၂၀၂၂ ခုနှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲ ဘယ်လောက်ဖြစ်ခဲ့သလဲ

၂၀၂၂ ခုနှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲ ဘယ်လောက်ဖြစ်ခဲ့သလဲ
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူအချို့ကို တွေ့ရစဉ်
ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူအချို့ကို တွေ့ရစဉ်
Published 11 December 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ခြောက်ခုအတွင်း တိုက်ပွဲများကပြင်းထန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်မြေများဖြစ်သည့် သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများတွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများက ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကော်သူးလေအုပ်ချုပ်နယ်များအတွင်း တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွား လျက်ရှိကြောင်း KNU ဗဟိုက ဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ခြောက်ခုအတွင်း တိုက်ပွဲကြီးငယ် ၄,၁၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲကြီးငယ် ၃ç၁၅၂ ကြိမ်သာ ဖြစ်ပွားခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲ အကြိမ်ရေ ၁,၀၀၀ နီးပါး ပို၍ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ နှစ်ကုန်ရန် တစ်လလိုသေးသည့်အတွက် တိုက်ပွဲအရေအတွက် ယခုထက် ပိုမိုများပြားလာနိုင်ဖွယ် ရှိနေ သည်။

တိုက်ပွဲ ၄၀၀၀ ကျော်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကိုအကြောင်း မပြန်ခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့လည်း ဖြစ်သည်။

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင် ဆွေးနွေးသည့် အခင်းအကျင်းမဖြစ်သည့်အတွက် တက်ရောက်နိုင်မည် မဟုတ်ကြောင်း KNU က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ခြောက်ခုအတွင်း တပ်မတော်နှင့် KNU အကြား တိုက်ပွဲများက ပြင်းထန်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ဖွဲ့ (KNDO) တပ်များနှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF) တပ်များကြား ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီလနောက်ပိုင်း ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း KNU က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်အတွင်း KNU နယ်မြေများတွင် တိုက်ပွဲပေါင်း ၃,၀၀၀ ထောင်ကျော်သာ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တိုက်ပွဲပေါင်း ၄,၀၀၀ ကျော် ဖြစ်ပွားခဲ့သည်။

အနီးစပ်ဆုံးအနေဖြင့် KNU တပ်မဟာနယ်မြေ ခြောက်ခုတွင် အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း တိုက်ပွဲပေါင်း ၅၇၆ ကြိမ် ဖြစ်ပွားခဲ့သည်။

KNU တပ်မဟာနယ်မြေ ခြောက်ခုတွင် အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ထို့ပြင် နိုဝင်ဘာလတွင် KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ၂၉၀ ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလတွင် သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၃၃ ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ (၂) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၁၇ ကြိမ်၊ ညောင် လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၃၀၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၄၁ ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး ငယ်ပေါင်း ၁၁၆ ကြိမ်နှင့် ဒူးပလာ ယာခရိုင် တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီးငယ် ပေါင်း ၅၃ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် တိုက်ပွဲအကြိမ်ရေ စုစုပေါင်း ၂၉၀ ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း KNU နယ်မြေများတွင် တိုက်ပွဲ ၄,၀၀၀ ကျော်ဖြစ်ပွားခဲ့သည့်အနက် ဇန်နဝါရီလမှ မေလအထိ တိုက်ပွဲပေါင်း ၂,၃၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လမှ နိုဝင်ဘာလအထိ တိုက်ပွဲပေါင်း ၁,၇၈၇ ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ပထမ ငါးလတွင် တပ်မတော်နှင့် KNU အကြား တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တိုက်ပွဲစာရင်းကို တစ်လချင်း ထုတ်ပြန်ချင်းမရှိသည့်အတွက် အသေးစိတ်မသိရှိရသော်လည်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀၊ ဇူလှိုင်လတွင် တိုက်ပွဲပေါင်း ၂၅၉ ကြိမ်၊ သြဂုတ်လတွင် တိုက်ပွဲ ပေါင်း ၂၅၉ ကြိမ်၊ စက်တင်ဘာလ တွင် တိုက်ပွဲပေါင်း ၃၃၃ ကြိမ်၊ အောက်တိုဘာလတွင် တိုက်ပွဲပေါင်း ၂၈၆ ကြိမ်နှင့် နိုဝင်ဘာလတွင် တိုက်ပွဲပေါင်း ၂၉၀ ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

KNU ဗဟို၏ ထုတ်ပြန်ချက်အရ KNU တပ်မဟာနယ်မြေ ခြောက်ခုအတွင်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀ ဖြင့် အများဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

အရပ်သား ထိခိုက်မှုနှင့် စစ်ဘေးရှောင်အရေအတွက်  

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ လပေါင်း ၂၁ လအတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ၁၃၇ ဦး သေဆုံးပြီး ၃၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ ခုနစ်လအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၉၁ ဦး သေဆုံးခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှုသည် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည်ကျရောက်မှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ဖြစ်ကြောင်း KNU ဗဟိုက ဆိုသည်။

နိုဝင်ဘာလတွင်လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ထို့ပြင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး (KNDO) နှင့် တပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)တို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကရင်အ မျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်ဘေး ရှောင်ဦးရေမှာ ၃၅၆ç၆၇၄ ဦးအထိ ရှိလာကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ခရိုင်ခြောက်ခုအတွင်း အတည်ပြု၍ရသော စာရင်းများအရ သထုံခရိုင် တပ်မဟာ (၁) နယ်မြေ တွင် စစ်ဘေးရှောင်ဦးရေ ၉၄,၇၆၈ ဦး၊ တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၇,၅၃၇ ဦး၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေး ရှောင်ဦးရေ ၆၁ç၈၉၈ ဦး၊ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၆,၀၀၀၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ တွင် စစ်ဘေးရှောင်ဦးရေ ၉၆,၁၈၀ နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၉၀,၂၉၁ ဦးရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါစာရင်းမှာ ကောက်ခံ ရရှိသော စစ်ဘေးရှောင်ပြည်သူအရေအတွက်သာဖြစ်ပြီး စစ်ဘေး ရှောင်ဦးရေ မြင့်တက်လာသည့်အ တွက် ဆက်လက်ကောက်ခံနေကြောင် ကိုလည်း KNUဗဟိုက ထုတ်ပြန်ထားသည်။

သို့သော် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကျေးရွာများသို့ လက်နက်ကြီး ကျည်ကျရောက်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ၂၀၂၂ ခုနှစ် သြဂုတ်လအထိ ဒေသခံ ၃၇၁,၉၅၈ ဦးမှာ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြရသူများထဲတွင် ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများလည်း အများအပြားပါဝင်ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးလိုအပ်ချက်များ ရှိနေပြီး ၎င်းင်းတို့အတွက် လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ အများအပြား လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ဆိုသည်။

တိုက်ပွဲများကြောင့် ဒေသခံ သုံးသိန်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး တစ်သိန်းကျော်မှာ အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက အကူအညီတောင်းခံထားသည်။

Most Read

Most Recent