဆိုပြီး လိမ်နေကြတာ။ ငွေလှမ်းလွှဲလိုက်တာနဲ့ တစ်ခါတည်းအစဖျောက်ပြီး လိမ်သွားတာတွေ အများကြီးပဲရှိတယ် ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ပြောကြားသည်။

လူနေမှုစရိတ်များကြီးမြင့်လာခြင်း၊ အလုပ်အကိုင်ရှားပါးလာခြင်းများအပြင် တရားဥပဒေစိုးမိုးမှုလျော့နည်းလာပါက လိမ်လည်မှုများမှာ ပိုမိုများပြားလာမည်ဖြစ်သည်။

“အွန်လိုင်းပေါ်မှာ အယုံမလွယ်မှပဲ အလိမ်မခံရမှာပဲ။ အခုနောက်ပိုင်း များသောအားဖြင့်က အွန်လိုင်းကနေတစ်ဆင့် လိမ်လည်တာက ပိုများလာတော့ သတိထားသုံးစေချင်တယ်”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက အကြုံပြုပြောကြားသည်။  

Most Read

Most Recent