လွန်ခဲ့သည့်ဆယ်နှစ်က ဒေလီမြို့တွင် ဘတ်စ်ကားတစ်စီးပေါ် မိန်းကလေးတစ်ဦး ရက်ရက်စက်စက် အုပ်စုဖွဲ့အဓမ္မကျင့်သတ်ဖြတ်ခံရမှုသည် ကမ္ဘာကိုတုန်လှုပ်စေခဲ့ပြီး အိန္ဒိယနိုင်ငံတွင် လိင်အကြမ်းဖက်မှုမြင့်မားနေခြင်းကို မီးမောင်းထိုးပြခဲ့သည်။
လူမဆန်သူများ၏ သားကောင်ဖြစ်ခဲ့ရသည့် အသက် ၂၃ နှစ်အရွယ်ကျောင်းသူ ဂျိုတီဆင်းသည် ယောကျ်ားလေးသူငယ်ချင်းတစ်ဦးနှင့်အတူ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်းက ဘတ်စ်ကားတစ်စီးကို စီးလာသည်။ ရက်စက်စွာအကြမ်းဖက်ခံရပြီး လမ်းဘေးတွင်ပစ်ချခံခဲ့ရသည့်တိုင် ဂျိုတီသည် ပြစ်မှုကျူးလွန်သူများ မည်သူမည်ဝါဆိုသည်ကို ပြန်ပြောပြနိုင်သည်အထိ ဆေးရုံတွင် အသက်ရှင်ခဲ့သေးသဖြင့် “Nirbhaya-ရဲရင့်သူ” ဆိုသည့် အမည်ကို ရခဲ့သည်။
သို့သော်ဂျိုတီသည် ၁၃ ရက်အကြာတွင် စင်ကာပူဆေးရုံတစ်ရုံ၌ ကွယ်လွန်သွားသည်။ ၎င်းဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ အကြီးအကျယ်ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်များက အမျိုးသမီးများကို အကာအကွယ်ပေးရန် ပိုကြိုးစားပါမည်ဆိုသည့် ကတိများပေးခဲ့ရသည်။
ကျူးလွန်သူခြောက်ဦးအနက် ထောင်ထဲတွင်တစ်ဦးသေ၊ နောက်တစ်ဦးက အသက်မပြည့်သူဖြစ်ကာ ကျန်လေးဦးက ၂၀၂၀ ပြည့်နှစ်တွင် ကြိုးပေးခံရသည်။ သို့သော် ထိုဖြစ်ရပ်ဖြစ်ပြီး ၁၀ စုနှစ်တစ်စုကုန်လွန်ခဲ့ပြီးသည့်တိုင် လူဦးရေသန်း ၂၀ နေထိုင်ရာ မြို့တော်ဒေလီတွင် အမျိုးသမီးအများစုက ညဘက်အပြင်ထွက်ရန် စိုးရွံ့နေကြဆဲဖြစ်သည်။
■မိခင်တစ်ဦး၏ရဲရင့်မှု
မုဒိမ်းမှုများအတွက် တရားမျှတမှုကို တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို မေ့ထား၍မရပေ။ ၎င်းမှာ အသတ်ခံရသူ ဂျိုတီဆင်း၏မိခင် အာရှာဒေဗီဖြစ်သည်။
အာရှာသည် သမီးဖြစ်သူအတွက် အမှတ်တရရည်စူးကာ လိင်အကြမ်းဖက်ခံရသူများကို အကူအညီပေးသည့် Nirbhaya Jyoti Trust ဆိုသည့်အဖွဲ့ကို ထူထောင်ခဲ့သည်။
အိန္ဒိယဥပဒေအရ အဓမ္မကျင့်ခံရသူနှင့် ၎င်း၏မိသားစုဝင်များကို အမည်လျှို့ဝှက်ထားရသော်လည်း အာရှာသည် သမီးဖြစ်သူ၏နာမည်ကို ၂၀၁၅ ခုနှစ်တွင် လူသိရှင်ကြား ကြေညာရန် ဆုံးဖြတ်ခဲ့သည်။
