(၁) အင်ဖလေးရှင်း (Inflaction) သည် ငွေကြေးဖောင်းပွခြင်းဟူသော အဓိပ္ပာယ်ရှိပြီး စီးပွားရေး အဆောက်အအုံအတွင်း စျေးနှုန်းများမြင့်တက်လာသည့်အခြေအနေ ဖြစ်သည်။ ဂရိ (ဒ်) (Greed) စကားလုံးမှာ အလိုရမ္မက်ဟူသောအဓိပ္ပာယ်ရှိပြီး လိုချင်မက်မောသည့် စိတ်ဖြစ်လာသောအခါမျိုးတွင် ပြောလေ့ရှိသည့်ဝေါဟာရဖြစ်သည်။
ယခုထိုဝေါဟာရနှစ်လုံးကို ပေါင်းစပ်၍ ဂရိ (ဒ်) ဖလေးရှင်း (Greedflaction) ဟူသော အယူအဆ ဖြစ်လာပြန်သည်။
လူဆိုသည်ကား အမိဝမ်းမှ ထွက်၍ လောကထဲသို့ စတင်ဝင်ရောက်လာကတည်းက လောဘဆို သည့်စိတ်အခြေအနေပါရှိပြီးသားဖြစ်သည်။ ထို့ကြောင့် လိုသည့်အယူအဆ ပေါ်လွင်စေရန် အင်ဖလေးရှင်း (Inflaction) ဝေါဟာရနှင့် ပေါင်း စပ်သုံးသည့် ဂရိ (ဒ်) (Greed) စကားလုံးကို ရှိသင့်သည့် “လောဘ” ထက်ပိုမို ပြင်းထန်သောသဘောပါသည့် “လောဘကြီးခြင်း”၊ “အလို ရမ္မက်ပြင်းထန်ခြင်း” အဓိပ္ပာယ်ဖြင့် မှတ်ယူပါမည်။ ဂရိ (ဒ်) ဖလေးရှင်း (Greedflaction) ၏ အယူအဆမှာ စီးပွားရေးလုပ်ငန်းများ၏ ပြင်းထန် သောအလိုရမ္မက်ဖြင့် “ဖြစ်သင့် ဖြစ်ထိုက်သည်ထက်ပိုမို၍ စျေးနှုန်းများ တိုးမြှင့်ခြင်းတို့ကြောင့် ဖြစ်လာသော အင်ဖလေးရှင်း”(ငွေကြေးဖောင်းပွမှု) အခြေအနေကို ရည်ညွှန်းခြင်းဖြစ်သည်။
(၂) စီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်း ရှာဖွေမှုမှာ သဘာဝ ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ တွင် လုပ်ငန်းအချို့သည် အလွန်အကျွံအမြတ်အစွန်းများရရှိစေရန် အလိုရမ္မက်ကြီးသောစိတ်ထားဖြင့် ၎င်းင်းတို့၏ ကုန်ပစ္စည်းများ၊ ဝန် ဆောင်မှုများ၏ စျေးနှုန်းများမြှင့် တင်မှုကို လုပ်ဆောင်လေ့ရှိကြ သည်။ သို့သော် စျေးနှုန်းမြှင့်တင်မှုကို အကျိုးအကြောင်းမဲ့ လုပ်ဆောင်ကြသည် မဟုတ်။ အင်ဖလေးရှင်း အကြောင်းပြချက်ဖြင့် ပြုလုပ်ကြ ခြင်းဖြစ်သည်။ စီးပွားရေးအဆောက်အအုံအတွင်း အင်ဖလေးရှင်း (ငွေကြေးဖောင်းပွမှု) ကြောင့် ကြီးမြင့်လာသော ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် ၎င်းတို့ရောင်းချသည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု စျေးနှုန်းအပေါ် တိုးမြှင့်မှုများ ပြုလုပ်ရာတွင် အမြတ်အစွန်း ပိုမိုရရှိစေရန် ရည်ရွယ်လျက် ဖြစ်သင့်သည့် ပမာဏထက်ပိုမိုကာ စျေးနှုန်းတိုးမြှင့်မှုများပြုလုပ်ကြခြင်းဖြစ်သည်။
