၂၀၁၀ ပြည့်နှစ်၊ စာရေးသူ မုံရွာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အချိန်၊ မုံရွာစက်မှုဇုန်တွင် တာဝန်သိစောင့်ရှောက်ခြင်း (Responsible Care) နှင့် ပတ်သက် သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ရာ စာရေးသူ ပါဝင်တက် ရောက် လေ့လာခွင့်ရရှိခဲ့ပါသည်။ အဆိုပါလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာရှိ ပညာရှင်ကြီးများ၊ အထူးသဖြင့် ဂျပန်နိုင်ငံရှိ ပညာရှင်ကြီးများနှင့် မြန်မာပညာရှင်ကြီးများက ဆွေးနွေး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
စာရေးသူအနေဖြင့် တာဝန်သိ စောင့်ရှောက်ခြင်း သဘောတရားကို အထက်ဖော်ပြပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် တက်ရောက် လေ့လာခွင့်ရရှိသည့် အချိန်ကျမှသာ စတင်သိမြင် ကြားဖူးသည့်အဆင့်ဖြစ်ပါသည်။ တာဝန်သိစောင့်ရှောက်ခြင်း သဘောတရားမှာ ကြီးမားကျယ်ပြန့်လှသည့်အတွက် ဦးဆောင်ဆွေးနွေးတင်ပြသည့် ပညာရှင်ကြီးများက ၎င်းတို့၏ဆွေးနွေးရှင်းလင်းတင်ပြချက်များသည် မျက်မမြင်ပုဏ္ဏားခြောက် ယောက်က ဆင်ကြီးကို လက်ဖြင့် စမ်းကြည့်ရာတွင် ထိတွေ့ရသည် ကိုသာ ရှင်းလင်းတင်ပြနိုင်သည့် အခြေအနေအဆင့်သာ ဖြစ်သည်ကို ဝန်ခံပြောကြားခဲ့ကြပါသည်။
ပညာရှင်ကြီးများက ပါဝင်တက်ရောက်သူများ အလွယ်တကူ သိမြင်နားလည်စေရေးအလို့ငှာ ရှင်းလင်းတင်ပြချက်များကို အခြေခံကာ စာရေးသူသိမြင်နားလည်သည့် အတိုင်း တင်ပြရပါလျှင် တာဝန်သိ စောင့်ရှောက်ခြင်း (Responsible Care) ဆိုသည်မှာ “အခြေချနေ ထိုင်လျက်ရှိကြသည့်လူများ၊ ပြည်သူ ပြည်သားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်စေပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အနှောင့်အယှက်မရှိ လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရန်နှင့် စက်ရုံ၊ အလုပ်ရုံများသည်လည်း အနှောင့်အယှက်မရှိ စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်စေရန်အတွက် လူနှင့် စက်ရုံ၊ အလုပ်ရုံတို့အကြား ဖြစ်ထွန်းပေါ် ပေါက်လာစေနိုင်မည့် ၀ိရောဓိများ၊ ပဋိပက္ခများ၊ ပြဿနာများ၊ စိန်ခေါ်မှုများ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းမရှိမီကပင် ကြိုတင်သတိပြု ဆောင်ရွက်နိုင်စေရန်နှင့် ၀ိရောဓိ၊ ပဋိပက္ခ၊ ပြဿနာ၊ စိန်ခေါ်မှုများ ဖြစ်ထွန်း ပေါ်ပေါက်လာခဲ့ပါကလည်း တာဝန်သိစောင့်ရှောက်ခြင်း သဘောတရားများကို အခြေခံကာ ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ပါသည်။”
ဖော်ပြပါ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေစဉ်အချိန်ကတည်းကပင် စာရေးသူအနေဖြင့် မိမိကိုယ် ကိုယ်စိတ်ထဲတွင် မေးခွန်းများ မေးမိလျက်ရှိနေပါသည်။ ဖော်ပြပါမေးခွန်းများမှာ “အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ကို ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ဆောင်ရွက်ခြင်းပြုလုပ်သည့် သတင်းများ မကြားသိရဘဲ အဘယ်ကြောင့် မုံရွာစက်မှုဇုန်တွင် ဦးစားပေးပြုလုပ်ခြင်း ဖြစ်ပါသလဲ” ဆိုသည့်မေးခွန်းနှင့် “မည်သည့် အခြေအနေအကြောင်းတရားများက မုံရွာစက်မှုဇုန်တွင် ဦးစားပေးပြုလုပ်ရန် တည်ရှိ ဖြစ်ပေါ်စေပါသလဲ”ဆိုသည့် မေးခွန်းများဖြစ်ကြပါသည်။
