အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ခလစာအတွက် ထိုင်းနိုင်ငံကို ငွေကျပ် သိန်း ၂၀ အထက် အကုန်ကျခံကာ တရားဝင် MOU လုပ်သားအဖြစ် သွားရောက်ခဲ့ကြပေမဲ့ စာချုပ် အတိုင်းအခွင့်အရေး မရှိဘဲ အလွဲများစွာနှင့် ကြုံနေရကြောင်း အလုပ်သမားတွေထံမှ သိရ သည်။
ထိုင်းနိုင်ငံသို့ MOU လုပ်သားအဖြစ် တရားဝင် အေဂျင်စီများနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးလာခဲ့ကြပေမဲ့ အလုပ် နေရာလွဲတာ၊ စာချုပ်ပါ အတိုင်း အလုပ် မလုပ် ရတာ ၊ စာချုပ်ပါ အတိုင်းလုပ်ခ လစာမရတာ စတာတွေနေကြုံနေရသလို အချို့မှာ နေထိုင် စားသောက်ရေးပင် ခက်ခဲနေကြောင်း ဆို သည်။
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်တွင်ရှိသည့် ကားအပိုပစ္စည်းထုတ်လုပ်သည့် စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်ရန် တရားဝင် အေဂျင်စီ နှင့် စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာသည့် မြန်မာ MOU အလုပ်သမား အချို့မှာ စာချုပ် ပါအတိုင်း အလုပ်မလုပ်ရဘဲ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ယင်း အလုပ်သမားများ ထံက သိရသည်။
“ကျွန်တော်တို့ ထိုင်းကိုရောက်နေတာ နှစ်ပတ်ရှိနေပါပြီ။ ကားအပိုပစ္စည်းထုတ်လုပ် တဲ့ စက်ရုံမှာ လုပ်ရမယ်ဆိုပြီး တရားဝင် အေ ဂျင်စီနဲ့စာချုပ်ချုပ်ခဲ့တာပါ။ စာချုပ်ချုပ်တဲ့ အချိန်မှာ သိန်း ၂၀ သွင်းခဲ့ရပါတယ်”ဟု MOU အလုပ်သမားတစ်ဦးက ပြောကြားသည်။
အဆိုပါ တရားဝင် အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုစဉ်က ကျပ်သိန်း ၂၀ ပေးသွင်းခဲ့ရပြီးတဲ့ နောက် ထိုင်း-မြန်မာနယ်စပ် မြဝတီ မဲဆောက် လမ်းကတစ်ဆင့် အောက်တိုဘာ ၂၈ ရက်က ဝင်ရောက်ခဲ့ကြတာပါ။ မဲဆောက်သို့ရောက်ရှိ ချိန်မှာ ကိုဗစ်စစ်ဆေးခအဖြစ် ကျပ် ၁ သိန်း ထပ်မံပေးချေခဲ့ရတယ်လို့ ဆိုသည်။
MOU လုပ်သား တစ်ဦးက “ကျွန်တော် အပါအဝင်ဆိုရင် ကားအပိုပစ္စည်းထုတ်တဲ့ စက်ရုံမှာလုပ်ဖို့ စာချုပ်ချုပ်တဲ့လူက အ ယောက် ၅၀ ရှိတယ် ။ အခု ရောက်လာတော့ ဘယ်မှာလုပ်ရမယ် ဘာအလုပ်ဆိုတာမသိရ သေးဘူး။ အေဂျင်စီကိုအကြောင်းကြားတော့ အေဂျင်စီက ဒါရိုက်တာဆိုတဲ့ အစ်မတစ် ယောက်နဲ့ သံရုံးကတစ်ယောက် လာသွား တယ်။ အဆင်ပြေအောင်လုပ်ပေးမယ်လို့ပဲ ပြောသွားတယ်။ သူတို့တွေ လာပြီးနောက် လုပ်သား ၄၀ ဦးကို အခြားစက်ရုံများသို့ ပို့ ဆောင်လိုက်တယ်၊ အလုပ် ရမယ်တော့ မသိရ ပေမဲ့ လက်ရှိမှာ အလုပ်ရရှိခြင်းမရှိသေးဘဲ အခက်အခဲနဲ့ ကျန်ရစ်သူ ၁၀ ဦးရှိတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် MOU အလုပ်သား အများစုမှာ အလုပ်အကိုင် စတင် ဝင်ရောက်လုပ်ကိုင်ခွင့် မရလျှင် ထိုင်းနိုင်ငံ သို့ရောက်ရှိစဉ်အချိန်မှစ၍ ထမင်းစား တစ် နပ်လျှင် ထိုင်းဘတ်ငွေ ၅၀ ပေးပြီးစားသောက် နေခဲ့ရကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ MOU လုပ်သားအဖြစ် တရားဝင်သွားရောက်ခဲ့ကြသော်လည်း တစ် ရာတွင် ၁၀ ဦးနှုန်းက စာချုပ်ပါ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အတွက် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ စစ်ဆေးအဖြေရှာဖို့ လို နေပြီ ဖြစ်ပါတယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြော ကြားသည်။
“ ဒီလိုအလုပ်မလုပ်ရဘဲ ကိုယ့်ဟာကို ချက်ပြုတ်စားသောက်နေရတဲ့ ဖြစ်ရပ်အပါ အဝင် အခြားသောဆက်စပ်ဖြစ်ရပ်တွေက အလုပ်သမား၁ဝယောက်မှာ တစ်ယောက်နှုန်း၊ အလုပ်သမား ၁၀၀ မှာ ၁ဝရာခိုင်နှုန်းလောက် အခက်အခဲ ဖြစ်နေတာ၊အကျပ်အတည်း ဖြစ်နေတာတွေ ကြားကြားနေရတာ ကြာပြီ၊ ဘယ် လိုပဲဖြစ်ဖြစ် MOU လုပ်သားတွေကိုစေလွှတ်တဲ့ နေရာမှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်ကနေ နိုဝင် ဘာလကုန်ထိဆိုရင် ခုနစ်သောင်းကျော် လောက်တော့ ရှိပါမယ်။ အဲတော့ မြန်မာ နိုင်ငံ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ စာချုပ်ပါ အချက်အလက် ကိုက်ညီ မညီဆိုတာကို ထိုင်း မှာရှိတဲ့ အလုပ်သမား သံအရာရှိတွေ၊သူတို့ရဲ့ ဆက်စပ်တဲ့ သူတွေနဲ့စစ်ဆေးဖို့လိုပါတယ်”ဟု ပြောကြားသည်။
MOU လုပ်သားစေလွှတ်မှုရဲ့ ဘေးထွက် ဆိုးကျိုးတွေများလာပြီဆိုရင် MOU လုပ်ငန်း စဉ်၊ လုပ်ထုံး လုပ်နည်းအပေါ်မှာ မြန်မာ လုပ် သားတွေ ယုံကြည်မှု လျော့ကျလာမှာ ဖြစ်တဲ့ အတွက် စနစ်တကျစိစစ်ဖို့ လိုအပ်နေကြောင်း ဦးမိုးကြိုးက ပြောကြားခဲ့သည်။
“MOU လုပ်သားစေလွှတ်မှုက တစ်စုံ တစ်ရာ အရှိန်ရလာပြီလို့ဆိုပေမဲ့ မြန်ဆန်မှု တော့မရှိသေးဘူး၊ လိပ်ပမာ နှေးကွေးနေသေး တယ်။ ထိုင်းကအလိုရှိတဲ့ မြန်မာ လုပ်သား တစ်သိန်းခွဲကနေပြီးတော့ ထိုင်းနိုင်ငံထဲမှာ လုပ်ငန်းကျွမ်းကျင်သူအားလုံး ဆယ်သိန်း ထိအလိုရှိနေတယ်လို့ပြောထား တယ်။ဘယ် လိုပဲဖြစ်ဖြစ်ဒီ စာချုပ်ပါ အလုပ်အကိုင်နဲ့ ထိုင်း နိုင်ငံထဲကိုရောက်ရှိသွားတဲ့အခါမှာ တကယ် စာချုပ်ပါ အလုပ်အကိုင်အတိုင်း ဟုတ်လား မဟုတ်လား နောက်တခြားနေရာတွေမှာ အခက်အခဲအကျပ်အတည်း ဘယ်လိုရှိနေလဲ ဆိုတာကို သက်ဆိုင်ရာ လုပ်သားစေလွှတ်တဲ့ အေဂျင်စီရယ်၊လက်ခံထားတဲ့ ထိုင်းကုမ္ပဏီ ရယ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားသံအရာရှိတွေရယ်နောက်အ ခြားသော ဆက်စပ် အဖွဲ့တွေရယ်၊ ကျွန်တော် တို့ဒါနဲ့ပတ်သက်ပြီးတော့ စတုဂံပုံဖြစ်ဖြစ်၊ စတုရန်းပုံ ဖြစ်ဖြစ်ကွင်းဆင်း စစ်ဆေးကြရမှာ ဖြစ်တယ်၊၊ဒါမျိုးတွေ ဘေးထွက်ဆိုးကျိုးတွေ ခပ်များများဖြစ်လာတယ်ဆိုရင် MOU စနစ်ပေါ်မှာ တရားဝင်လုပ်ထုံးလုပ်နည်းပေါ် မှာ MOU လုပ်သားတွေက မယုံ ကြည် ဖြစ်လာ တယ်။ မယုံကြည်မှုရဲ့ အခြားတစ်ဖက်မှာ တရားမဝင် ခိုးလမ်းကနေပြီးတော့ ဝင်ရောက် သူတွေ ပိုမိုများပြားလာမယ်၊ အခုလည်းများ နေတာပါပဲ”ဟု ဦးမိုးကြိုးက ဆိုသည်။
ထိုင်းနိုင်ငံသို့ငွေကျပ်သိန်း ၂၀ ကျော် အကုန်ကျခံကာ MOU လုပ်သားအဖြစ် တရား ဝင်သွားရောက်ခဲ့ကြပေမဲ့ တစ်လနီးပါး ထိ အလုပ်အကိုင်လုပ်ကိုင်ရခြင်းမရှိသည့်အ တွက် နေထိုင် စားသောက်ရေးအခက်အခဲ ကြုံနေရသူတွေလည်းရှိကြောင်း အလုပ် သမားများထံက သိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုနှင့် MOU စာချုပ်ချုပ်ဆိုပြီး DHL, Delivery ပစ္စည်းပို့ရမည့် လုပ်ငန်းတွင် လုပ်ကိုင်ရန်အတွက် မြဝတီ- မဲဆောက်လမ်းက တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ခြင်း ခံခဲ့ရသည့် အလုပ်သမားအချို့မှာ တစ်လနီးပါးကြာထိ တစ်စုံတစ်ရာ အလုပ်လုပ်ကိုင်ရခြင်း မရှိသည့်အတွက် နေထိုင်စားသောက်ရေး အလွန်ခက်ခဲနေကြောင်း သိရသည်။
“ကျွန်တော်တို့ မြဝတီ ကနေထွက်လာ တာ ဒီရောက်တော့ လူစုတွေ ကွဲကုန်ပါပြီ။တခြားလူတွေအလုပ်ရ မရကိုတော့မသိပါဘူး။ကျွန်တော်တို့ ခုနစ်ယောက်ကိုတော့နေရာ လေးနေရာထိရွှေ့ထားပေမဲ့ ယနေ့ထိ အလုပ် မလုပ်ရသေးပါဘူး။ ပထမတော့ ဆန် ငါးပြည် နဲ့ ကြက်ဥတစ်ကတ်စီ ပေးပါတယ်။ကျန်တာ တော့ ပါလာတဲ့ ငွေလေးနဲ့ စားရတာပေါ့။ ခုက ပါလာတာလည်းကုန်၊ အလုပ်က မလုပ်ရ၊ အခက်အခဲ ဖြစ်နေကြပါတယ်”ဟု အလုပ် သမားတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံသို့ လက်ရှိ MOU စနစ်နှင့် တရားဝင်စေလွှတ်ခဲ့သည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနက် တစ်လ ကြာသည့်တိုင် အလုပ်မလုပ်ရသူများရှိကြောင်းနှင့် အလုပ် မလုပ်ရဘဲ ၁၅ ရက်ကျော်လာလျှင် ထိုင်း အလုပ်သမား ဥပဒေအရ အဆိုပါ အလုပ် သမားများကို လုပ်အားခ ၇၅ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ကြောင်း အထွေထွေ အလုပ် သမားကူညီရေး ဆောင်ရွက်နေသူ ကိုသား ကြီးက ဆိုသည်။
