ကမ္ဘာ့စင်မြင့်ထက်တွင် သြဇာလွှမ်းမိုးမှုရရှိရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရမည့် အိန္ဒိယ

ကမ္ဘာ့စင်မြင့်ထက်တွင် သြဇာလွှမ်းမိုးမှုရရှိရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရမည့် အိန္ဒိယ
Photo: AFP
Photo: AFP
Published 9 December 2022
TRANSLATED BY - ရာဇ

လွွတ်လပ်ရေးရခဲ့ပြီးနောက် ရာစုနှစ်တစ်ခု၏ လေးပုံသုံးပုံအကြာတွင် အိန္ဒိယသည် ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်လာမည့် အနေအထားတွင်ရှိနေပြီး အိန္ဒိယ၏ စီးပွားရေးသည် ၎င်းအား ကိုလိုနီပြုခဲ့သည့် ဗြိတိန်၏ စီးပွားရေးကိုကျော်တက်ကာ ကမ္ဘာ့ပဥ္စမမြောက် စီးပွားရေးအင်အားအကြီးဆုံးဖြစ်လာခဲ့သည်။

သို့သော်လည်း အိန္ဒိယအနေဖြင့် ကမ္ဘာ့သံတမန်ရေးရာ စင်မြင့်ထက်တွင် ပိုမိုအခရာကျသည့် နေရာတစ်ခုကိုရရှိရန် ကြိုးပမ်းမည်ဆိုပါက ကျော်လွှားရမည့် စိန်ခေါ်မှုများရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယသည် ၎င်းအားကိုလိုနီပြုခဲ့ဖူးသည့် ဗြိတိန်အပါအဝင် ဒုတိယကမ္ဘာစစ်ကအောင်ပွဲရရှိခဲ့သည့် နိုင်ငံငါးနိုင်ငံကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ရန် ဆန္ဒရှိနေသည်။

လူဦးရေ ၁ ဒဿမ ၄ ဘီလျံရှိသည့် ဒီမိုကရေစီနိုင်ငံ အိန္ဒိယသည် ပထဝီနိုင်ငံရေး ပြဿနာအများအပြား၏ လမ်းဆုံလမ်းခွ နေရာတွင် တည်ရှိနေကာ တရုတ်၏ မြင့်တက်လာသည့် အင်အားပြမှုကို ဟန်ချက်ညီ စွာထိန်းပေးနိုင်မည့် အခန်းကဏ္ဍတွင် ရှိနေသည်။

အိန္ဒိယသည် ရုရှားနှင့် တရုတ်ဦးဆောင်သည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် တရုတ်ကို တန်ပြန်ရန် ဖွဲ့စည်းခဲ့သည့် အမေရိကန်ဦးဆောင်သည့် Quad အဖွဲ့တို့တွင် ပါဝင်နေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် ဥရောပတို့ ဦးဆောင်နေသည့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ပုံတည်ဆောက်မှုများကို စိန်ခေါ်ရန်ဖွဲ့စည်း ထားသည့် BRICS အဖွဲ့ကိုလည်း ဘရာဇီး၊ ရုရှား၊ တရုတ်၊ တောင်အာဖရိကတို့နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည့် နိုင်ငံဖြစ်သည်။

ဆယ်စုနှစ်များစွာကြာသည်အထိ အိန္ဒိယသည် စစ်အေးကာလ စူပါပါ၀ါများကို တန်းတူညီမျှဆက်ဆံသည့် ဘက်မလိုက်လှုပ် ရှားမှုတွင်ပါဝင်ခဲ့ပြီး ၎င်း၏ အကြီးမားဆုံးလက်နက်ထောက်ပံ့သည့်နိုင်ငံဖြစ်သည့် ရုရှားနှင့် နီးကပ်သည့် ဆက်ဆံရေးများကို ထိန်းသိမ်းထားသည်။

မကြာသေးမီလများအတွင်းက နိုင်ငံအသီးသီးမှ အစိုးရခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးများသည် အိန္ဒိယသို့ လာ ရောက်ခဲ့ကြသည်။

၂၁ ရာစု၏ ပြောင်းလဲလာသည့် မဟာဗျူဟာ အခင်းအကျင်းတွင် အိန္ဒိယ၏ ရည်မှန်းချက်သည် တင်ပြရန်၊ နားထောင်ရန်၊ ပုံ ဖော်ရန်နှင့် ပိုမိုအင်အားတောင့်တင်းစေရန် ဦးဆောင်ရေးတို့ ဖြစ်သည်ဟု နယူးဒေလီအခြေစိုက် Observer Research Foundation မှ ဥက္ကဋ္ဌ ဆမ်မီယာဆာရန်က ပြောကြားခဲ့သည်။

