ယူကရိန်းကို ရုရှားကကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ဘူဂေးရီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ယူကရိန်းနိုင်ငံသူ အယ်လီနာ ဘွန်ဒါရန်ကိုသည် ဘူဂေးရီးယားတွင် ၎င်းကို ရုရှားနိုင်ငံသားတစ်ဦးက နေစရာနေရာပေးလိမ့်မည်ဟု စိတ်ကူးထဲမှာပင် တွေးမိခဲ့ခြင်း မရှိပေ။
သို့သော်လည်း ဇာပိုရီရှားမြို့မှ ဘဏ်တစ်ခုတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဘွန်ဒါရန်ကိုသည် ဘူဂေးရီးယားတွင် လူပေါင်း ၁၇၅၀၀ ခန့်ရှိသည့် ရုရှားအသိုင်းအဝိုင်းထဲမှ အဖွဲ့ဝင်များက ထောက်ပံ့ပေးထားသည့် နေစရာများထဲတွင် ခိုလှုံနေရသည့် ယူကရိန်းစစ်ဘေးဒုက္ခသည်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ဘွန်ဒါရန်ကိုနှင့် သူ့မိခင်၊ သူ့ကလေးနှစ်ဦးကို ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်သည့် ဘာဂက်စ်မြို့အနီးတွင် ကလေးသူငယ်များအတွက် အားလပ်ရက် အပန်းဖြေစခန်းဖွင့်ထားသည့် ရုရှားနိုင်ငံသားတစ်ဦးက လက်ခံကြိုဆိုခဲ့သည်။
“ပထမတော့ ကျွန်မ တုန်လှုပ်သွားတာပေါ့။ ဒါပေမယ့် ရုရှားနိုင်ငံသားအားလုံးဟာ ကျူးကျော်သူတွေမဟုတ်မှန်းသိရတော့ ကျွန်မပျော်ရွှင်မိပါတယ်” ဟု အသက် ၃၆ နှစ်အရွယ် ဘွန်ဒါရန်ကိုက ပြောကြားခဲ့သည်။
“တကယ်လို့ ရှင့်မှာ နေစရာမရှိဘဲ ရှင့်ကလေးတွေကို ကယ်တင်ဖို့လိုအပ်နေတဲ့ အခြေအနေမျိုးမှာဆိုရင် သင့်ကို ဘယ်သူက ကူညီပေးနေတာလဲဆိုတာ အရေးမကြီးတော့ပါဘူး” ဟု ယူကရိန်းအရှေ့ပိုင်း ပါဗလိုရက်မြို့မှ ကလေးသုံးဦးနှင့်အတူ ထွက်ပြေးတိမ်းရှောင်လာသည့် အသက် ၃၄ နှစ်အရွယ် အန်နိုင်ဒါပက်ထရူရှန်ကိုက ပြောကြားခဲ့သည်။
“ကျွန်တော်ဟာ ရုရှားနိုင်ငံသားဖြစ်တယ်ဆိုတာကို ဘယ်တုန်းကမှ ဖုံးကွယ်မထားပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ အကူအညီပေးချင်နေတာကို လူတွေက သိရှိထားလို့ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် ယင်းစခန်းကို ပူးတွဲတည်ထောင်သူတစ်ဦးက ပြောကြားခဲ့သည်။
ခရီးသွားရာသီစတင်ခဲ့ချိန်တွင် အနီးနားရှိ ဟော်တယ်များ၏ အပြင်ဘက်တွင်တွေ့ရသည့် ဒုက္ခသည်အချို့အပါအဝင် ယူကရိန်းဒုက္ခသည် ၁၆၀ ခန့်ကို သူက နေစရာထောက်ပံ့ပေးခဲ့သည်။
ဘူဂေးရီးယားတွင် ယူကရိန်းဒုက္ခသည်များကို ကူညီပေးနေသည့် ရုရှားနိုင်ငံသားများရှိနေသကဲ့သို့ ရုရှားအစိုးရကို ပြတ်ပြတ်သားသား ထောက်ခံသူများလည်း အများအပြားရှိနေသည်။