အင်ဖလေးရှင်းအခြေအနေအတွင်း ၎င်းတို့၏အကျိုးစီးပွားအတွက် ချော်လဲရောထိုင် ပြုမူလိုက်ကြသည့် သဘောဖြစ်သည်။ ထို့ကြောင့် ဂရိ(ဒ်) ဖလေးရှင်းဆိုသည်မှာ စီးပွားရေး လုပ်ငန်းများ အလိုရမ္မက်ကြီးစွာဖြင့် အင်ဖလေးရှင်းအခြေအနေကို အသုံးချ၍ အမြတ်အစွန်း ကြီးကြီးမားမာ းရရှိစေရန် စျေးနှုန်းများ မြှင့် တင်သောအခြေအနေဖြစ်သည်။ အင်ဖလေးရှင်း ဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း လောဘကြီးကာ အမြတ်ပမာဏပိုမိုမြှင့်တင် ရောင်းချကြသော စီးပွားရေးလုပ်ငန်းများကြောင့် ထပ်ဆင့်ဖြစ်ပေါ်လာသော (ပြင်းထန်လာသော) အင်ဖလေးရှင်းအခြေအနေ ဖြစ်ပေသည်။ တစ်နည်းဆိုသော် စီးပွားရေးလုပ်ငန်းများလောဘကြီးမှုကြောင့် ထပ်ဆင့်ဆိုးရွားလာသောငွေကြေး ဖောင်းပွမှုပင်။
(၃) အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း အင်ဖလေးရှင်းသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေပြီ။ ပြီးခဲ့သည့်ဇွန်လကဆိုလျှင် စားသုံးသူ စျေးဆနှုန်းကိန်း (Consumer Price Index)သည် ကိုး-ရာခိုင်နှုန်းပင်ကျော်သွားခဲ့သည်။ နှစ်ပေါင်း ၄၀ အတွင်း အင်ဖလေးရှင်း အမြင့်ဆုံးအခြေအနေကို ရင်ဆိုင်နေရသည့် ယခုကဲ့သို့ အချိန်မျိုးတွင် အင်ဖလေးရှင်းကို ရှုထောင့် အမျိုးမျိုးမှ ပြန်လည်ဆန်းစစ်နေကြသည်။ လွန်ခဲ့သောတစ်နှစ်ကျော် စျေးနှုန်းများ တစ်ဖန်ပြန်လည်မြင့် တက်လာခဲ့သည့်အချိန်ကစ၍ အင်ဖလေးရှင်းနှင့်ပတ်သက်၍ စိတ်ဝင် စားမှုများပိုမိုတိုးပွားလာခဲ့ပြီး အခြေ အနေအရပ်ရပ်ကို လေ့လာခဲ့ကြသည်။ စီးပွားရေးအဆောက်အအုံ အတွင်း စျေးကွက်ဝေစုကြီးမားစွာ ရရှိထားသော လက်ဝါးကြီးအုပ် ကုမ္ပဏီများ အင်ဖလေးရှင်းဖြစ်စေရန် လှုံ့ဆော်နေခြင်း ရှိ မရှိ အကြောင်းနှင့်ပတ်သက်၍လည်း စီးပွားရေးပညာရှင်များနှင့် နိုင်ငံရေးသမားများအကြား ကာလရှည်ကြာ ဆွေးနွေးမှုများရှိခဲ့ကြ၏။
အချို့က လက်ရှိဖြစ်ပေါ်နေသော အင်ဖလေးရှင်းကို ရိုးရှင်းသည့် အခြေအနေဟု ရှုမြင်ကာ စီးပွားရေးပညာအခြေခံဖြစ်သည့် ဝယ်လိုအားနှင့်ရောင်းလိုအားကိုသာ ကိုးကား၍ ညွှန်းဆိုသည်။ RSMUS စီးပွား ရေးဆိုင်ရာအတိုင်ပင်ခံ လုပ်ငန်းမှ စီးပွားရေးပညာရှင် ဂျိုးဘရူဆွဲလပ်စ် (Joe Brusuellas) က ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းနေသော စီးပွားရေးကို လှုံ့ဆော်ပေးသည့်အစီအစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက စီးပွားရေးအဆောက်အအုံအတွင်း ဒေါ်လာထရီလီယံပေါင်းများစွာ ထည့်သွင်းခြင်းကိုအကြောင်း တရားအဖြစ် ပြောဆိုသည်။ စျေးကွက်များအတွင်း ကုန်ပစ္စည်းများ အပြိုင်အဆိုင် ဝယ်ယူမှုများမြင့်တက်လာခဲ့ပြီး ကုန်ပစ္စည်းစျေးနှုန်းများကို တွန်းတင်သွားခဲ့သည်ဟုဆိုသည်။ အမေရိကန်အစိုးရ (အထူးသဖြင့် ဒီမိုကရက်တစ်နိုင်ငံရေးသမားများ) နှင့်လူမှုဘဝတိုးတက်ရေး