အထက်ဖော်ပြပါ မေးခွန်းများကို ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ကြားသိရသည့်သတင်းများက ဖြေကြားလျက်ရှိနေပါတော့သည်။ စာဖတ်သူများ သိမြင် ကြားသိပြီးဖြစ်မည်ဟု ယူဆပါသည်။ မုံရွာမြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေချနေထိုင်လျက်ရှိကြသည့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကြေးသတ္တုထုတ်လုပ်သည့် လုပ်ငန်း အလုပ်ရုံကိစ္စရပ်များမှာ တိုင်းပြည် နိုင်ငံအတွင်း ထင်ရှားသည့်အဖြစ် အပျက်ကိစ္စရပ်ကြီးအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့ပြီး ယနေ့ထက်တိုင် မမေ့နိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်ကြီးအဖြစ် တည်ရှိနေပါသည်။
စာရေးသူအတွက် ထပ်မံဖြစ် ပေါ်လာသည့် မေးခွန်းများမှာ “စာရေးသူတို့ တက်ရောက်လေ့လာခဲ့ရသည့် တာဝန်သိ စောင့်ရှောက်ခြင်း (Responsible Care) သဘောတရားများကို အထက်ဖော်ပြပါ ဖြစ်စဉ်ဖြစ်ရပ်ကြီးတွင် အသုံးပြုခဲ့ကြပါသလား” ဆိုသည့် မေးခွန်းနှင့် “အထက် ဖော်ပြပါ ဖြစ်စဉ် ဖြစ်ရပ်ကြီးကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများထဲတွင် တာဝန်သိစောင့်ရှောက်ခြင်း (Responsible Care) အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် လူအရေအ တွက် မည်ရွေ့မည်မျှပါဝင်ခွင့်ရရှိခဲ့ ကြပါသလဲ” ဆိုသည့် မေးခွန်းများ ဖြစ်ကြပါသည်။ စာရေးသူ၏အဆင့်နှင့် အထက်ဖော်ပြပါမေးခွန်းများ၏ အဖြေများကို ရှာဖွေတင်ပြရန် မဖြစ်နိုင်ပါ။
အလုပ်ရုံဆွေးနွေးပွဲအတွင်း သိမြင်နားလည်စေခဲ့သည့် အခြေခံအချက်များမှာ တာဝန်သိစောင့်ရှောက်ခြင်း (Responsible Care) သဘောတရားများသည် ဓာတုဗေဒနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံများမှ စတင်ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်ပါသော်လည်း လူသားများ နေ့စဉ် ထိတွေ့ကိုင်တွယ်လျက်ရှိကြသည့် ပစ္စည်းများသည်လည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် သီးနှံများတွင်သော်လည်းကောင်း၊ အစားအစာများနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများတွင်သော်လည်းကောင်း ဓာတုဗေဒပစ္စည်းများမှာ ပါဝင်လျက်ရှိနေပါသဖြင့် နေ့စဉ် လူတို့ရှင်သန်နေထိုင်လျက်ရှိသည့် အခြေအနေအားလုံးတို့တွင် တာဝန်သိ စောင့်ရှောက်ခြင်း သဘောတရားများသည် အကျုံးဝင်လျက်ရှိနေပါသည်။
အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခြင်းကြောင့် စာရေးသူအနေဖြင့် သိမြင်ခဲ့ရသည်ကို အကျဉ်းချုပ်အနေနှင့် တင်ပြရပါလျှင် ပါဝင်ပတ်သက်လျက်ရှိသည့် လူများအားလုံး ဥပမာအားဖြင့် ပတ်ဝန်းကျင်တွင် အခြေချနေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားအားလုံးတို့သည်လည်းကောင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် ပတ်သက်သည့် တာဝန်ရှိသူအား လုံးတို့သည်လည်းကောင်း မှန်ကန်သည့်လုပ်ရပ်များကိုသာ လုပ်ဆောင်ကြရန်နှင့် ပါဝင်ပတ်သက်သူ အချင်းချင်းအကြားတွင် ယုံကြည်မှုကို ခိုင်မာစေရန် အစဉ်အမြဲ တည်ဆောက်ထားရှိရန်ပင် ဖြစ်ပါသည်။
စာရေးသူတို့ တိုင်းပြည်နိုင်ငံအနေနှင့်မူ စစ်အုပ်ချုပ်ရေးကာလကို အချိန်ကြာမြင့်စွာ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ခဲ့သည့်အတွက် လူမှုပဋိညာဉ်သည် ပျက်စီး ယိုယွင်းလျက် တည်ရှိနေပါသဖြင့် ပြည်သူပြည်သား အချင်းချင်း အကြားတွင်သော်လည်းကောင်း၊ ကုမ္ပဏီ၊ အဖွဲ့အစည်းအချင်းချင်း အကြားတွင်သော်လည်းကောင်း ယုံကြည်မှုကို တည်ဆောက်နိုင်ရန်မှာ စိန်ခေါ်မှုများ အမြောက်အမြား ဖြစ်ပေါ်လျက်ရှိနေသည့် အခြေအနေဖြစ်ပါသည်။ ဖော်ပြပါစိန်ခေါ်မှုများကို ကျော်လွှားစေနိုင်ရေးအတွက် စတင်ကျင့်သုံးအကောင်အထည်ဖော်သင့်သည့်အချက်မှာ တာဝန်သိ စောင့်ရှောက်ခြင်း (Responsible Care) သဘောတရားများကို အခြေခံပြီး တိုင်းပြည်နိုင်ငံတော် အတွင်းရှိ ကိစ္စအရပ်ရပ်အား သတိပြုအကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ပါသည်။
စာရေးသူအနေဖြင့် တာဝန်သိ စောင့်ရှောက်ခြင်း လုပ်ငန်းစီမံကိန်းကြီးများ (Responsible Care) တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံ မရှိခဲ့ပါ။ အထက်တွင်ဖော်ပြခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အတွေ့အကြုံသာရှိပါသည်။ သို့သော်လည်း စာရေးသူအနေဖြင့် တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုသည့် အကြောင်းအရာဖြစ်စဉ် ဖြစ်ရပ်များကို တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်သည့်အနေနှင့် ယခု ဆောင်းပါးကို ရေးသားတင်ပြနိုင်ရန် အကြောင်းဖြစ်စေခဲ့ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာဖတ်သူများအနေဖြင့် တာဝန်သိစောင့်ရှောက်ခြင်း သဘောတရား (Responsible Care) ၏အခြေခံများကို အလွယ်တကူ သိမြင် နားလည်နိုင်စေရန်၊ စာရေးသူတို့ တိုင်းပြည်နိုင်ငံအနေနှင့် စစ်အုပ်ချုပ်ရေးစနစ်အား ကာလတာရှည် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သဖြင့် ပျက်စီး ယိုယွင်းလျက်ရှိသည့် လူမှုပဋိညာဉ်ကို ပြန်လည်တည်ဆောက်နိုင်စေရေး အလို့ငှာ တာဝန်သိစောင့်ရှောက်ခြင်း သဘောတရားများကို စတင်အသုံးပြုနိုင်စေရန်နှင့် တိုင်းပြည်နိုင်ငံအတွင်း ကျင်းပ ပြုလုပ်သည့် ဖိုရမ်များ၊ ကွန်ဖရင့်များ၊ တွေ့ဆုံ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများက ရရှိသည့် ရလဒ်များကို တိုင်းပြည် နိုင်ငံအတွင်း ၀ိရောဓိများ၊ ပဋိပက္ခများ၊ ပြဿနာများ၊ စိန်ခေါ်မှုများ ဖြစ်ထွန်းပေါ်ပေါက်လာပါက တိုက်ရိုက်ရယူ အသုံးပြုနိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ တာဝန်သိ စောင့်ရှောက်ခြင်း (Responsible Care) ၏ အဓိပ္ပာယ်နှင့် ထားရှိရမည့်အခြေခံမူများကို တင်ပြပါမည်။ ယခုတင်ပြမည့် အကြောင်းအရာများသည် (Reference : 1) တွင် ဖော်ပြထား သည့် အချက်အလက်များအပေါ်တွင် အခြေခံကာ တင်ပြခြင်းဖြစ်ပါသည်။ တာဝန်သိ စောင့်ရှောက်ခြင်း (Responsible Care) ၏ အဓိ ပ္ပာယ်အကျဉ်းကို တင်ပြရပါလျှင် - “Responsible care is a culture that focuse s on doing the right thing and demonstrating its commitment to public veri-fication.” (Reference: 1, pp – 2). ဖော်ပြထားချက်အရ - တာဝန်သိ စောင့်ရှောက်ခြင်းဆိုသည်မှာ ယဉ် ကျေးမှုတစ်ရပ်ဖြစ်ပြီး မှန်ကန်သည့် လုပ်ငန်းရပ်များကိုသာ လုပ်ကိုင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ပြည်သူလူထု၏ စိစစ်ခြင်း၊ အတည် ပြုခြင်းများကို လက်ခံ၊ ခံယူပါမည် ဆိုသော ကတိပြုချက်များအား ထင် ထင်ရှားရှား သက်သေအဖြစ် ပြသရန် ဦးတည်ချက်များ ထားရှိခြင်းကို ခေါ်ဆိုပါသည်။
ယုံကြည်မှု တည်ဆောက်ခြင်းသည် တာဝန်သိစောင့်ရှောက်ခြင်း၏ အဓိကမောင်းနှင်အားဖြစ်ပြီး ထားရှိရမည့် အခြေခံမူ သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) မှန်ကန်သည့် လုပ်ငန်းရပ်များကိုသာ လုပ်ကိုင်ဆောင်ရွက်ခြင်း (Doing the Right Thing)
(၂) ပြည်သူလူထုနှင့် သက်ဆိုင်သည့် ပြည်သူ့ရေးရာကိစ္စရပ်များအား စိတ်ပါဝင်စား၊ လိုလိုလားလားနှင့် ပွင့် လင်းမြင်သာစွာ ချပြပြီး ဆောင်ရွက် ခြင်း (Being Open and Responsive to Public Concerns)
(၃) ထုတ်ကုန်များနှင့် ပတ်သက်ပြီး ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက် ထုတ်လုပ်မှု စတင်သည်မှ ထုတ်လုပ် မှုပြီးဆုံးသည်အထိ တစ်ဖန် ထုတ် လုပ်မှုပြီးဆုံးသည်မှ ထုတ်လုပ်မှု စတင်သည်အထိ အပြန်ပြန်အလှန် လှန် စောင့်ရှောက်ခြင်း (Caring about Products from Cradle to Grave to Cradle Again)
ဒုတိယအနေဖြင့် တာဝန်သိ စောင့်ရှောက်ခြင်း ဖြစ်ထွန်းပေါ် ပေါက်လာစေခဲ့သည့် သမိုင်းကြောင်း အကျဉ်းနှင့် သဘောတရားများကို ရှင်းလင်းတင်ပြပါမည်။
၁၉၇၃ ခုနှစ်တွင် တာဝန်သိစောင့်ရှောက်ခြင်းကို ကနေဒါနိုင်ငံရှိ ကနေဒါ ဓာတုပစ္စည်းထုတ်လုပ်သူများအသင်း (the Canadian chemical Producer’s Association (CCPA)) က စတင်ခဲ့ပြီး ၂၀၀၉ ခုနှစ်သို့ ရောက်ရှိချိန်တွင်မူ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံပေါင်း ၅၀ ကျော်ရှိ ဓာတုဗေဒနှင့် သက်ဆိုင်သည့် အသင်းအဖွဲ့များသို့ ရောက်ရှိကာ ၉၀ ကျော်သောနိုင်ငံစုံ ကုမ္ပဏီကြီးများ (Multinational Companies) တွင်ရှိ အမှုဆောင် အရာရှိချုပ်ကြီးများ (The Chief Executive Officers) က ကမ္ဘာလုံး ဆိုင်ရာ တာဝန်သိစောင့်ရှောက်ခြင်း ပဋိညာဉ်စာတမ်း (The Respon-sible Care Global Charter) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ (Reference: 1, pp – 1).