ထို့ပြင် ဘူဂေးရီးယားအစိုးရကလည်း ယူကရိန်းစစ်ဘေးဒုက္ခသည်များကို လက်ခံကြိုဆိုလိုသည့် အရိပ်အယောင် အနည်းငယ်သာပြခဲ့ပြီး နေစရာနှင့် အထောက်အပံ့များ ပေးလိုသည့်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိသဖြင့် ယူကရိန်းဒုက္ခသည်အများစုမှာ ဘူဂေးရီးယားမှ ထွက်သွားရမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
ရုရှား၏ ကျူးကျော်မှုစတင်ခဲ့ချိန်ကတည်းက ဘူဂေးရီးယားသို့ ယူကရိန်းစစ်ဘေးဒုက္ခသည် ၉၃၂၀၀၀ ခန့် ထွက်ပြေးတိမ်း ရှောင်ခဲ့သော်လည်း ၎င်းတို့အနက် ၅၁၀၀၀ ခန့်သာ ဘူဂေးရီးယားတွင် ကျန်ရှိခဲ့ကာ ၁၀၀၀၀ ပင် မပြည့်သည့် ဒုက္ခသည်များသာ အစိုးရ၏ ထောက်ပံ့မှုကို ရရှိခဲ့သည်ဟု တရားဝင်မှတ်တမ်းများအရ သိရသည်။
ကလေးသူငယ်များ အားလပ်ရက်အပန်းဖြေစခန်းကို ပိုင်ဆိုင်သည့် ရုရှားနိုင်ငံသားသည် ဘူဂေးရီးယားအစိုးရထံမှ ဒုက္ခသည်တစ်ဦးစီအတွက် နေ့စဉ်ထောက်ပံ့ကြေး ၇ ဒသမ ၅ ယူရိုကိုသာရရှိခဲ့ပြီး ယင်းထောက်ပံ့ကြေးများ ပေးအပ်မှုမှာလည်း မကြာခဏနှောင့်နှေးကြန့်ကြာခဲ့သည်ဟု ဆိုသည်။
ကလေးသူငယ် ၆၀ ဦးနှင့် သက်ကြီးပိုင်းအရွယ် ၅၀ ခန့်ကို စောင့်ရှောက်ထားမှုနှင့်အတူ ယင်းရုရှားနိုင်ငံသားနှင့် ၎င်း၏ ဘူဂေးရီးယား မိတ်ဆွေတို့သည် ဒုက္ခသည်များအတွက် အပိုကုန်ကျစရိတ်များကို ၎င်းတို့က စိုက်ထုတ်ကူူညီပေးခဲ့ကြသည်။
ဒုက္ခသည်များအတွက် ဘာသာစကားသင်ကြားပေးမှု သို့မဟုတ် အလုပ်အကိုင်ရှာ ဖွေပေးရန် ပျက်ကွက်မှုတို့အတွက် ၎င်းတို့က ဘူဂေးရီးယားအစိုးရကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဆောင်းရာသီဝင်ရောက်လာသည့်တိုင် ဒုက္ခသည်များအတွက် ဖွင့်ထားသည့်စခန်းကို မပိတ်နိုင်သေးဟု ဆိုသည်။
ရုရှား၏ ကျူးကျော်ဝင်ရောက်မှုဖြစ်ပွားခဲ့ပြီးနောက် ဘူဂေးရီးယားအစိုးရသည် ယူကရိန်းစစ်ဘေးဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနိုင်မည့်အခြေအနေအတွက် ပြင်ဆင်မှုအားနည်းခဲ့ခြင်းနှင့်အတူ စေတနာ့ဝန်ထမ်းများ၏ ကူညီမှုများသည် ယူကရိန်းဒုက္ခသည်များအား ထောက်ပံ့ရေးတွင် အဓိကမောင်းနှင်အားတစ်ခု ဖြစ်ခဲ့သည်။
ယင်းကဲ့သို့ အားထုတ်ကြိုးပမ်းမှုများရှိနေသည့်တိုင် ယူကရိန်းဒုက္ခသည်များအား အကူအညီပေးနေသည့် ရုရှားနိုင်ငံသားအချို့၏စိတ်ထဲတွင် ၎င်းတို့ကိုယ်ကိုယ် ရုရှားနိုင်ငံသားဖြစ်နေရမှုအတွက် စိတ်မသက်မသာ ဖြစ်နေရသည်ဟုလည်း ဝန်ခံခဲ့ကြသည်။
“ငါဟာ ရုရှားမှာ မွေးခဲ့သူဖြစ်တယ်ဆိုတဲ့ စိတ်ကူးမျိုး ဝင်လာခဲ့ပါတယ်။ ယူကရိန်းဒုက္ခသည်တွေကို ကူညီပေးနေရတော့ စိတ်ထဲမှာ နာကျင်မှု နဲနဲတော့ သက်သာသွားပါတယ်။ ကိုယ့်နိုင်ငံက လုပ်ဆောင်တဲ့လုပ်ရပ်အတွက် ရှက်ရွံ့နေရတဲ့ ခံစားမှုမျိုးကို ကျွန်မမဖော်ပြတတ်အောင်ပါပဲ” ဟု ဗာနာမြို့တွင်နေထိုင်သည့် အသက် ၄၇ နှစ်အရွယ် ရုရှားစကားပြန်တစ်ဦးက ပြောကြားခဲ့သည်။