လုပ်ဆောင်နေကြသောအဖွဲ့ အစည်းများကမူ စျေးကွက်ကို ကြီးစိုးထားနိုင်သော စီးပွားရေးလုပ်ငန်းများက ဖြစ်သင့်သည့်ထက် စျေးနှုန်းပမာဏကို ပိုမိုမြှင့်တင်၍ ကြီးမားသော အကျိုးအမြတ်ယူနေကြသည်ဟု ပြစ်တင်ထောက်ပြကြသည်။ ၎င်းတို့၏ လောဘကြီးမှုကြောင့် ဖြစ်သည်ဟုဆိုလျက် “ဂရိ (ဒ်) ဖလေးရှင်း” ကို ဖော်ညွှန်းချင်နေကြသည်ကို သတိပြုမိ၏။
(၄) ဂရိ (ဒ်) ဖလေးရှင်းအကြောင်း စဉ်းစားသောအခါ မေးခွန်းသုံးခု ထွက်လာသည်။
မေးခွန်း (၁) စီးပွားရေးလုပ်ငန်း များ၊ ကုမ္ပဏီများသည် မြင့်တက်လာ သော ၎င်းင်းတို့၏ ကုန်ကျစရိတ်များကို ကာမိစေရန် လိုသည်ထက်ပို၍ စျေးနှုန်းများ မြှင့်တင်နေပါသလား။
(၂) အကယ်၍ ထိုကဲ့သို့ပြုလုပ်ခဲ့ ခြင်းရှိပါက အင်ဖလေးရှင်းဖြစ်စေရန် လုံလောက်သော အခြေအနေ ဖြစ်ပါသလား။
(၃) စီးပွားရေးလုပ်ငန်းကြီးများ၊ ကုမ္ပဏီကြီးများသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက မရှိခဲ့သော စျေးကွက်စွမ်းအားများရှိလာပါသလား။
စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီ အများစုသည် ၎င်းတို့၏ ကုန်ကျစရိတ်ပမာဏထက် ပိုမို၍ စျေးနှုန်း မြှင့်ထားသည်ဟူသော အချက်အပေါ် လူအများ၏အမြင်မှာ ကွဲလွဲမှုများစွာမရှိပေ။ ယခုကာလအတွင်း အထူးသဖြင့် သင်္ဘောများဖြင့် ကုန်ပစ္စည်းဝယ်လိုအား များပြားလာခြင်း၊ သင်္ဘောသယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် မြင့်တက်ခဲ့ခြင်းတို့ကြောင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အလုပ်ဖြစ်ခဲ့ပြီး စံချိန်တင်အမြတ်အစွန်းများရရှိခဲ့သည်က အထင်အရှားဖြစ်သည်ဟု ဆိုကြသည်။ သမ္မတဂျိုးဘိုင်ဒင်ကမူ ဂရိ (ဒ်) ဖလေးရှင်းသည် အမှန်တကယ်ဖြစ်ရုံသာမက အက်ဇန်မို ဘေးလ် (ExxonMobil ) အပါအဝင် အခြားသော ရေနံကမ္ပဏီများ၏ပိုပိုလျှံလျှံရရှိနေသော အကျိုးအမြတ်များအပေါ် အခွန်စည်းကြပ် ကောက်ယူရန် လုံလောက်သော အကြောင်းပြချက်လည်း ဖြစ်သည်ဟု ၎င်း၏ သဘောထားကို ထုတ် ပြောထားသည်။
(၅) ပန်ဆယ်လ်ဗေးနီးယား တက္ကသိုလ် (the University of Pennsylvania))၊ ၀ါတန်စကူးလ် (Whar-ton School) မှ စျေးကွက်ရှာဖွေရေး ပညာရပ် ပါမောက္ခ John Zhang က အင်ဖလေးရှင်းဖြစ်နေသည့် စီးပွားရေးအဆောက်အအုံထဲတွင် လူတိုင်းသည် စျေးနှုန်းများမြင့်တက်နေမည်ဆိုသည်ကို သိကြသည်။ ယခုကဲ့သို့ အခြေအနေမျိုး နောက်ထပ် ကာလများတွင် ရှိလာနိုင်မည်မဟုတ်။ စျေးနှုန်းများပြန်လည်ချိန် ညှိရန်စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသောအခွင့်အလမ်းတစ်ရပ် ဖြစ်သည်။ စျေးနှုန်းများမြှင့်တင်မှုများနည်းလမ်း အမျိုးမျိုးဖြင့် ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။