အထက်တွင်ဖော်ပြခဲ့သည့် သမိုင်းကြောင်းဖြစ်စဉ်ဖြစ်ရပ်များအရ အခြေခံသဘောတရား (Basic Philosophy) ဖြစ်တည်လာခဲ့ပုံကို အဆင့်အလိုက် တင်ပြရပါလျှင် - (Reference: 1, pp – 8 – 13). ပထမ အဆင့်အနေဖြင့် (Building Trust in Canada: An On-going Mission) ကနေဒါနိုင်ငံအတွင်း နောင်အနာဂတ်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ယုံကြည်မှုတည်ဆောက် ခြင်းကို မဖြစ်မနေ ပါဝင်စေရမည်ဆို သည့် သဘောတရားကို ဖြစ်ထွန်း ပေါ်ပေါက်လာစေခဲ့ပါသည်။
ဒုတိယအဆင့်အနေဖြင့် (Integrating the Social Dimension) တာဝန်သိ စောင့်ရှောက်ခြင်းသည် ပြည်သူလူထုနှင့် ယုံကြည်မှုကို တည် ဆောက်ရာတွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် ပတ်သက်သည့်ကိစ္စရပ် များနှင့် ကျန်းမာရေးနှင့် ပတ်သက် သည့် ကိစ္စရပ်များကို ရှင်းလင်းဖော် ပြပြီး မဖြစ်မနေ ဦးတည်ဆောင်ရွက် ရမည်ဆိုသည့် သဘောတရားဖြစ် ထွန်း ပေါ်ပေါက်လာပါသည်။ ထို့ ကြောင့်လည်း တာဝန်သိစောင့် ရှောက်ခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု (Sustainable Development) အတွက် အခြေခံ သင်ပုန်းကြီးဖတ်စာကဲ့သို့ ရပ်တည်နေပါသည်။
တတိယအဆင့်အနေဖြင့် (Transition at the International Level: Global Expansion) တာဝန်သိစောင့်ရှောက်ခြင်းအား နိုင်ငံတကာအဆင့်မှသည် ကမ္ဘာ့အဆင့်သို့ တိုးမြှင့်နိုင်စေခဲ့ပါသည်။ ဓာတုဗေဒအသင်း နိုင်ငံတကာကောင်စီ (The International Council of Chemical Association (ICCA)) သည် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (The United Nations Environment Program (UNEP) နှင့် ဆက်သွယ်ပူးပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ တာဝန်သိစောင့်ရှောက်ခြင်း ပဋိညာဉ်စာတမ်း (Responsible Care Global Charter) ကို သဘောတူချမှတ် ပြုစုနိုင်ခဲ့ပါသည်။ အဆိုပါ စာတမ်းအရ ကမ္ဘာလုံးဆိုင် ရာ တာဝန်သိစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့် အဓိကအခြေခံမူ များ (Core Principles) ကို ချမှတ် နိုင်ခဲ့ပါသည်။ အခြေခံမူများကို အသေးစိတ် တင်ပြခြင်း မပြုတော့ပါ။
တတိယအနေဖြင့် တာဝန်သိ စောင့်ရှောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည့် အခြေအနေများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုအခြေအနေများကို တင်ပြပါမည်။ (Reference: 1, pp – 13 - 20). ယခုတင်ပြမည့် အကြောင်း အရာများသည် ကျယ်ပြန့်ပြီး နည်း ပညာရပ်ဆိုင်ရာများ ပါဝင်လျက်ရှိ နေပါသဖြင့် မှတ်စုအဆင့်သာတင်ပြ နိုင်ပါသည်။
■ အကောင်အထည်ဖော်ဆောင်ရွက် ကြသည့် အခြေအနေများ
