အမေရိကန်သမ္မတခုနစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သည့်တိုင် အီလွန်မတ်စ်၏ပစ်မှတ်ဖြစ်လာသူ 

အမေရိကန်သမ္မတခုနစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သည့်တိုင် အီလွန်မတ်စ်၏ပစ်မှတ်ဖြစ်လာသူ 
Photo: Yahoo News
Photo: Yahoo News
Published 16 December 2022
TRANSLATED BY- ခက်ဝေ

အလုပ်တာဝန်များမှ အနားယူတော့မည့်ဆဲဆဲ ဒေါက်တာအန်သနီဖောင်ချီအတွက် အမေရိကန်၏ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး ချွတ်ယွင်းချက်များစွာကို အပြစ်တင်ထောက် ပြကာ နိုင်ငံရေးတိုက်ခိုက်မှုများပြုလုပ်တတ်သည့် အတိုက်အခံများထဲတွင် နောက်ထပ်တစ်ဦး တိုးလာခဲ့သည်။

၎င်းမှာ ယခုနောက်ပိုင်း သတင်းခေါင်းစီးများတွင် မကြာခဏပါလာတတ်သူ တက် စလာလျှပ်စစ်ကားကုမ္ပဏီစီအီးအို၊ SpaceX လုပ်ငန်းတည်ထောင်သူ ၊ တွစ်တာလူမှုကွန်ရက်ပိုင်ရှင်သစ် အီလွန်မတ်စ်ပင်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားများထဲမှတစ်ဦးဖြစ်သည့် အီလွန်မတ်စ်သည် ဖော်လိုဝါ ၁၂၁ သန်းရှိရာ ၎င်း၏တွစ်တာအကောင့်မှတစ်ဆင့် ကူးစက်ရောဂါဆိုင်ရာကျွမ်းကျင် ပညာရှင်ဒေါက်တာဖောင်ချီကို လွန်လွန် ကျူးကျူးဝေဖန်ထိုးနှက်နေသဖြင့် အိမ်ဖြူတော်ကပင် ရှုတ်ချခဲ့သည်။

အန်သနီဖောင်ချီကို တရားစွဲဆိုရန် တိုက်တွန်းထားသည့်မှတ်ချက်ကို မတ်စ်ကဒီဇင်ဘာ ၁၁ ရက်တွင် တင်လိုက်ပြီးနောက် တစ်ရက်မှာပင် အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအရာရှိ ကရင်းယန်ပီယယ်၏ တုံ့ပြန်ချက်ထွက်လာပြီး အီလွန်မတ်စ်၏မှတ်ချက်များသည် စက်ဆုပ်စရာကောင်းကာ အမှန်တရားနှင့်ကင်းကွာနေကြောင်း၊ အစိုးရကျန်း မာရေးအရာရှိများကို ထိုသို့တိုက်ခိုက်ခြင်း မျိုးသည်အလွန်အန္တရာယ်ကြီးကြောင်း ရှုတ်ချပြောခဲ့သည်။

ဖောင်ချီသည် ရော်နယ်ရေဂင်လက်ထက်မှစတင်ကာ သမ္မတခုနစ်ဆက် တာဝန်ထမ်းဆောင်လာသူဖြစ်ပြီး ၁၉၈၀ နောက် ပိုင်းနှစ်များမှစပြီး အကြီးစားကူးစက်ရောဂါများကို ဦးဆောင်နှိမ်နင်းလာသူလည်းဖြစ်သည်။ HIV စစ်ဆေးမှုက သေဒဏ်နှင့်မခြား မှတ်ယူနိုင်သည့်ကာလမျိုးတွင် ဖောင်ချီသည် AIDS တက်ကြွလှုပ်ရှားသူများနှင့်ပူးပေါင်းခဲ့ပြီး အီဘိုလာကူးစက်လူနာများကိုလည်း ကိုယ်တိုင်ကိုယ်ကျကုသပေးခဲ့သည်။

ထို့ကြောင့်လည်း အိမ်ဖြူတော်ပြောခွင့်ရ ယန်ပီယယ်က ဖောင်ချီကို “ပါရမီထူးသူ”၊ “မရေမတွက်နိုင်သည့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ထားသူ”ဟုချီးကျူးခဲ့သည်။

သို့သော်ဒေါ်နယ်ထရန့်အစိုးရလက်ထက်နှင့် ဂျိုးဘိုင်ဒင်အစိုးရလက်ထက် ဒေါက်တာဖောင်ချီ၏ တာဝန်ယူဆောင်ရွက် ပုံများသည် ၎င်းကို အလွန်အငြင်းပွားဖွယ်ပုဂ္ဂိုလ် ဖြစ်လာစေခဲ့သည်။ ၎င်း၏တာဝန်က သမ္မတနှစ်ဦးစလုံးအတွက် အကြံပေးရသည့် နေရာတွင်သာဖြစ်သော်လည်း ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် စိတ်ပျက်ဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာ အားလုံးနီးပါးနှင့်သက်ဆိုင်သူမှာလည်း ဖောင်ချီဖြစ်လာခဲ့သည်။

 

အတွေးဆန်းဆန်း ရှိတတ်

အီလွန်မတ်စ်၏တွစ်တာပို့စ်များထဲတွင် ဖောင်ချီအပြင် ဂျိုးဘိုင်ဒင်ကိုပါပစ်မှတ်ထားသည့် ပုံတစ်ခုလည်း ပါခဲ့သည်။ ပုံထဲတွင် နောက်တစ်ကြိမ် လော့ဒေါင်းထပ်ချရန် ဘိုင်ဒင်ကို ဖောင်ချီကအကြံပေးနေသည်။

သို့သော် အမှန်က အကြီးမားဆုံးလော့ဒေါင်းများ ချခဲ့သည့်အချိန်က  ထရန့်အစိုးရလက်ထက်တွင်ဖြစ်ပြီး  ဘိုင်ဒင်လက်ထက် တွင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုရိုနာဗိုင်းရပ်စ်က ၂၀၂၀ ပြည့်နှစ်တွင် ရောဂါအသစ်အဆန်းဖြစ်ပြီး ရောဂါမည်သို့မည် ပုံပျံ့သည်ကို သိသူသိပ်မရှိသေးပေ။ ၂၀၂၁ ခုနှစ်တွင် ဂျိုးဘိုင်ဒင်သမ္မတ ဖြစ်လာပြီး ထိ ရောက်သည့်ကာကွယ်ဆေးများရလာသည့် အခါမှ လော့ဒေါင်းစီမံချက်များက နိုင်ငံရေးအရ အဆိပ်အတောက်ဖြစ်လာပြီး မလိုအပ်တော့ခြင်းဖြစ်သည်။

တွစ်တာကို အီလွန်မတ်စ်က လွှဲယူချုပ်ကိုင်လိုက်မှုကို သတိနှင့်စောင့်ကြည့်နေသည့် ၀ါရှင်တန်၏ရွေးကောက်ခံအရာရှိများ ကမူဖောင်ချီဆန့်ကျင်ရေးပို့စ်များကိုကြည့်ခြင်းဖြင့်  မတ်စ်သည် နိုင်ငံရေးနှင့်မီဒီယာ အထက်တန်းလွှာများ လက်သုံးဖြစ်သည့် လူမှုကွန်ရက်တစ်ခု၏ မှန်းဆရခက်ခက်ခေါင်းဆောင်ဖြစ်လာလိမ့်မည်ဟု ယူဆကြသည်။

နိုဝင်ဘာနှောင်းပိုင်းမှာပင် မတ်စ်သည် ကိုရိုနာဗိုင်းရပ်စ်သတင်းအမှားများ ဖောခြင်းသောခြင်းဖြစ်နေမှုကို တိုက်ဖျက်သည့်  တွစ်တာပေါ်လစီတစ်ရပ်ကို ရပ်လိုက်သည်။လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ဆိုသည့် ၎င်း၏မူများနှင့် တွစ်တာပလက်ဖောင်း ပိုပြီးစည်းချက်ကိုက်လာရေးဆန္ဒရှိနေသည်မှာ ထင်ရှားသည်။

အီလွန်မတ်စ်သည် အခြားသူများမတွေးတတ်သည့် သမရိုးကျမဟုတ်သည့်အတွေးမျိုးရှိသူပီပီ ဆန်ဖရန်စစ္စကိုတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ခင်ပွန်းကို အမျိုးသားတစ်ဦးရန်ပြုခဲ့သည့် ကိစ္စကို ရန်ပြုသူနှင့် ပယ်လိုစီ၏ခင်ပွန်းအကြား အချစ်ရေးရန်ပွဲဟု သတင်းဖွခဲ့သည်။

 

တရားခံနီးနီးဖြစ်နေ

ဖောင်ချီကမူ ကန့်သတ်တင်းကျပ်မှုများမလုပ်ဘဲ အမြန်ဆုံးပြန်လည်ပတ်ရန် လိုလားမျှော်လင့်နေသူများနှင့် သဘော မတိုက်ဆိုင်ဘဲ အွန်လိုင်းတွင် သတင်းအမှားများပျံ့နေမှုကိုလည်း လက်မခံပေ။သို့သော် အာဏာရှိအဖွဲ့အစည်းများ သို့မဟုတ် ဒေသအစိုးရများ၏ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်သည့် လုပ်ပိုင်ခွင့်ကလည်းမရှိပေ။ ဒေသအစိုးရများဆိုသည်မှာ ဗဟိုအစိုးရက မည်သို့ပင်အကြံပေးပေး၊ အမြင်တူလေ့မရှိဘဲ ၎င်းတို့အရှိန်အတိုင်းသာ ဆောင်ရွက်ကြသည်က များသည်။

ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွင်လည်း ဖောင်ချီသည် လုပ်ကြံပြောဆိုနေသည့် အယူအဆအများစု၏ အဓိကတရားခံနီးနီးဖြစ်နေပြီး ထိုအချက်က ၎င်းကို အစွန်းရောက်သမားများ၏ပစ်မှတ်ဖြစ်လာစေသည်။ဖောင်ချီသည် အသက်အန္တရာယ်ပြုမည့် ခြိမ်းခြောက်မှုများလည်း ကြုံခဲ့ရပြီး ၎င်းကိုကာကွယ်ရန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ဖွဲ့ထားရသည်။

ရီပတ်ဘလီကင်အမျိုးသမီးအမတ် မာဂျရီတေလာဂရင်းကဲ့သို့ လက်ယာစွန်းနိုင်ငံရေးသမားအချို့ကမူ ဒေါက်တာဖောင်ချီကို တရားစွဲရန် သို့မဟုတ် အလုပ်တာဝန်မှ ရပ်စဲရန် တောင်းဆိုလာသည်မှာ ကြာပြီဖြစ်ပြီး အကြောင်းရင်းမှာ ကွဲကွဲပြားပြားမရှိပေ။အချို့ကဖောင်ချီသည် တရုတ်အလယ်ပိုင်း ဝူဟန်မြို့ရှိ ရောဂါပိုးမွှားဗေဒဌာနတွင်လုပ်ဆောင်ခဲ့သည့်  ဆေးသုတေသနအကြောင်းကို လူသိရှင်ကြားထုတ်ပြောထားသည်ထက် ပိုသိထားသည်ဟု ထင်မြင်နေကြသည်။

ထိုကိစ္စကို မတ်စ်ကလည်း ဖောင်ချီသည် ကွန်ဂရက်လွှတ်တော်ကို လိမ်ညာထွက်ဆိုခဲ့သည် ။ လူသန်းနှင့်ချီ အသက်ဆုံး ရှုံးစေခဲ့သည့် ဆေးသုတေသနကို ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲရေးသားထားသည်။ ဖောင်ချီသည် တရုတ်ဓာတ်ခွဲခန်းများနှင့် လက်တွဲလုပ်ကိုင်ရန်လိုအပ်ကြောင်း သက်သေထွက်ဆိုခဲ့သေးသည်။

နှာခေါင်းစည်းနှင့် ကာကွယ်ဆေးကိုဆန့်ကျင်သူများဘက်ကမူ မတ်စ်၏အရေးအသားများကို တက်ကြွစွာထောက်ခံကြ သည်။ ဖောင်ချီနှင့် အစိုးရကျန်းမာရေးပညာရှင်များကို မနှစ်မြို့သည့် ဒေါက်တာအယ်လီ ဒေးဗစ်ဆိုသူက အော်စကာဆုပေးပွဲတွင် သရုပ်ဆောင်ဝယ်လ်စမစ်က အစီအစဉ်တင်ဆက်သူ ဟာသသရုပ်ဆောင်ခရစ္စရော့ခ်ကို ပါးရိုက်ခဲ့သည့်ဖြစ်ရပ်ကို ဗားရှင်းပြောင်းကာ အီလွန်မတ်စ်က ဖောင်ချီကို အားပါးတရ ရိုက်လိုက်သည့်ပုံကို မျှဝေထားသည်။

မတ်စ်သည် နှာခေါင်းစည်း၊ လော့ဒေါင်း၊ ကာကွယ်ဆေးနှင့် ကန့်သတ်တားမြစ်မှုအားလုံးနီးပါးကို ဆန့်ကျင်သည့် ဖလော်ရီ ဒါအုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်ကိုထောက် ခံသူဖြစ်သည်။ ဖလော်ရီဒါပြည်နယ်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၈၃,၂၀၀ ရှိခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် အခြားကွန်ဆာဗေးတစ် ခေါင်းဆောင်များသည် ကပ်ရောဂါကိုအလေးအနက်မထားဟု ဝေဖန်ရေးသမားများက ပြစ်တင်ခဲ့သည်။

ရီပတ်ဘလီကင်အမတ်များက ဇန်နဝါရီတွင် အောက်လွှတ်တော်ကို ၎င်းတို့ အုပ်ချုပ်ခွင့်ရလာပါက အန်သနီဖောင်ချီကို စစ် ဆေးမည်ဟုလည်း ကြွေးကြော်ထားသည်။ကိုဗစ်ကာကွယ်ဆေး၊ မဖြစ်မနေ နှာခေါင်းစည်းဝတ်ရမှုအပါအဝင် ကပ်ရောဂါဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ၎င်းအမတ်များနှင့်ဖောင်ချီတို့အကြား မပြေလည်မှု ကြိမ်ဖန်များစွာရှိသည်။

သို့သော် ဖောင်ချီက လွှတ်တော်၏တောင်းဆိုမှုကို ပူးပေါင်းမည့်သူဖြစ်သည်။မကြာမီက အင်တာဗျူးတစ်ခုတွင် ၎င်းက မည်သည့်လွှတ်တော် ကြီးကြပ်ရေးကော်မတီရှေ့တွင်ဖြစ်စေ လိုလိုလားလားနှင့် သက်သေထွက်ဆိုပေးမည်ဖြစ်ကြောင်း၊ ဖုံးကွယ်စရာ မည်သည့်အရာမျှမရှိဘဲ ၎င်း၏လုပ်ရပ်အားလုံးအတွက် ခိုင်လုံသည့်အထောက် အထားများပြနိုင်ကြောင်း ပြောသွားခဲ့သည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သည့်ဖောင်ချီသည် သမ္မတဂျိုးဘိုင်ဒင်၏ ဆေးဘက်ဆိုင်ရာအ ကြံပေးအရာရှိချုပ်၊ ၁၉၈၄ ခုနှစ်မှစတင် ဦးဆောင်လာသည့်  ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါများဆိုင်ရာဌာန၏ ဒါရိုက်တာ အကြီးအကဲတာဝန်တို့မှ ယခုဒီဇင်ဘာတွင် အနားယူတော့မည်ဖြစ်သည်။ ၎င်းအဆိုအရ  အမေရိက၏ ကိုဗစ်တိုက်ဖျက်ရေးကို ဦးဆောင်နေစဉ် ရင်ဆိုင်ခဲ့ရသည့် ၎င်းအတွက် အခက်ခဲဆုံးအရာက နိုင်ငံရေးနယ်ပယ်တွင် နှစ်ခြမ်းကွဲနေခြင်းပင်ဖြစ်သည်။

Ref: Yahoo News

Most Read

Most Recent