ရှက်သင့်သူမှာ စက်ဆုပ်ဖွယ်ပြစ်မှုကို ကျူးလွန်သူများသာဖြစ်ပြီး ကျူးလွန်ခံရသူ၏မိသားစုက ရှက်ရမည်မဟုတ်ဟုလည်း အာရှာက ဆိုသည်။
အာရှာဒေဗီသည် သမီးဖြစ်သူအတွက်သာ တိုက်ပွဲဝင်ပေးခဲ့သူမဟုတ်ဘဲ ဘဝပျက်ခဲ့ရသည့်အမျိုးသမီးများအတွက် အားကိုးအားထားတစ်ခုလည်း ဖြစ်လာခဲ့သည်။ “သမီးလေးဟာ သူအသက်ရှိနေသေးတဲ့ ၁၂-၁၃ ရက်အတွင်းမှာ သိပ်နာကျင်နေခဲ့တယ်။ လူတစ်ဦးက နောက်လူတစ်ဦးကို ဘာလို့များဒီလိုလုပ်ရက်တာပါလိမ့်။ အသက်ရှူဖို့တောင် သမီးခမျာ မနည်းကြိုးစားရတယ်” ဟု မိခင်အာရှာက ဒေလီရှိ ၎င်း၏အိမ်မှ AFP သို့ပြောသည်။
■ပြောင်းလဲမှုအချို့
ဒေလီဖြစ်ရပ်အပြီး အာရှာသည် အမျိုးသမီးများလုံခြုံဘေးကင်းရေးအတွက် အထင်ကရလှုပ်ရှားသူဖြစ်လာပြီး ကျူးလွန်ခံရသူများ၏ မိသားစုဝင်များအား ဆွေးနွေးအကြံပေးခြင်း၊ ဥပဒေရေးရာကိစ္စများတွင် ကူညီပေးခြင်းတို့ဖြင့် တရားမျှတမှုကို တိုက်ယူပေးသည်။ သမီးလေးကြုံခဲ့ရတဲ့အဖြစ်ဆိုးက ပေးလိုက်တာဟု အသက် ၅၇ နှစ်အရွယ် အာရှာက သမီးဖြစ်သူ၏အမှတ်တရပစ္စည်းများပြည့်နေသည့် မှန်ဗီရိုဘေးတွင် ထိုင်လျက်ပြောသည်။
ဖိအားများကြောင့် အိန္ဒိယအစိုးရက မုဒိမ်းမှုကျူးလွန်သူများအတွက် ကြီးလေးသည့်ပြစ်ဒဏ်များ၊ ထပ်တလဲလဲကျူးလွန်သူများကိုမူ သေဒဏ်ပေးခြင်းများ လုပ်ဆောင်လာပြီး မုဒိမ်းမှုတိုင်ကြားချက်များကို မှတ်တမ်းတင်ရန် ပျက်ကွက်သည့် အရာရှိများကိုပါ အရေးယူလာသည်။ လမ်းများတွင်လည်း CCTV ကင်မရာများနှင့် လမ်းမီးများ ပိုမိုတပ်ဆင်လာပြီး ကျူးလွန်ခံရသူများအတွက် ဥပဒေနှင့်ကျန်းမာရေးဆိုင်ရာ အကူအညီပေးမည့်စင်တာများ ဖွင့်ပေးထားသည်။
သို့သော် အချို့အရာများက မပြောင်းလဲသေးဟု အာရှာကဆိုသည်။ “တစ်ကယ်လို့ အဲဒီိကိစ္စတစ်ခုဖြစ်ပြီဆိုရင် မိဘ ဒါမှမဟုတ် ကျူးလွန်ခံရသူမိန်းကလေးကိုပဲ လက်ညှိုးထိုးကြတယ်။ ယောက်ျားလေးဘက်ကို မပြောကြဘူး။ ဒီမိန်းကလေးက ဘာလို့ညဘက် အပြင်ထွက်သလဲပေါ့။ ဒီလိုကြောက်စရာကိစ္စတွေအများကြီး ဖြစ်နေသေးတယ်။ ဥပဒေကို မကြောက်ကြဘူးထင်တယ်” ဟု ၎င်းကပြောသည်။ အိန္ဒိယတွင် ပြီးခဲ့သည့်နှစ်က မုဒိမ်းမှု ၃၁၆၇၇ မှုစာရင်းရှိခဲ့ပြီး ပျမ်းမျှတစ်နေ့လျှင် ၈၆ မှုနှုန်းဖြစ်သည်ဟု တရားဝင်ပြစ်မှုဆိုင်ရာ စာရင်းဇယားများတွင် ဖော်ပြသည်။ ၂၀၂၀ ခုနှစ်နှင့်ယှဉ်လျှင် ၁၃ ရာခိုင်နှုန်းနီးပါးမြင့်တက်လာခြင်းဖြစ်သည်။