သို့သော်လည်း အိန္ဒိယအနေဖြင့် ယင်းကဲ့သို့ အရေးကြီးသည့် အခန်းကဏ္ဍတွင် တာဝန်ယူမှုအတွက် အဆင်သင့်ရှိနေခြင်း ရှိ မရှိကို ၎င်းက မေးခွန်းထုတ်ခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့စင်မြင့်ထက်တွင် လုပ်ဆောင်မှုမှတ်တမ်းမှာ ရောထွေးခဲ့ပြီး အချို့ကမူ စစ်အေးကာလအတွင်းက ငြိမ်သက်နေခဲ့သည့် အိန္ဒိယနှင့် စစ်အေးကာလအတွင်းက အမေရိကန်နှင့် ရုရှားအကြား အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပြီး အမြတ်ထုတ်ခဲ့သည့် တရုတ်၏ လုပ်ဆောင်မှုများကို နှိုင်းယှဉ်ခဲ့ကြသည်။

အိန္ဒိယသည် ကမ္ဘာ့ဒုတိယမြောက် ကျောက်မီးသွေး အသုံးပြုမှုအများဆုံးနိုင်ငံဖြစ်ပြီး တတိယမြောက် ကာဗွန်ထုတ်လွှတ်မှု အများဆုံးနိုင်ငံဖြစ်ကာ ပြီးခဲ့သည့်နှစ်က ကျောက်မီးသွေးအသုံးပြုမှုကို တဖြည်းဖြည်း လျှော့ချစွန့်လွှတ်ရန် နိုင်ငံတကာ၏ အား ထုတ်ကြိုပမ်းမှုကို ပိတ်ပင်ခဲ့သဖြင့် တရုတ်နှင့်အတူ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသည်။

အိန္ဒိယကမူ ကျောက်မီးသွေးလောင်စာသည် လူပေါင်းသန်းချီကို အလွန်အမင်းဆင်း ရဲမွဲတေမှုအခြေအနေမှ ကယ်ထုတ်နိုင်ရန် ၎င်း၏ စီးပွားရေးအားထုတ်ကြိုးပမ်းမှုအတွက် မရှိမဖြစ်အရေးကြီးကြောင်းနှင့် လာမည့်နှစ်နှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၇၀ ပြည့်နှစ်မှသာ ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသည့်အခြေအနေအဖြစ် ရောက်ရှိရန် မျှော်မှန်းထားကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။ ယင်းသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုအဆုံးသတ်မည့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ထက် နှစ်ပေါင်း ၂၀ နောက်ကျနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အိန္ဒိယသို့ လာရောက်ခဲ့ပြီး အိန္ဒိယကို အင်အားကြီးမားသည့် မိတ်ဖက်နိုင်ငံအဖြစ် အမွှမ်းတင် ပြောကြားခဲ့ပြီးနောက် သုံးလအကြာတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းကို ကျူးကျော် ဝင်ရောက်ခဲ့သည်။

ယူကရိန်းစစ်ပွဲဖြစ်ပွားပြီး လပေါင်းများစွာကြာသည်အထိ အိန္ဒိယသည် ရုရှား၏လုပ်ဆောင်မှုကို ဝေဖန်ရန်ငြင်းဆိုခဲ့ကာ ကုလ သမဂ္ဂ၏ အဓိကမဲခွဲဆုံးဖြတ်မှုများတွင်လည်း မဲမပေးဘဲ လက်ရှောင်ခဲ့ကာ ဥရောပက ရုရှား၏ စွမ်းအင်များကို ဝယ်ယူခြင်းမပြုတော့ချိန်တွင်လည်း အိန္ဒိယသည် ရုရှားစွမ်းအင်များကို ယခင်ကထက် ခြောက်ဆကျော်တိုးမြှင့် ဝယ်ယူခဲ့သည်။

အိန္ဒိယအတွက် အခွင့်အလမ်းပြတင်း ပေါက်တစ်ခုနှင့်အတူ အကြောင်းအရာများ  စွာစုစည်းဝင်ရောက်ခဲ့သည်ဟု ၀ါရှင်တန်အ ခြေစိုက်ဘရွတ်ကလင်း ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ တန်ဗီမာဒန်က ပြောကြားခဲ့သည်။.