သူသည် ရိုမေးနီးယားနယ်စပ်မှ ယူကရိန်းဒုက္ခသည်များကို ကားဖြင့်သွားခေါ်ပြီး သူနှင့် သူညီမ၏ တိုက်ခန်းများတွင် နေရာချထားပေးခဲ့သည်ဟု ဆိုသည်။
ဗာနာမြို့တွင်နေထိုင်သည့် အခြားရုရှားနိုင်ငံသားဖြစ်သူ ဗစ်တာဗာကူရီဗစ်ချ်ဆိုသူကလည်း စစ်ပွဲကြောင့် ဒုက္ခရောက်ခဲ့ရသည့် ယူကရိန်းဒုက္ခသည်များအတွက် သူတတ်နိုင်သည့့်ဘက်ကကူညီပေးရန် ဆုံးဖြတ်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“စစ်ပွဲကြောင့် ကျွန်တော်တို့ပါ စုပေါင်းပြီး အပြစ်ရှိတယ်လို့ ကျွန်တော်ယူဆမထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ စုပေါင်းပြီး တာဝန်ယူရမယ်ဆိုတာကိုတော့ ကျွန်တော်ယူဆထားပါတယ်” ဟု လွန်ခဲ့သည့် ၁၄ နှစ်ကတည်းက ဘူဂေးရီးယားကို ရောက်ရှိခဲ့ပြီး Berezka ရုရှားကုန်စုံဆိုင် ကွန်ရက်ကို ထူထောင်ခဲ့သည့် ကလေးသုံးဦး၏ ဖခင် ဗာကူရီဗစ်ချ်က ပြောကြားခဲ့သည်။
သူသည် ယူကရိန်းကိုတိုက်ခိုက်သည့် ရုရှား၏စစ်ပွဲကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ကြေညာထားခဲ့သူဖြစ်ပြီး ဘူဂေးရီးယားနိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားသည့် ၎င်း၏ကုန်စုံဆိုင်များတွင် ယခင်ကတည်းက ယူကရိန်းနိုင်ငံများကို အလုပ်ခန့်ထားခဲ့သည်။ လက်ရှိတွင်လည်း ယူကရိန်းဒုက္ခသည်များကို ၎င်း၏ ကုန်စုံဆိုင်လက်ခွဲများတွင် အလုပ်ခန့်ထားသည်။
ထို့ပြင် ဘာကူရီဗစ်ချ်သည် ဗာနာမြို့အနီးရှိ ဘူဂေးရီးယားအစိုးရ၏ ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ခိုလှုံနေသည့် ယူကရိန်းဒုက္ခသည်များအတွက် အစားအစာများနှင့် ပူနွေးသော ဟင်းလျာများကို နေ့စဉ်ထောက်ပံ့ပေးနေသည်။
သူအလုပ်ခန့်ထားသည့် ယူကရိန်းဒုက္ခသည်များထဲမှ တစ်ဦးဖြစ်သည့် အသက် ၄၈ နှစ်အရွယ် ယူကရိန်းအမျိုးသမီး အော့ခ်ဆာနာရှာဒိုဗာကမူ သူ့မိသားစုကို ထောက်ပံ့ပေးနိုင်သည့်လစာငွေသည် ရုရှားကုန်စုံဆိုင်တွင် အလုပ်လုပ်နေရသည်ဆိုသည့် ခံစားချက်ထက် ပိုလွန်သည့်ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
“ရုရှားနိုင်ငံသားအားလုံးဟာ ရုရှားအစိုးရရဲ့ မူဝါဒကို ထောက်ခံသူတွေမဟုတ်ဘူးဆိုတာကို ကျွန်မရဲ့ ဆွေမျိုးတွေ သိရှိနားလည်ထားကြပါတယ်။ ရုရှားအားလုံး အတူတူပဲဆိုပြီး ခြုံငုံကောက်ချက်ချလို့ မရပါဘူး” ဟု ရှာဒိုဗာက ပြောကြားခဲ့သည်။
Ref:AFP










