အမျိုးသားရေးဝါဒကင်းလွတ်သော ကာတာကမ္ဘာ့ဖလား

အမျိုးသားရေးဝါဒကင်းလွတ်သော ကာတာကမ္ဘာ့ဖလား
Published 13 December 2022
Translate by ဇင်မျိုး

ကျွန်တော်သည် အမျိုးသားရေးဝါဒထွန်းကားပုံကို ရေးသားနေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။ ထရန့်၊ ဘရက်ဇစ်၊ ဘောဆိုနာရို၊ ကျန်သောအကြောင်းအရာများသည်ကား အီလစ်များ အကြိုက်တွေ့နေဆဲ ဂလိုဂယ်လိုက်ဇေးရှင်းကို လူအများ၏တု့ံပြန်မှုအကြောင်းများဖြစ်ပါသည်။            

ထို့နောက် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ ရောက်လာသည်။ လူတိုင်းက ယဉ်ကျေးမှုပဋိပက္ခဖြစ်ခြင်းကို မလွတ်တမ်း အသုံးချကြသည်။ အနောက်တိုင်းသားများက ရွှေ့ပြောင်းလုပ်သားများ၊ LGBTQ များကို အကိုင်အတွယ်ကြမ်းမှုအား ဆန့်ကျင်ကြသည်။ အာရပ်များကလည်း အနောက်တိုင်းသားများကို လူကောင်းဟန်ဆောင်နေသော လူမျိုးရေးခွဲခြားဆက်ဆံသူများဟု ပြောကြသည်။

အနောက်နိုင်ငံသားများက One Love လက်ပတ်များကို ဝတ်လိုကြသည်။ အာရပ်ပရိသတ်အချို့က Free Palestine လက်ပတ်များကို ဝတ်ထားကြသည်။ အချုပ်အားဖြင့်ဆိုရသော် အမျိုးသားရေးဝါဒ၊ အမုန်းတရား၊ နားမလည်နိုင်မှုတို့ နေရာတိုင်းတွင်ရှိနေသည်ဟု ဆိုရပါမည်။

ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် တကယ်ဖြစ်ပျက်နေသော အရာအားလုံးသည် စိတ်ရှုပ်ထွေးစရာပင်။ ကျွန်တော်သည် ဒိုဟာတစ်ဝိုက်နှင့် အားကစားကွင်းများထဲတွင် တစ်နေ့ကို ၁၆ နာရီ အချိန်ပေးခဲ့ရာ မတူကွဲပြားသော ကမ္ဘာကို မျက်မြင်ဒိဌတွေ့ကြုံရသည်။

ယေဘုယျအားဖြင့် တစ်ဦးနှင့် တစ်ဦးချစ်ကြည်ရင်းနှီးနေသော ယဉ်ကျေးမှုများသည်ကား နှစ်လိုဖွယ်ကောင်းသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အမျိုးသားရေးဝါဒထက်လူမျိုးစွဲနိုင်ငံစွဲမထားသောပွဲတော်ဖြစ်သည်။ ဖီဖာ၏ မဖြစ်နိုင်ဖွယ် ပေါပေါပဲပဲဆောင်ပုဒ်ဖြစ်သော်လည်း မှန်ကန်ပုံရသည့် “ဘောလုံးက ကမ္ဘာကို စည်းလုံးညီညွတ်စေသည်” ဟူသော ဆောင်ပုဒ်ကို ကိုးကားရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းက ချမ်းသာသောဘောလုံး တိုးရစ်များ

ကာတာကိုရောက်လာကြသော ပရိသတ်အများစုမှာ ချမ်းသာသော ဘောလုံးတိုးရစ်များဖြစ်ပြီး ဒူဘိုင်းမှသည် ဒါဘန်အထိ နေရာတိုင်းမှလာသူများဖြစ်သည်။ သူတို့သည် အသင်းအမျိုးမျိုးကို အားပေးတတ်ကြသည်။ မိမိတို့၏အသင်းကို စွဲစွဲမြဲမြဲအားပေးနေသော လူနည်းစုပရိသတ်များထဲမှာတောင် ယဉ်ကျေးမှုရှိကြသည်။