ယင်းအကြောင်းအရာများထဲတွင် အမေရိကန်နှင့် တရုတ်အကြား စီးပွားရေးဆိုင်ရာ ဆက်ဆံမှုအက်ကြောင်း ပိုမိုကြီးမားလာသည့် အချက်လည်း ပါဝင်သည်ဟု ဆိုသည်။

“အမေရိကန်၊ ဥရောပနဲ့ အင်ဒို-ပစိဖိတ်ဒေသက နိုင်ငံတွေဟာ အိန္ဒိယကိုစီးပွားရေး ဒါမှမဟုတ် ဒီမိုကရေစီအရေးနဲ့ တရုတ်အရေးမှာ ဟန်ချက်ညီအောင်ထိန်းနိုင်မယ့် ပထဝီနိုင်ငံရေး ဇာတ်ကောင်အဖြစ် ရှုမြင်ထားကြပါတယ်”ဟု မာဒန်က ပြောကြားခဲ့သည်။

အိန္ဒိယအတွက် ကြီးမားသည့် မေးခွန်းတစ်ခုမှာ အိန္ဒိယအနေဖြင့် အခွင့်အလမ်းပြတင်းပေါက်မပိတ်မီအချိန်တွင် ယင်းအ ကြောင်းအရာများကို အသုံးချပြီးအမြတ်ထုတ်နိုင်မည် ဟုတ်မဟုတ်ဆိုသည့် မေးခွန်းဖြစ်သည်ဟု မာဒန်က ဆိုသည်။

ယခုနှစ်အတွင်း အိန္ဒိယ၏ စီးပွားရေးသည် ၆ ဒဿမ ၈ ရာခိုင်နှုန်း ပိုမိုကျယ်ပြန့်လာမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအ ဖွဲ့ (IMF)က ခန့်မှန်းထားပြီး ယင်းပမာဏသည် တရုတ်၏ စီးပွားရေးကျယ်ပြန့်နှုန်းထက် နှစ်ဆကျော်ပိုမိုများပြားနေကာ ၂၀၂၃ ခုနှစ် အတွင်း ကမ္ဘာအမြန်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာနိုင်သည်။

လက်ရှိတွင် အိန္ဒိယနှင့်တရုတ်အကြား နယ်စပ်ပဋိပက္ခ၊ ကုန်သွယ်ရေးနှင့်နည်းပညာ အငြင်းပွားမှုများရှိနေပြီး ၂၀၂၀ ပြည့်နှစ်က နှစ်နိုင်ငံနယ်စပ်တွင် စစ်သားများအကြား သွေးစွန်းသည့် ခိုက်ရန်ဖြစ်ပွားမှုအပြီးတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ ယိုယွင်းခဲ့သည်။

ယင်းအချိန်ကတည်းက အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံခဲ့ခြင်းမရှိခဲ့ကာ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ တွင်ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ (ဂျီ ၂၀)  အစည်းအဝေးတွင်လည်း ရှီနှင့် မိုဒီတို့သည် လောကဝတ်အရ နှုတ်ဆက်ရုံသာ ပြုလုပ်ခဲ့သည်။

ရည်မှန်းချက်ကြီးသည့် အိန္ဒိယသည် ၎င်း၏စစ်အင်အားကို တိုးမြှင့်ရန်နှင့်  အာကာသစီမံကိန်းများကို အင်တိုက်အားတိုက်လုပ် ဆောင်နေသော်လည်း ၎င်း၏ အာကာသစီမံကိန်းများမှာ တရုတ်နှင့်နှိုင်းယှဉ်ပါကများစွာ နောက်ကျကျန်နေဆဲဖြစ်သည်။

“အိန္ဒိယအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံအဖြစ် ကူးပြောင်းဖို့ဆိုရင် စီးပွားရေး၊ စစ်အင်အားနဲ့ နည်းပညာတွေခိုင်မာ အောင်လုပ်ဆောင်ဖို့ လိုပါတယ်”ဟု ယူအေအီးနှင့် အီဂျစ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း နက်ဗ်ဒိပ်ဆူရီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အသံကျယ်ကျယ်ထွက်ဖို့၊ ပိုမိုတင်ပြဖို့နဲ့ အိန္ဒိယပိုဆန်ဖို့လိုပါတယ်”ဟု ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဆာရန်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent