ဘာသာရေးကိုအလွဲသုံးစားပြုပြီး နိုင်ငံသားများအချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေမှုများကို သတိပြုကာကွယ်ရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကတ်သလစ်ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွား မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပရာ နစကဥက္ကဋ္ဌတက်ရောက်၍ ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး လေးခုအဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့ကို သတ်မှတ်ထားကြကြောင်း၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာ ကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်ပြပေးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဘာသာတရားများ၏ ညွှန်ပြမှုအဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ် တည်ရှိနေမည်မှာ ဧကန်မလွဲဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဘာသာကြီး လေးခုအပြင် အခြားသောဘာသာများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြုထားသည့်ဘာသာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာဆောင်ရွက်နိုင်သော အခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်”ဟု ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှု ရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသောဘာသာဝင်များသည် ရှေးနှစ်ပေါင်း ပဝေသဏီထဲကပင် အတူတကွနေထိုင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မည်သည့်ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်း မရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားနှင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကိုအလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း၏အကြားတွင် စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ ပြိုကွဲအောင်လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြုကာကွယ်ရန် လိုအပ်သည်ကိုလည်း ပြောကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာ ဂိုဏ်းပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့် ဘာသာပေါင်းစုံက အကြီးအကဲများအနေဖြင့်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေး အတွက် မိမိတို့တတ်နိုင်သည့်ဘက်က တတ်နိုင်သမျှနည်းလမ်းများနှင့် အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အမျိုးသားရေးမျှော်မှန်းချက် (၂) ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံပေါများရေးတို့ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဘာသာသာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း”ဖြစ်သည့်အတွက် တိုင်းပြည်သာယာဝပြောရေးအတွက် မိမိဆန္ဒပြုသည့် ငြိမ်းချမ်းရေးနှင့်အတူ လူသားအားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံ တိုက်တွန်းလိုပါကြောင်း၊ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကိုရစေမည်ဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံပေါများခြင်းသည်လည်း တိုင်းပြည်သာယာဝပြောခြင်းကို တိုက်ရိုက်အထောက်အကူပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံအဝှမ်းရှိ ရဟန်းရှင်လူအားလုံးကိုယ်စီ ထိန်းသိမ်းကြိုးစားလုပ်ဆောင်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၂ ခုနှစ်အတွက်ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံ၌ အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ရေးဆိုသည့် ကောင်းမြတ်သောအခွင့်အရေးများကို နိုင်ငံသားများအားလုံးရရှိနိုင်အောင် ၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။