အုပ်စုအဆင့်ပွဲစဉ်များကစားနေချိန်အတွင်း ရထားတွဲတစ်တွဲထဲတွင် ဆော်ဒီအမျိုးသားပရိသတ်များမှာ အီရန်နိုင်ငံသားများ၊ သီချင်းဆိုနေသော မက္ကဆီကိုနိုင်ငံသားများပါသော အုပ်စုများနှင့် ရောနှောပြည့်ကျပ်နေသည်ကို တွေ့ရပြီး ခေါင်းတုံးအပြောင်ရိတ်ထားသော အင်္ဂလိပ်အမျိုးသားများက ၎င်းတို့ကို ညင်သာစွာကြည့်နေကြသည်။ လူတိုင်းက မိမိတို့၏ ဖုန်းများဖြင့် ဗီဒီယိုရိုက်နေသည်ကို တွေ့ရသည်။

စာရီခြုံထားသော အမျိုးသမီးများက ဘောင်းဘီတိုဝတ်အမျိုးသမီးများနှင့် ရောနေသည်။ ဘရာဇီးသားများက အာဂျင်တီးနားသားများနှင့် ရောနေသည်။ လူတို့သည် ဘာသာရေးဆိုင်ရာကွဲပြားခြားနားမှုကို သည်းခံကြရသည်မဟုတ်။ လူတစ်ယောက်၏ ကိုယ်နံ့ရှူရခြင်းကိုသည်းခံကြရသည်။ မိမိတို့အသင်း ရှုံးသွားပြီးနောက် ပြည့်ကျပ်နေသော ရထားတွဲထဲ နံနက် ၁ နာရီတွင် စပီကာမှ အသံမက်ဆေ့များ နားထောင်ရခြင်းကိုလည်းသည်း ခံကြရသည်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဓိကယဉ်ကျေးမှုဆိုင်ရာကွဲပြားချက်မှာ အရပ်အမြင့်ဖြစ်သည်။ ချမ်းသာသောနိုင်ငံများမှ ပရိသတ်များမှာ ဆင်းရဲသောနိုင်ငံများမှ ပရိသတ်များထက် ပျမ်းမျှခေါင်းတစ်လုံးစာ အရပ်ပိုမြင့်ကြပုံရသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဆင်းရဲသောနိုင်ငံများမှ ပရိသတ်များဆိုသည်မှာ ယင်းနိုင်ငံများ၏ အထက်တန်းအီလစ်များမှ လာသူများဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။

ယခုကမ္ဘာ့ဖလား၌ ထည့်မတွက်သောအရာမှာ လူတန်းစားအခြေခံဖြစ်သည်။ ကာတာက ဆင်းရဲသားဆိုသည်မှာ ကျွန်တော်တို့ကို ရထားများပေါ် တွန်းပို့နေသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။

ကျွန်တော်သည် သဘောထားအယူအဆပိုမိုကွဲပြားသော ကာလများကို မှတ်မိနေသည်။ ကျွန်တော်၏ ပထမဆုံးကမ္ဘာ့ဖလားဖြစ်သည့် ၁၉၉၀ အီတလီပြိုင်ပွဲတုန်းကဖြစ်သည်။ ပြင်သစ်-အီတလီနယ်စပ်ရှိ နယ်ခြားစောင့်စခန်းလေးက တာဝန်ရှိသူနှစ်ဦးမှာ ကျွန်တော်နှင့် ကျွန်တော်၏ သူငယ်ချင်းများကို အစပိုင်းတွင် ဝင်ခွင့်ပေးရန် ငြင်းပယ်ခဲ့ကြသည်။ ကျွန်တော်တို့သည် အသက်ငယ်ငယ် အင်္ဂလိပ်များဖြစ်ရာ ကျွန်တော်တို့မှာ ဆိုးသွမ်း ဘောလုံးပရိသတ်များဖြစ်ရမည်ဆိုကာ ကျွန်တော်တို့ကို အစပိုင်းတွင် ဝင်ခွင့်မပြုခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာတိုင်အောင် အင်္ဂလန်အသင်းကစားရာ မြို့တိုင်းမှာ ကြောက်လန့်တကြား လော့ဒေါင်းချခံရသည်။ ၁၉၉၈ က တူးလော့မြို့တွင် ရမ်းကားမှုအကြောင်း သတင်းလိုက်နေသော Financial Times လုပ်ဖော်ကိုင်ဖက်က ပြင်သစ်ကားကို ကန်နေသော အင်္ဂလိပ်တစ်ဦးကို အော်နေသည့် ရဲဘက်ကို ကောင်ကာငင်ကာ လှည့်လိုက်သည်။ “မင်းဘာကြောင့် ဒီလိုလုပ်နေတာလဲ” ဟု ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်က အင်္ဂလိပ်ဆိုးသွမ်းပရိသတ်ကို ပြောလိုက်သည်။

“သူတို့က ပြင်သစ်တွေ မဟုတ်ဘူးလား” ဟု သတင်းယူနေသူက ရမ်းကားနေသူကို ရှင်းပြလိုက်သည်။ “ခင်ဗျားဟာ ပြင်သစ်ကို ရောက်နေတာ” ဟု ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ကပြောသော်လည်း အကျိုးမထူးပေ။

ယခုဒိုဟာတွင် မည်သူကမှ ပြိုင်ဘက်ပရိသတ်များကို ခွဲခြားရန် မကြိုးပမ်းကြပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာက ငှားထားသော တူရကီ၊ ဂျော်ဒန်၊ ပါကစ္စတန်ရဲတို့သည် ပရိသတ်များကို လမ်းပြရင်း ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးစေပုံရပါသည်။

သည်းခံမှုက မူလနေရာကို ပြန်ရောက်လာသည်။ နိုင်ငံအများအပြားတွင် ကမ္ဘာ့ဖလားပွဲများသည် ရုပ်သံကြည့်ရှုမှု ကိန်းဂဏန်းများဖြင့် အကဲဖြတ်သည့် အကြီးမားဆုံးမျှဝေထားသည့် အမျိုးသားရေးအတွေ့အကြုံဖြစ်လာသည်။ လက်ရွေးစင်ဝတ်စုံဝတ် ဘောလုံးသမား ၁၁ ယောက်သည် တစ်နိုင်ငံလုံးကို ကြက်သီးမွေးညင်းထစေသည်။

သို့တွင် ၎င်းတို့ ရှုံးသွားသောအခါ တစ်နိုင်ငံလုံး တိတ်တိတ်ဆိတ်ဆိတ် အိပ်ရာဝင်သွားသည်။ အသင်း၏ နည်းပြအကြောင်း Slack Channel တွင် အနည်းငယ်ညည်းညူပြီးနောက် နောက်တစ်နေ့နံနက်တွင် လူတိုင်းသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

ဘောလုံးသမားများသည်လည်း အလားတူစိတ်ဓာတ်ရှိကြသည်။ လွန်ခဲ့သော နှစ် ၄၀ တွင် ပြင်သစ်-အနောက်ဂျာမနီ သို့မဟုတ် ပိုလန်-ဆိုဗီယက်ပြည်ထောင်စုလို ပွဲများသည် ဘောလုံးကို ကျော်လွန်သွားသော အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုအား လှုံ့ဆော်ပေးသော ပွဲများဖြစ်သည်။

ယနေ့ခေတ်၏ မျိုးဆက်ဖြစ်သော Gen Z များသည် ပြိုင်ဘက်များကို လုပ်ဖော်ကိုင်ဖက်များအဖြစ် ဆက်ဆံကြသည်။ အမေရိကန်က အီရန်ကို အနိုင်ကစားခဲ့ပြီးနောက် လိုက်ဘေးရီးယားသမ္မတ၏သား တီမိုသီဝီယာအပါအဝင် အမေရိကန်ကစားသမားများက ငိုနေသောအီရန်ကစားသမားများကို နှစ်သိမ့်ကြသည်။