တာဝန်သိစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များကို တာဝန်ယူ ဆောင်ရွက်မောင်းနှင်မည့်သူများ အပေါ်တွင် ပုံရိပ်ထင်ဟပ်စေခြင်း (Reflection on Drivers) “စတင်ကတိပေးပြီးသော လုပ်ငန်းများအတွက် လုံခြုံစိတ်ချ နိုင်စေရန် ဆောင်ရွက်ထားရှိခြင်း (Securing Initial Commitment)”
• အန္တရာယ်ရှိပြီး စွန့်စားရသည့် ဆက်သွယ်ဆက်ဆံရေးကို ဆောင်ရွက်ရန်လိုအပ်ခြင်း (The Need for Risk Communication)
• စီးပွားရေးလုပ်ငန်းများက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် တာဝန်သိစောင့်ရှောက်ခြင်းများ (The Business Case for Responsible Care)
• ကော်ပိုရိတ်လုပ်ငန်းကြီးများက အကောင်အထည်ဖော်ဆောင်ရွက် ရမည့် လူမှုရေးတာဝန်ဝတ္တရားများ (Corporate Social Responsibility)
• “အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုအခြေအနေများ (Opera-tional Challenges)”
• ရှုထောင့်ပေါင်းစုံ၊ အကြံပြု ချက်မျိုးစုံနှင့် ကောင်းမွန်ပြည့်စုံသည့် စနစ်တစ်ရပ်ထူထောင်ပြီး လုပ်ငန်းကိစ္စရပ်များကို ကျော်လွှား အောင်မြင်စေရန် ဆောင်ရွက်နိုင် ခြင်း (Overcoming a Legal Mentality)
• လူ့ကျင့်ဝတ်နှင့်ဆိုင်သော အပြုအမူသည် လူ့ဘောင်အဖွဲ့အ စည်း အတွင်း ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာ အခြေအနေတစ်ရပ်ဖြစ်ပြီး ယုံကြည်မှုကို တည် ဆောက်ရာတွင်မူ ပြင်ပမှ လက်ခံမှုရှိ ခြင်း။မရှိခြင်းအပေါ်တွင် လုံးဝ မူတည်နေပါသည်။ (Ethical Behaviour has a Social Context, upon Which Trust will be Built through External Acceptance)
• အလုပ်အမှုဆောင်အရာရှိကြီးများ၏ အပြည့်အဝ ကတိပြုဆောင် ရွက်ခြင်းအပေါ်တွင် ရှာဖွေခြင်းနှင့် ရယူသိုမှီးခြင်းသည် မူတည်လျက်ရှိ နေပါသည်။ (Seeking and Acquiring Full CEO Commitment)
• လုံးဝဥဿုံပြီးပြည့်စုံရန်အတွက် လိုအပ်ချက်ရှိနိုင်သည်ကို လက်ခံရမည်ဖြစ်ပါသည်။ (Acce-ptance of the Need for Compre-hensiveness)
• စတင်သည့်အချိန် အောင်မြင် မှုသည် အားအနည်းဆုံး အချိတ်အ ဆက်ကွင်းဆက်ဖြစ် နိုင်သည်ကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ (Recognizing that the Weakest Link could defeat the Initiative)
• ပြိုင်ဆိုင်မှု ဝန်ထုပ်ဝန်ပိုးထက် ပိုမိုလွန်ကဲသည့်အခြေအနေအဖြစ် တာဝန်သိစောင့်ရှောက်ခြင်းအပေါ် ကြောက်ရွံ့စိုးရိမ်သည့် ဘေးအန္တ ရာယ်ကို ကျော်လွှားလွန်မြောက်နိုင် စေရပါမည်။ (Overcoming Fears of Responsible Care as undue Competition Burden)
နောက်ဆုံးအနေဖြင့် တာဝန်သိစောင့်ရှောက်ခြင်းကို မြန်မာနိုင်ငံတွင် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်မည်ဆိုပါက ဖြစ်နိုင်မည့်အခြေအနေ၊ အလားအလာများကို စာရေးသူ၏ အမြင်သက်သက် ဖြင့်တင်ပြပါမည်။ တာဝန်သိစောင့် ရှောက်ခြင်းနှင့်ပတ်သက်သည့် သဘောတရားများ၊ လုပ်ငန်းစဉ်များ သည် နိုင်ငံတကာအဆင့်၊ ကမ္ဘာလုံးဆိုင်ရာအဆင့်သို့ ရောက်ရှိတည်ရှိ နေပြီဖြစ်ပါသဖြင့် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက အခြေခံမူများ၊ ဥပဒေစည်းမျဉ်း စည်းကမ်းကျင့်ဝတ်များ၊ တည်ဆောက်ထားရှိသည့် စနစ်များ၊ စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များ၊ တွေ့မြင်နိုင်သည့် သိသာထင်ရှားသော လုပ်ငန်း ဆောင်ရွက်မှု အတိုင်းအတာများကို မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီစေရန် အနည်းငယ် လုံ့လစိုက် ထုတ်ရုံမျှဖြင့် အလွယ်တကူ အဆင်သင့် အသုံးပြုနိုင်မည်ဟု ထင်မြင်ပါသည်။
ပုံတွင် တာဝန်သိစောင့် ရှောက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသုံးပြုရမည့် (က) လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဘေးအန္တရာယ်များ၊ (ခ) ရုပ်ဝတ္ထုပစ္စည်းများအပေါ် ထိခိုက်ပျက်စီးစေနိုင်သည့် ဘေးအန္တရာယ်များ၊ (ဂ) ပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးစေနိုင်သည့် ဘေးအန္တရာယ်များကို တင်ပြထားပါသည်။ နည်းပညာရပ်များ နက်နက်နဲနဲ ပါဝင်နေပါသဖြင့် အသေးစိတ်ကို ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာဖတ်သူများအနေနှင့် တာဝန်သိစောင့်ရှောက်ခြင်း သဘောတရား (Responsible Care) ၏ အခြေခံများကို အလွယ်တကူ သိမြင် နားလည်နိုင်စေမည်ဟု မျှော်လင့်မိပါသည်။ စာရေးသူတို့ တိုင်းပြည်နိုင်ငံအနေနှင့် စစ်အုပ်ချုပ်ရေးစနစ်ကို ကာလတာရှည် ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သဖြင့် ပျက်စီးယိုယွင်းလျက်ရှိသည့် လူမှုပဋိညာဉ်ကို ပြန်လည်တည်ဆောက်နိုင်စေရေးအလို့ငှာ တာဝန်သိ စောင့်ရှောက်ခြင်း သဘောတရားများကို စတင် အသုံးပြုနိုင်ကြပါစေကြောင်းနှင့် တိုင်းပြည်နိုင်ငံအတွင်း ပြုလုပ်ခဲ့သည့် ဖိုရမ်များ၊ ကွန်ဖရင့်များ၊ တွေ့ဆုံ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲ များက ရရှိသည့်ရလဒ်များကို တိုင်းပြည်နိုင်ငံအတွင်း ၀ိရောဓိများ၊ ပဋိပက္ခများ၊ ပြဿနာများ၊ စိန်ခေါ်မှုများ ဖြစ်ထွန်းပေါ်ပေါက်လာပါက တိုက်ရိုက်ရယူ အသုံးပြုနိုင်စေရေး ကို အစွမ်းကုန်ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References:
1. Peter Topalovic, Gail Krantzberg and Joanne West (2011), “Responsible Care: History & Development”, January 2011, ResearchGate.