KTG အထွေထွေကူညီရေးရုံးမှ မန် နေးဂျင်းဒါရိုက်တာ ကိုသားကြီးက” MOU နဲ့ လာပြီး တစ်လကြာသည့်တိုင် အလုပ် မလုပ်ရ သူတွေ အကူညီတောင်းထားတာ ရာနဲ့ ချီ ရှိ ပါတယ်။ ဒါ ထိုင်းအလုပ်သမားဥပဒေ အရ ဒီအလုပ်သမားတွေကို လုပ်အားခ ၇၅ ရာခိုင် နှုန်းပေးရပါမယ်၊ တချို့လည်း စာချုပ်မှာ တစ်မျိုး အလုပ်ခွင်ရောက်သွားတာတစ်မျိုး နဲ့ အလုပ်သမားတွေ အတော်ဒုက္ခရောက်ကြ ပါတယ်။ မြန်မာအေဂျင်စီတွေအနေနဲ့ MOUနဲ့ တရားဝင်အလုပ်သမားစေလွှတ်ရင် တာဝန် ယူမှုတာဝန်ခံမှု အပြည့်ရှိစေချင်ပါတယ်”ဟု ပြောကြားသည်။
အချို့သော အလုပ်သမားများမှာ အလုပ် သမားကူညီရေးဆောင်ရွက်နေသူများ၏ ကူညီမှုနှင့် တစ်လကျော် အလုပ်မလုပ်ရပေမဲ့ လုပ်ပေး ၇၅ ရာခိုင်နှုန်းရရှိကြသလို အလုပ် အကိုင်လည်း နေရာအတည်တကျဖြစ်သွားကြ ကြောင်း သိရပါသည်။
“MOU စနစ်နဲ့ အလုပ်သမား စေလွှတ်ခဲ့ ပေမဲ့ အချို့သော မြန်မာအလုပ် သမားတွေဟာ စာချုပ်ပါအတိုင်း အလုပ် လုပ်ကိုင်ခွင့် မရဘဲ အခက်အခဲ များစွာကြုံကြပါတယ်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ အနေ နဲ့ တရားဝင်လုပ်သားစေလွှတ်ခွင့် လိုင်စင် ကိုင်ပြီး လူကုန်ကူခြင်းမျိုး မလုပ်ဆောင်ကြ ဖို့လိုအပ်တယ်”ဟု ထိုင်းနိုင်ငံဘက်မှ အလုပ် သမားရေးဆောင်ရွက်နေသူများက ပြောကြား သည်။
MOU လုပ်သားစေလွှတ်မှု၏့ စာချုပ်ပါ အချက်အလက်များ ဖြစ်သည့် အလုပ်အကိုင်၊ နေရာနှင့် လုပ်ခလစာ လွဲချော်မှုများကြောင့် MOU လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလျော့ နည်းလာခြင်း၏အခြားတစ်ဖက်မှာ တရားမ ဝင် နယ်စပ်ဖြတ်ကျော် သွားလာမှုများကြောင့် မြန်မာနိုင်ငံသားတွေနေ့စဉ် ဖမ်းဆီခံနေရခြင်း ဖြစ်သည်။ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုများကြောင့် မိသားစု ဝမ်းဝရေး၊ ခါးလှရေးအတွက် တရားဝင် MOU လမ်းကြောင်းကဖြစ်စေ၊ တရားမဝင်နယ် စပ်ဖြတ်ကျော်လမ်းကြောင်းက ဖြစ်စေ အလုပ်အကိုင် အခွင့်အလမ်းများသည့် အိမ်နီး ချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာနေကြဆဲဖြစ်သည်။
ဒါကြောင့်မို့လို ငွေကုန်ကျခံကာ ဖမ်းဆီး ခံနေကြရသည့် တရားမဝင်လမ်းကြောင်းက မသွားသင့်သလို တရားဝင် MOU လမ်းကြောင်း ပြည်တွင်းရှိ အေဂျင်စီပွဲစားနှင့် ပြည်ပတွင် ကြုံတွေ့နေရသည့် ဘေးထွက်ဆိုးကျိုးများကို သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန အနေ နှင့် ကြပ်မတ်စစ်ဆေးရန်အချိန်တန်ပြီဖြစ် ကြောင်း အလုပ်သမားအရေး လုပ်ဆောင်သူ များက သုံးသပ်ပြောဆိုနေကြသည်။