မဲရီလန်းတက္ကသိုလ် (Univer-sity of Maryland) မှ ဘဏ္ဍာရေး ဘာသာရပ် ပါမောက္ခ မိုက်ကယ် ဖောကန်ဒါ (Michael Faulkender) ကလည်း စျေးနှုန်းများမြင့်တက်မှုသည် ရောင်းလိုအားမြင့်တက်လာနိုင်သည်။ အကယ်၍ ရောင်းလိုအား မြင့်တက်လာခြင်းမရှိဘဲ ကုန်ပစ္စည်း ပြတ်လတ်မှုများ ရှိနေခဲ့ပါကလည်း အခြေခံ စီးပွားရေးသီအိုရီအတိုင်း စျေးနှုန်းသည် ရှားပါးသော သယံဇာတအရင်းအမြစ်များကို အကောင်းဆုံးနည်းလမ်းအားဖြင့် အလိုအလျောက် ခွဲဝေဖြန့်ဖြူးပေး သွားလိမ့်မည်။
ထိုအခြေအနေသည် အစိုးရ ဝင်ရောက်ထိန်းချုပ်ခြင်း သို့မဟုတ် ခွဲတမ်းဖြင့်ဖြန့်ဖြူးပေးသည့်စနစ် ထက် ပိုမိုကောင်းမွန်သည်။ အရင်းရှင်စနစ် မည်သို့မည်ပုံ အလုပ်လုပ်သည်ကို ဖော်ပြနေသည်ဟု ရှုမြင်သည်။
(၆) စီးပွားရေးလုပ်ငန်းတို့မှရရှိသည့်အမြတ်အစွန်းတို့သည် အင်ဖလေးရှင်းကို အရှိန်တက်စေသလား ဟူသော မေးခွန်းနှင့်ပတ်သက်၍ ဖြေဆိုရန်ခက်ခဲသည်ဟု အများစုက ကောက်ချက်ချကြသည်။ စီးပွားရေး ပညာရှင်များကမူ အင်ဖလေးရှင်းကို ဖြစ်စေသော ကိန်းရှင်များစွာ (အခြေအနေများစွာ) ရှိသည်ဟု ဆိုသည်။ စျေးနှုန်းမြင့်တက်မှု ဖြစ်စေသော အချက်များတွင် လုပ်သား လုပ်ခလစာ၊ သွင်းအားစုများ ကုန် ကျစရိတ်၊ အချိန်ကာလတစ်လျှောက် ပြောင်းလဲနေသောအခြေအနေများအပေါ် မူတည်၍တွက် ချက်ထားသည့် အကျိုးအမြတ်များ ပါဝင်နေသည်။ စီးပွားရေးလုပ်ငန်း များ၏ အမြတ်ရရှိမှုကို လွန်ခဲ့သော ဆယ်စုနှစ်အခြေအနေများနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ် အစက တည်းက သိသိသာသာ မြင့်မားလာ ခဲ့သည်ဟု သုံးသပ်ကြသည်။
သို့သော် စီးပွားရေးလုပ်ငန်းများ၏အကျိုးအမြတ်ရရှိမှုသည် အင်ဖလေးရှင်းကို ဖြစ်စေသည်ဟူသော အဆိုနှင့်ပတ်သက်၍ ခိုင်မာသောသက်သေပြချက်ရှိပေ။ စီးပွားရေးလုပ်ငန်းအလိုက် အကျိုးအမြတ် ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်မှုရှိ၊ မရှိ။ အကယ်၍ ရရှိခဲ့ပါက အင်ဖလေးရှင်းဖြစ်ပေါ်မှုနှင့် ဆက်စပ်၍ တွက်ချက်နိုင်ခြင်း ရှိ၊ မရှိ ဟူသောအချက်တို့သည် စိတ်ဝင်စားဖွယ်ကောင်းနေသည်။ စိန့်လူးဝစ် ဗဟိုဘဏ် ဘဏ်ခွဲ (The St.Louis Fed) မှ ကုန်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသော အင်ဖ လေးရှင်းအကြောင်းကို လေ့လာနေသည့် အန်နာမာရီရာစန်တာခရို (Ana Maria Santacreu) ကမူ ထိုအခြေအနေများတစ်ခုချင်း ဆက် စပ်နေမှုအတွက် တိကျသောအဖြေကို ဖမ်းဆုပ်နိုင်ရန်ခက်ခဲနေလိမ့်မည်ဟု ထောက်ပြသည်။
