လွန်ခဲ့သည့်လပိုင်းခန့်က သူသည်သူ့အတွေးအမြင်များနှင့် ပန်းချီပုံများကို အွန်လိုင်းတွင် တင်လေ့ရှိသည့် သာမန်တရုတ် ပန်းချီဆရာတစ်ဦးသာဖြစ်သည်။ သို့သော် တရုတ်အစိုးရ၏ပြင်းထန်သည့် ကိုဗစ်ကင်းစင်ရေးမူကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာသည့်အခါ တွစ်တာတွင် ဆရာလီဟုလူသိများသည့် အသက် ၃၀ အရွယ် လီသည် ဆန္ဒပြ မှုသတင်းမြင်ကွင်းများ၏ အရင်းအမြစ်ဖြစ်လာခဲ့သည်။
အစိုးရဆင်ဆာစိစစ်ဖြတ်တောက်ရေးအဖွဲ့က တရုတ်လူမှုကွန်ရက်များပေါ်တွင် ဆန္ဒပြမှုပုံရိပ်များ၊ ဆွေးနွေးပြောဆိုမှုများကို တားမြစ်ဖယ်ရှားထားသည့်အတွက် ဆန္ဒပြသူများက သူတို့၏ ရင်တွင်းဖြစ်များကို ကမ္ဘာကကြားသိလာစေရန် လီနှင့် ဆက်သွယ်လာကြသည်။ လီသည် အီတလီနိုင်ငံတွင်အခြေစိုက် နေထိုင်နေသူဖြစ်ပြီး “ဒါမျိုးဖြစ်လာလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့ဘူး”ဟု AFP သတင်းဌာနကို ပြောသည်။
နိုင်ငံအနှံ့ လော့ဒေါင်းများ၊ အစုလိုက်အပြုံလိုက် ရောဂါစစ်ဆေးမှုများ၊ ခရီးသွားလာမှုတားမြစ်ချက်များ၊ ကိုဗစ်ကူးစက်သူများနှင့်ကွင်းဆက်များကို သီးသန့်ခွဲထားရှိမှုများ စသည်တို့ကို သုံးနှစ်ကြာခံစားလာရပြီးသည့် နောက် အစိုးရ၏ရောဂါတိုက်ဖျက်ရေးစည်း မျဉ်းများအပေါ် မကျေနပ်မှုများက ပြီးခဲ့သည့် နိုဝင်ဘာတွင် ပေါက်ကွဲပွင့်ထွက်လာတော့ သည်။
နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တွင် တရုတ်၌ဖြစ်ခဲ့သည့် ဆန္ဒပြမှုများသည် ၁၉၈၉ခ ုနှစ်တွင် ဒီမိုကရေစီထောက်ခံဆန္ဒပြမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း အကျယ်ပြန့်ဆုံး ဆန္ဒပြမှုများ ဖြစ်သည်။
နိုင်ငံအနောက်မြောက်ပိုင်း ဥရုံချီမြို့တွင် ဖြစ်ခဲ့သည့် မီးလောင်မှုအတွင်းလူ ၁၀ ဦး သေဆုံးခဲ့သည့်ကိစ္စကိုလည်း ဆန္ဒပြသူများက ဖြေရှင်းချက်များ တောင်းခဲ့ကြပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများကြောင့် မီးလောင်နေစဉ် ကယ်ဆယ်ရေးလုပ်ဆောင်မှုများ ကြန့်ကြာခဲ့ရသည်ဟု အပြစ်တင်ကြသည်။
အချို့ဆန္ဒပြပွဲများတွင် သမ္မတရှီကျင်းပင် နုတ်ထွက်ပေးရန် တောင်းဆိုကြသည်အထိ ကိုဗစ်ထိန်းချုပ်ရေးအစီအမံများကို ကန့်ကွက်ခဲ့ကြသည်။
ခြောက်သွေ့ငြီးငွေ့စရာကောင်းသည့် တိုက်ခန်း၏ ဧည့်ခန်းနေရာသည် လီအတွက်အပြင်မှ ဆန္ဒပြသူများနှင့်ဆက်သွယ်ရာ တစ် ကိုယ်တော်သတင်းခန်းဖြစ်လာသည်။
နိုဝင်ဘာ ၂၃ ရက်က လီ၏တွစ်တာအကောင့်တွင် ဖော်လိုဝါဦးရေ ၁၅၀,၀၀၀ ရှိရာမှ လက်ရှိိတွင် ၈၃၀,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး သူ့ထံပေးပို့လာသည့် ဗွီဒီယိုဖိုင်များ၊ အချက်အလက်များကို လီကသူ့အကောင့်တွင် ပြန်တင်ထားသည်။
တရုတ်တွင် အင်တာနက်ဆင်ဆာစနစ် Great Firewall ကြောင့် အင်တာနက်အသုံး ပြုသူအများစုသည် တွစ်တာနှင့် Facebook အပါအဝင် နိုင်ငံတကာဆက်သွယ်ရေး ပလက်ဖောင်းများကို ဝင်ရောက်အသုံးမပြုနိုင်ပေ။
ထိုအခြေအနေတွင် လီက သူ့တွစ်တာအကောင့်ကို တရုတ်ဆန္ဒပြသူများနှင့် ကမ္ဘာအကြား တံတားသဖွယ် အသုံးချလိုက်ခြင်း ဖြစ်သည်။ ပေကျင်းနှင့်ရှန်ဟိုင်းအပါအဝင် နိုင်ငံတစ်ဝန်း စုရုံးဆန္ဒပြမှုများ ဖြစ်လာချိန်၊ စက္ကန့်တိုင်း သတင်းအကြောင်းအရာ ၃၀ မှ ၄၀ အထိ သူရသည်ဟု လီက ဆိုပြီး “ကျွန်တော်တို့မျိုးဆက်မှာ ဒါဟာ အနှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်တာ”ဟု ပြောသည်။
မျက်မှန်တစ်လက်နှင့် တစ်နေကုန် ကွန်ပျူတာဖန်သားပြင်ရှေ့တွင် အချိန်ကုန်တတ် သူလီသည် အတောမသတ်နိုင်အောင် ပေးပို့လာသည့် သတင်းများကို ဆန်းစစ်ရွေးထုတ်ရန် အစာစားချိန် လွတ်သွားသည့်အခါမျိုးလည်းရှိသည်။ နိုဝင်ဘာ၂၇ ရက်တွင် လီသည် ပို့စ်ပေါင်း ၃၉၉ ခု တင်ခဲ့သည်။
တရုတ်တွင် သွားရေးလာရေးအဟန့်အတားများ ကြုံရသည့်အထဲတွင် သတင်းသမားများ ပါဝင်နေသော်လည်း လီ၏ တွစ်တာအကောင့်၌ တရုတ်သတင်းများ တက်နေခဲ့သည်။
ဆန္ဒပြမှုများကြောင့် လုံခြုံရေးရဲအင်အား တိုးချခြင်း၊ အွန်လိုင်းဆင်ဆာဖြတ်တောက်မှုနှင့် စောင့်ကြည့်မှုများတိုး၍ လုပ် ဆောင်ခြင်းတို့ ရှိလာရာမှ ဒီဇင်ဘာ ၇ ရက်တွင် ပြင်းထန်သည့် ကိုဗစ်ကင်းစင်ရေးမူများကို နိုင်ငံတစ်ဝန်း ဖြေလျှော့ပေးလိုက်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်းသည် စိတ်ပျက်နေသည့်ပြည်သူများအပေါ် အစိုးရ၏ ရှားရှားပါးပါး အလျှော့ပေးလိုက်လျောမှုဟု ဆိုနိုင်သည်။
လီသည် ပန်းချီအနုပညာကို ထပ်မံဆည်းပူးရန် လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ အီတလီကိုပြောင်းရွှေ့သွားသူဖြစ်သည်။ ကျောင်းသားကျောင်းသူများ၊ ဗွီဒီယိုပေးပို့သူများကမူ သူ့ကို ဆရာလီဟု အသိများသည်။
တွစ်တာတွင် သူ့နာမည်က Teacher Li is not your teacher ကို တရုတ်ဘာသာဖြင့် ရေးထားပြီး ပရိုဖိုင်ပုံက သူ့နှင့်အတူ နေသည့် ကြောင်လေးကောင်ထဲမှ တစ်ကောင်ကို ပုံကြမ်းဆွဲထားသည့်ပုံဖြစ်သည်။
နိုးနေသည့်အချိန်တိုင်း တွစ်တာသုံးသည့်အတွက် ပန်းချီကားဒေါက်တိုင်များလည်း အသစ်အတိုင်း ဖြစ်နေပြီး ထိုသို့ပင် တောက်လျှောက် အိမ်ပြင်မထွက်ဘဲ သူနှင့်သူ့ကြောင်များ အစာစားသည့်အချိန်သာ နားတတ်သည်။
ကိုယ်ပိုင်အတွေးအမြင်များနှင့် ပန်းချီအကြောင်းများကို အွန်လိုင်းတွင် တင်တတ်သည့် သာမန်ပန်းချီဆရာအဖြစ်မှ လီသည် တရုတ်တွင် ထိလွယ်ရှလွယ်ဖြစ်နိုင်သည့် အကြောင်းအရာများတွင် ဝင်ရောက်၍ အရဲစွန့်ပြောဆိုသူ ဖြစ်လာသည်။
ယခုနှစ်ထဲမှာပင် လီသည်လည်ပင်းတွင် အချုပ်အနှောင် ခတ်ခံထားရသည့် လူကုန်ကူးခံရသူတစ်ဦးအကြောင်းကို ရေးတင်ခဲ့ပြီးနောက် တရုတ်တွစ်တာဖြစ်သည့် ဝေပိုလူမှုကွန်ရက်မှ သူ့အကောင့်မှာ ရက်ပေါင်း ၁၈၀ ကြာ အပိတ်ခံလိုက်ရသည်။ ထိုမျှဖြင့် မဖြုံသည့် လီက အကောင့်သစ် ၅၂ ခု ဖွင့်ခဲ့သည်။ ထိုအကောင့်များအားလုံးလည်း အပိတ်ခံရသည်။
သို့သော် လီက ထုတ်ဖော်ပြောဆိုခွင့်သည် သူ့အခွင့်အရေးဟုဆိုကာ လက်မလျှော့ခဲ့ပေ။
“ကျွန်တော် အစိုးရကို ဝေဖန်ရေး လုပ်နေတာ မဟုတ်ဘူး။ ဒါတောင်မှ ထုတ်ဖော်ပြောဆိုခွင့်ရှိတဲ့ ကျွန်တော့်ရဲ့အခွင့်အရေးကို ဆုံးရှုံးနေရတယ်”ဟု လီက ဆိုသည်။ ထို့နောက် ဧပြီလကုန်တွင် လီသည် တွစ်တာ ပြောင်းသုံးလိုက်သည်။ ဝေပိုသုံးခဲ့စဉ်က သူ့အကောင့်တွင် ဖော်လိုဝါ ၉၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး အကောင့်ကြီးကြီးမားမားမဟုတ်ဘဲနှင့် ထိုမျှ ထုတ်ဖော်ပြောခွင့်မရခဲ့ဟု လီက ပြောသည်။
လီသည် သူရလာသည့်ဗီဒီယိုဖိုင်များကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်၊ မည်သို့ဖြစ်နေသည်ကို ဖော်ပြသည့် စာအချို့နှင့် တွဲတင်လေ့ရှိသည်။
သတင်းအမှားဖြစ်နေသည့် ပို့စ်များကိုလည်း ဖယ်ရှားလိုက်ရသည့်အခါများ ရှိခဲ့သည်။ အချို့ကလည်း လီသည် သူ့ဇာတိနိုင် ငံကို အသရေဖျက်နေသည်၊ အရှက်ခွဲနေသည်ဟု ဝေဖန်ပြောကြားကြပြီး အချို့ကမူ လီသည် ဆန္ဒပြသူများနှင့်ပတ်သက်ပြီး သတင်းစုံစမ်းနေသည့် အစိုးရသတင်းပေးဟု ထင်နေကြသည်။ အွန်လိုင်းမှ မဟုတ်သည့် အန္တရာယ်များလည်း လီက ကြုံနေရသည်။ တရုတ်တွင် ကျန်ခဲ့သည့် သူ့အိမ်ကို ရဲများ ရောက်လာသောကြောင့်ဖြစ်သည်။ လီ၏အညံ့ခံမှုကို ယခုထိ မမြင်ရသေးပေ။ “ဒီအကောင့်က ခုဆို အရမ်းအရေးပါနေပြီ။ တရုတ်ပြည်တွင်းက လူတွေအတွက်ရော၊ ပြည်ပရောက် တရုတ်တွေနဲ့ တိုင်းတစ်ပါးက လူတွေအတွက်ပါ တရုတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဖွင့်ကြည့်နိုင်တဲ့ ပြတင်းပေါက်တစ်ခု ဖြစ်နေပြီ။ဒါကြောင့်မို့ ကျွန်တော်ဇွဲကောင်းရမယ်” ဟု လီက ဆိုသည်။
ယခု တရုတ်တွင် ဇီးရိုး-ကိုဗစ်မူမှ ပြောင်းလဲမှုများ တွေ့မြင်လာရပြီဖြစ်သည့်အတွက် လီက သူ့လုပ်ရပ်များအတွက် ပြုလုပ်ရကျိုး နပ်သည်ဟု မှတ်ယူနေလေသည်။
Ref: AFP










