နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna တို့ တွေ့ဆုံခဲ့ကြောင်း MRTV ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာသည်။
ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲစာရင်းကိစ္စများနှင့် လက်ရှိတွင် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ပါရှိသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။