စီးပွားရေးသုတေသီအချို့ကလည်း လုပ်ငန်းများ၏ စျေးကွက်စူးစိုက်မှုစွမ်းရည် (market concentration) ကိုလည်း ထည့်သွင်းစဉ်း စားကြသည်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း လုပ်ငန်းများ၏ စျေးကွက်စူးစိုက်မှုစွမ်းရည်အခြေအနေများသည် ကုန်စျေးနှုန်းများအပေါ် သက်ရောက်မှုရှိစေသည်ဟု သမ္မတဂျိုးဘိုင်ဒင်၏ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင် ဟဲသာ ဘူရှေး (Heather Boushey) ကပြောထားသည်။ သို့သော်ထိုအချက်နှင့် ပတ်သက်၍ငြင်းခုံမှုများ ရှိနေသည်။ စီးပွားရေးပညာရှင်အများစုက လည်း ထိုသို့စျေးကွက်စူးစိုက်မှု (စျေးကွက်ဝေစု) က သက်ရောက်မှုရှိပါက အင်ဖလေးရှင်းအပေါ် သိသာသောသက်ရောက်မှုရှိ၊ မရှိနှင့် ပတ်သက်၍ သံသယရှိနေကြသည်။
(၇) အမေရိကန်စီးပွားရေးအဆောက်အအုံထဲတွင် ဂရိ (ဒ်) ဖလေးရှင်းအမှန်တကယ်ဖြစ်နေသလော။ ရုရှား-ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်ကပ် ရောဂါတို့၏ အကျိုးဆက်ဖြစ်လာခဲ့သည့် ကမ္ဘာ့စီးပွားရေးကသောင်းကနင်းအခြေအနေထဲ၌ ကိုယ်ကျိုး စီးပွားကိုသာကြည့်လွန်းသော စီးပွား ရေးလုပ်ငန်းကြီးများကြောင့် အင်ဖလေးရှင်းသည် သာမန်မဟုတ်သော အခြေအနေမျိုးဖြင့်ဆိုးရွားခဲ့သည်ဟု ယေဘုယျအားဖြင့် ကောက်ချက် ချြ ကသည်။ ယိုင်နဲ့နေသော ကမ္ဘာ့စီး ပွားရေးအခင်းအကျင်းထဲတွင် အလိုရမ္မက်လောဘကြီးထွားမှုက စီးပွားရေးလုပ်ငန်းများကို အကျိုးအမြတ် မြင့်မြင့်မားမားရရှိစေရေး လုပ်ဆောင်ရန် စေ့ဆော်မှုအားကောင်းခဲ့သလော။ သမ္မတ ဂျိုးဘိုင်ဒင်စွပ်စွဲထားသကဲ့သို့ ရေနံကုမ္ပဏီကြီးများ အနေဖြင့် လွန်ခဲ့သောနှစ်များကထက် ပိုမိုများပြားသောအမြတ် အစွန်းများ ရရှိနေပြီလော။
(၈) လေ့လာမှုများတွင် ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေးကျဆင်းမှုများကြား ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီများ၏ အကျိုးအမြတ် (ကော်ပိုရိတ် အကျိုး အမြတ်) မြင့်တက်ခဲ့သည်မှာ မှန် ကန်၏။ သို့သော်နိုင်ငံ၏ပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) နှင့် ချိန်ဆ တွက် ချက်ထားသော အမှန်တကယ်အ ကျိုးအမြတ် (Real Profix) မဟုတ်။ ထို့ပြင် ၂၀၁၂ ခုနှစ်က အင်ဖလေးရှင်းနှုန်း နှစ်-ရာခိုင်နှုန်းသာသာရှိနေချိန်တွင်ရရှိခဲ့သည့် အကျိုးအမြတ်ပမာဏနှင့် ယခု ၂၀၂၁ အကျိုးအမြတ်ရရှိမှု အခြေအနေမှာ အတူတူပင် ဖြစ်သည်ဟု တွေ့ရှိရကြောင်းဆိုသည်။ ထိုအခြေအနေကိုကြည့်၍ အင်ဖလေးရှင်းနှုန်း တည်ငြိမ်နေစဉ်တွင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းသည်ဟု ယူဆနိုင်သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများသည် ထိုအချိန် အင်ဖလေးရှင်းနှုန်း နိမ့်စဉ်အခါက အဘယ်ကြောင့် အကျိုးအမြတ်ပမာဏ မြင့်မားခဲ့သနည်းဆိုသည်ကိုလည်း ရှင်းပြနိုင်စွမ်းမရှိခဲ့။ ဆိုလိုသည်မှာ ရေနံကုမ္ပဏီများအပါအဝင် စီးပွားရေး လုပ်ငန်းများ အကျိုးအမြတ် အလွန်အကျွံရရှိခဲ့သည်ဟူသောအခြေအနေကို တိတိကျကျလေ့လာဖော် ထုတ်နိုင်မှုမရှိသေးခြင်းဖြစ်သည်။
(၉) အင်ဖလေးရှင်းအကြောင်း ပြောဆိုပါက စီးပွားရေးအဆောက်အအုံအတွင်း သုံးစွဲလည်ပတ်နေသည့် ငွေကြေးအခြေအနေများကို ထည့်သွင်းစဉ်းစားခြင်းမရှိပါက ပြည့်စုံမည်မဟုတ်ပေ။ ပိုမိုများပြား လာသော ငွေကြေးပမာဏက မပြောင်းမလဲရှိသည့် ကုန်ပစ္စည်း ထုတ်လုပ်မှုပမာဏနော က်သို့လိုက် နေခြင်းသည် အဓိကကျသော အကြောင်းတရားတစ်ရပ်ဖြစ်ပေ
သည်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အမေရိကန်အစိုးရသည် အစိုးရအသုံးစရိတ်မြှင့်တင်ခြင်းနှင့် ပြည်သူလူထုလက်ထဲသို့ ငွေကြေးပမာဏတိုးမြင့်ထည့်ပေး ခြင်းဟူသော ငွေကြေးပဏာမ တိုးပွားစေသည့် အချက်နှစ်ချက်ပြုလုပ် ခဲ့သည်ကိုလည်း ပြန်လည် သတိပြုရမည်ဖြစ်သည်။
(၁၀) ကနေဒါကဲ့သို့နိုင်ငံအချို့တွင် ဂရိ (ဒ်) ဖလေးရှင်းနှင့်ပတ်သက်၍ စိုးရိမ်မှုသတင်းများ ကြားနေရ၏။ မွေးကတည်းကပါရှိလာသည့် လူတို့ ၏ ပွားများတတ်သော လောဘရမ္မက်ကြောင့် ဂရိ (ဒ်) ဖလေးရှင်းဟူသော ပိုမိုဆိုးရွားသည့် အခြေအနေဖြစ်လာနိုင်သည်ကိုလည်း အ ငြင်းပွားဖွယ်မရှိ လက်ခံရပေ မည်။
လက်ရှိ အမေရိကန်စီးပွားရေး အဆောက်အအုံအတွင်း၌ အင်ဖလေးရှင်းကို ဖြစ်စေသည့် သိသာသော အကြောင်းရင်းများ တွေ့နေ ရသော်လည်း ဂရိ (ဒ်) ဖလေးရှင်း အယူအဆကို ကိုင်စွဲလျက် စီးပွားရေးလုပ်ငန်းများကို လက်ညိုှးထိုးနေသည်ကိုတွေ့ရသည်။ အချို့ဖြစ်ရပ် များသည် အင်ဖလေးရှင်းကို မလွဲ မသွေဖြစ်စေသည်။ အင်ဖလေးရှင်း ဖြစ်စေသည့် အမှန်တကယ်အ ကြောင်းတရားများကို နားလည်နိုင် ရေး အားထုတ်ရန်လိုအပ်သည်။ သုံး သပ်သူအချို့က အစိုးရ အရွယ်အစား ကြီးထွားရေး လုပ်ဆောင်ရန် အကြောင်းပြနေသော သီအိုရီများ စွန့်လွှတ်ရန် အချိန်တန်ပြီဟု သုံးသပ်အကြုံပြုမှုများလည်း ရှိနေ၏။ ကြုံတွေ့နေရသော အခြေအနေများ အပေါ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စိတ်ထင်သလို လုပ်ဆောင်နေသည်များကို လျှော့ချ၍ ပညာရှင်တို့၏အကြံပြုချက်များကို လိုက်နာလုပ်ဆောင်နိုင်ရေး အရေးကြီးကြောင်းကိုလည်း အဆက်မပြတ်ထောက်ပြနေကြရပေသည်။