ကြီးကြီးမားမားဒေါသဖြစ်စရာ ခြွင်းချက်မှာ ဆားဘီးယား-ဆွစ်ဇာလန်ပွဲဖြစ်သည်။ ထိုပွဲတွင် ကိုဆိုဗိုဇာစ်မြစ်ဖြစ်သော ဆွစ်ဘောလုံးသမား ဂရာနစ်ရှာခါက ပြိုင်ဘက်ဆားဘီးယားဘောလုံးသမားများကို ရန်စခဲ့ပြီးနောက် ဘောလုံးကွင်းထဲ အခိုက်အတန့်အားဖြင့် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့သည်။ သို့ရာတွင် ဆားဘီးယားအုပ်စုမှ ပြုတ်ကာ ပွဲပြီးသွားသည်။ နောက်တစ်ဦးဖြစ်သော ဆွစ်-ကိုဆိုဗိုဘောလုံးသမား ရှာကွီရီသည် ဘောလုံးကွင်းထဲတွင် ဆားဘီးယားသားများကို လိုက်လံပွေ့ဖက်ခဲ့သည်။

ဥရုဂွေးသားများက အကျင့်လိုဖြစ်နေသော ဒေါသထွက်စရာပုံစံဖြင့်အုပ်စုမှ ထွက်သွားရသည်။ ဥရုဂွေးက ဒိုင်များကို အပြစ်တင်သည်။ သည်အုပ်စုတွင် အချေအတင်အဖြစ်ရဆုံးပဋိပက္ခများသည် ဘယ်လ်ဂျီယံက စားသမားချင်းဖြစ်သော ပဋိပက္ခများဖြစ်သည်။

၅၆ ပွဲအပြီးတွင် အနီကတ်နှစ်ကတ်သာ ရှိထားသည်။ တိုက်စစ်ကို ဥပဒေပဟန့်တားသည်ဆိုကာ ဝေးလ်ဂိုးသမား အနီကတ်ပြခံရသည်။ နောက်ထပ်အနီကတ်တစ်ခုမှာ ကင်မရွန်း၏ ဗင်းဆင့်အဘူဘာခါ အပြခံရသောအနီကတ်ဖြစ်သည်။

သူသည် ဘရာဇီးနှင့်ပွဲတွင် နောက်ဆုံးမိနစ်ဂိုးကိုသွင်းကာ အကျင်္ီချွတ်၍ ဥပဒေနှင့်မညီ အောင်ပွဲခံခဲ့သည်။ သူသည် အဝါကတ်ကြိမ်ထိထားသော ကစားသမားဖြစ်နေသည်။ ဒိုင်က ပြုံးနေသည်။ အဘူဘာခါ၏ ခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် သူ့ကိုတောင်းတောင်းပန်ပန်ပုံစံဖြင့် ထုတ်ခဲ့ရသည်။ အဘူဘာခါသည် ရင်းရင်းနှီးနှီးပုံစံဖြင့် ဒိုင်ကို ချီးကျူးကာ ရွရွလေးထွက်ခွာသွားသည်။ (အဘူဘာခါသည် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။)

ပြိုင်ပွဲပြီးသွားသည့်အခါ ဖီဖာဥက္ကဋ္ဌ ဂျီယမ်နီအင်ဖန်တီနိုက “ဤကမ္ဘာ့ဖလားပြိုင်ပွဲသည် အကောင်းဆုံးပြိုင်ပွဲဖြစ်သည်” ဟု ထုတ်ဖော်ပြောကြားရန် အကြောင်းပြချက်အချို့ရှိနေမည်ဟု ကျွန်တော်မျှော်လင့်သည်။ ထို့နောက် ဆော်ဒီအာရေဗျသည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီဂျစ်၊ ဂရိတို့နှင့်အတူ ပူးတွဲကျင်းပရန် အိမ်ရှင်အဖြစ် လျှောက်ထားခြင်းဖြင့် ကာတာ၏ အောင်မြင်မှုကို အရှိန်အဝါအဖြစ် အသုံးပြုဖွယ်ရှိသည်။

ကာတာသည် လက်ခံရခက်ခဲသည်ဟု အနောက်က မြင်သွားပါမူ ဆော်ဒီအာရေဗျ ကံကောင်းပါစေဟု ဆုတောင်းရပါလိမ့်မည်။

Ref:Financial Times

Most Read

Most Recent