■မှားယွင်းနေသည့်အတွေးအခေါ်များ
ယောကျာ်းသားများကြီးစိုးသည့် လူ့အဖွဲ့အစည်းရှိရာ အိန္ဒိယတွင် သတို့သမီးက သတို့သားကို တင်တောင်းရသည့် စွဲမြဲနေသည့် ဓလေ့ကြောင့် သမီးမိန်းကလေးများကို ဝန်ထုပ်သဖွယ်မှတ်ယူလေ့ရှိပြီး အိန္ဒိယပြည်သူ ၇၀ ရာခိုင်နှုန်းနေထိုင်ရာ ကျေးလက်ဒေသများတွင် ထိုပြဿနာကပိုဆိုးသည်။
ထိုသို့သောနေရာများတွင် များသောအားဖြင့် ဂျင်းထည်ဝတ်ပြီး မိုဘိုင်းဖုန်းကိုင်သည့် သို့မဟုတ် ချစ်သူရည်းစားများနှင့် အပြင်ထွက်သည့် မိန်းကလေးများကို အထိန်းအကွပ်မရှိသူများအဖြစ် မြင်တတ်ကြပြီး အထူးသဖြင့် ဇာတ်နိမ့်ဟိန္ဒူမိန်းကလေးများ၊ အမျိုးသမီးများ၏ဘဝက အန္တရာယ်များသည်။
အမျိုးသားများကကြီးစိုးပြီး အမျိုးသမီးများကမူ ငွေကြေးဝန်ထုပ်ဝန်ပိုးသဖွယ် သတ်မှတ်ခံရသည့်အတွက် အိမ်ထောင်ချပေးသည်က များသည်။ “အရင်ဆုံး လူ့အဖွဲ့အစည်းနဲ့ မိသားစုတွေထဲမှာကို ပြောင်းလဲရမယ်။ သမီးဟာ သမီးပဲ၊ ဘာဝန်ထုပ်ဝန်ပိုးမှမဟုတ်ဘူး” ဟု အာရှာကပြောသည်။
ဂျိုတီဆင်း၏အမှုကိုကိုင်သည့် စစ်ဆေးရေးမှူးချုပ်က အမျိုးသမီးပင်ဖြစ်ပြီး ဂျိုတီမဆုံးမီ ဆေးရုံသို့သွားရောက်မေးမြန်းခဲ့သေးသည်။ ၎င်းတွင် အချိန်သိပ်မကျန်တော့သည်ကို ဂျိုတီကသိနေသည်ဟု ယခုအသက် ၅၀ ရှိပြီဖြစ်သည့် ချာယာရှာမာက ပြောသည်။ ရှာမာအဆိုအရ ပြစ်မှုကျူးလွန်သူများကို အလွတ်မပေးရန် ဂျိုတီကတောင်းဆိုခဲ့ပြီး နာကျင်ခံစားနေရသည့်တိုင် ဂျိုတီ၏ပြောဟန်သည် ယုံကြည်မှုရှိနေခဲ့၊ တရားခံများဖမ်းမိရမည်ဆိုသည့်ဆုံးဖြတ်ချက် ခိုင်မာနေခဲ့သည်။
ဒေလီအရှေ့ပိုင်းနယ်၏ ပူးတွဲရဲမင်းကြီးဖြစ်လာသူ ရှာမာသည် ဂျိုတီ၏မိခင်ကိုဖက်ကာ အမှုမှန်ပေါ်စေရမည်ဟု ကတိပေးခဲ့သည်။ တရားခံများကိုဖမ်းမိစဉ်က နောင်တရသည့်ပုံမပြကြဘဲ၊ မည်သို့မျှမခံစားရဘဲ ပြစ်မှုတစ်ခုကို ပေါ့ပေါ့ပါးပါးကျူးလွန်လိုက်ကြပုံရှိပြီး ထိုအချက်က ရွံစရာအကောင်းဆုံးဖြစ်သည်။ ထိုအမှုသည်အရေးကြီးပြီး လိင်အကြမ်းဖက်မှုက အဓိကပြဿနာတစ်ရပ်ဖြစ်နေဆဲဖြစ်သည့် ဒေလီကို မုဒိမ်းမှုမြို့တော်အဖြစ် မမြင်လာသင့်ဟု ရှာမာကပြောသည်။
■ကျူးလွန်သူအများစုက သိကျွမ်းသူများဖြစ်နေ
အိန္ဒိယအစိုးရ၏ပြစ်မှုအချက်အလက်များအရ မုဒိမ်းမှုဖြစ်စဉ်အားလုံး၏ ၉၅ ရာခိုင်နှုန်းကျော်တွင် ကျူးလွန်သူများသည် ကျူးလွန်ခံရသူနှင့် သိကျွမ်းသူများဖြစ်ပြီး ဆွေမျိုး၊ သူငယ်ချင်း၊ အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေတတ်သည်။
ထိုသို့ရင်းနှီးသူများ၏ယုတ်မာမှုကို ပန်ဂတ်ဆိုသည့်အမျိုးသားတစ်ဦး (အမည်ရင်းမဟုတ်) ၏ ၁၃ နှစ်အရွယ်ညီမက ကြုံခဲ့ရသည်။ ညီမဖြစ်သူသည် အိမ်အနီးရှိ လယ်ကွင်းတစ်ခုတွင် အဓမ္မကျင့်အသတ်ခံခဲ့ရပြီး ဓားဒဏ်ရာများစွာဖြင့် လည်ပင်းတွင်ဝါးတုတ် စိုက်ဝင်နေသည့် မမြင်ရက်စရာအလောင်းကို အစ်ကိုဖြစ်သူကပင် တွေ့ခဲ့သည်။
ပန်ဂတ်ညီမဖြစ်ရပ်သည် ဂျီုတီဆင်းဖြစ်ရပ်မတိုင်မီ နိုင်ငံအရှေ့ပိုင်းဆင်းရဲသည့် ပြည်နယ်တစ်ခုတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းသတင်းစာများတွင်သာပါခဲ့ကာ နိုင်ငံတကာအထိ ဟိုးလေးတကျော်မဖြစ်လိုက်ပေ။ တရားမျှတမှုကို တောင်းဆိုဆန္ဒပြမှုများလည်း မရှိခဲ့ပေ။
ဂျိုတီဆင်းအမှုတွင် ကျူးလွန်သူများက လူစိမ်းများဖြစ်ပြီး ပန်ဂတ်ညီမအမှုတွင်မူ အမှန်တရားကခါးသီးလွန်းသည်ထက်ပိုသည်။ အဖမ်းခံရသူလေးဦးစလုံးသည် ထိုမိန်းကလေးနှင့် ရင်းနှီးသူများဖြစ်ပြီး အိမ်နီးချင်းတစ်ဦးလည်းပါသည်။ ကျူရှင်ပြပေးသည့် ကျောင်းဆရာတစ်ဦးလည်း ပါသည်။
“ကျောင်းဆရာကို ရဲတွေလာဖမ်းတော့ မှားဖမ်းတာလို့ ကျွန်တော်ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ဆရာဆိုတာက သူ့တပည့်တွေ လေးစားရတဲ့သူကိုး။ အပြစ်ကိုဝန်ခံပြီး အခင်းဖြစ်စဉ်ကသုံးခဲ့တဲ့ဓားကို ပြန်ရှာပေးတော့မှ ကျွန်တော်ယုံတော့တာ” ဟု ပန်ဂတ်ကပြောသည်။
တရားခံများကို ၂၀၁၆ ခုနှစ်တွင် သေဒဏ်ပေးခဲ့သော်လည်း ၎င်းတို့၏အယူခံကြောင့် တရားရုံးချုပ်က ၂၀၂၁ ခုနှစ်တွင် ထိတ်လန့်စရာအမှုဖြစ်သော်လည်း တရားလိုဘက်က သက်သေမပြနိုင်သည့်အတွက်ကြောင့်ဆိုကာ တရားခံများကို တရားသေလွှတ်ပေးခဲ့သည်။ Ref:AFP










