"နိဒါန်း"
ကျွန်တော်တို့မမွေးသေးတဲ့ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကနေ တွက်ကြည့်ရင် ဒီနေ့ဟာ ၅၆ နှစ်တင်းတင်း ပြည့်တဲ့ရက်ပဲ။
ကျွန်တော်တို့မောင်နှမတစ်တွေ မွေးတဲ့အချိန်မှာ အဖေ့ဘက်က အဖေနဲ့အမေ၊ ဘဘ ဦးဘိုးထွားနဲ့ အမေကြီး ဒေါ်စုတို့ကို တွေ့မြင်ကြုံဆုံ အတူနေလိုက်ကြရပေမဲ့ အမေ့ဘက်က အဖေနဲ့အမေ၊ ဦးအေးမောင်နဲ့ ဒေါ်ဇင်ဆိုတာ နာမည်ပဲကြားရပြီး ဒီဘဝမှာ ဘယ်လိုမှ မကြုံဆုံခဲ့ရပါဘူး။ အဘ ဦးအေးမောင်ကို ဓာတ်ပုံထဲမှာမြင်ရပြီး အဘွား ဒေါ်ဇင်ဆိုရင် ဓာတ်ပုံတောင်မှ မကျန်ခဲ့ပါဘူး။
လူတစ်ယောက်ရဲ့ အဘိုး၊ အဘွားအကြောင်းဟာ ပုဂ္ဂလဓိဋ္ဌာန်တွေမို့ စာတစ်စောင်၊ ပေတစ်ဖွဲ့ရေးရင် ပျင်းစရာကြီး၊ ဒါမှမဟုတ် မထူးပါဘူးကွာလို့ အပြောလွယ်နိုင်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ပခုံးပေါ်ကို ဟောဒီတိုင်းပြည်ကြီးမှာ ဖြတ်သန်းသွားခဲ့တဲ့ သမိုင်းခေတ်တစ်ခေတ်က ဖိပစ်လိုက်တာ။ ကျွန်တော်တို့ မမြင်လိုက်ရတဲ့ ဘဘ ဦးအေးမောင်က ဌာနာအုပ်၊ အဘွား ဒေါ်ဇင်က အလွန်ချောမောတဲ့ စေတုတ္တရာဇာတိ အရပ်သူတဲ့။ မေမေ ပြန်ပြောပြတာ။
( တစ် )
သိချင်တဲ့အကြောင်းအချက်ကို ရှာရလွယ်တဲ့ အခုလို အင်တာနက်ခေတ်မှာ စေတုတ္တရာ (အင်္ဂလိပ်လို Sidoktaya၊ မြန်မာလိုရေးတဲ့အခါ တဝမ်းပူ ထဆင်ထူးဆင့် "တ္ထ" နဲ့ တဝမ်းပူနှစ်လုံးဆင့် "တ္တ" လို့ တွေ့ရပါတယ်။ အစဉ်အဆက် ပေါင်းခဲ့တာကတော့ "စေတုတ္ထရာ" ပါ) ဆိုတဲ့မြို့ဟာ မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၆ မိနစ် ၄၈ စက္ကန့်နဲ့ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၄ မိနစ် ၄၄ စက္ကန့်ဆုံရာ ကိုဩဒီနိတ်အမှတ်မှာ ရှိပါတယ်။ မင်းဘူးခရိုင်အတွင်း စလင်းမြို့ရဲ့
အနောက်မြောက်ဘက် မိုင် ၄၀ နီးပါး အကွာမှာပါ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်အတွင်းလူဦးရေ ၄၇,၅၂၆ ဦးရှိကြောင်း ပြပါတယ်။
အဘဦးအေးမောင် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် စေတုတ္တရာအကြောင်းကို ခြေရာခံကြည့်တဲ့အခါ နယ်ပိုင်ကြီး ဦးစိန်တင် (သိပ္ပံမောင်ဝ) ရဲ့ စာတွေမှာ သွားတွေ့ရတယ်။ အဲဒီစာတွေကို ဖတ်ကြည့်လို့ အင်ပိုင်ယာဝါဒနဲ့ သူ့ကျွန်ဘဝဆိုတာကို ဖယ်ကြည့်လိုက်ရင် စလင်းကနေ စေတုတ္တရာအသွား လမ်းဆိုးပေမဲ့ နှစ်လိုဖွယ်ရာ မြင်ကွင်းတွေ၊ ဗျူရိုကရက်ယန္တရား မောင်းနှင်ပုံနဲ့ ဒေသခံတွေရဲ့ အရိုးခံ မြင်ပုံ၊ တွေးပုံ၊ ပြောပုံတွေကို ဖတ်ရမှာပါ။
အဲဒီကာလက တည်ဆဲအစိုးရကို လက်နက်ကိုင်ခြားနားသူလည်း မရှိလေတော့ သိပ္ပံမောင်ဝဟာ စလင်းကနေ စေတုတ္တရာကို ကုန်းလမ်းကနေ ကား၊ လှည်းအဆင့်ဆင့်နဲ့ သွားပြီး အပြန်မှာ မုန်းချောင်းတစ်လျှောက်စုန်ရင်း ပွင့်ဖြူ၊ မဲဇလီကနေ စလင်းကို ကုန်းကြောင်းပြန်ခဲ့ပါတယ်။
အဘ တာဝန်ထမ်းဆောင်ရတဲ့ကာလက မြန်မာပြည်ကို ဒုတိယကမ္ဘာစစ်ကြီးရောက်နေပါပြီ။ သူက မင်းဘူးဇာတိ၊ မိဘများက ဦးဘိုးထွား၊ ဒေါ်စိန်ရံနုတဲ့။ မောင်နှမငါးယောက် ပေါက်ဖွားရာမှာ အမကြီးဒေါ်သန်း၊ အဘ ဦးအေးမောင်၊ သူ့အောက်ညီတွေက တိမွေးကုဝန်ထောက် ဦးသိန်းမောင်၊ မီးရထားရုံပိုင်ကြီး ဦးတင်မောင်နဲ့ ဆည်မြောင်း ဦးမြသန်းဆို ရှိကြပါတယ်။ အကြီးဆုံးအစ်မ အမေသန်းရဲ့ဘဝကလည်း နောက်ပိုင်းဇာတ်ထုပ်ကြီးထက် နာပါတယ်။ သူ့ယောကျ်ား မကွေးကိုသွားတဲ့နေ့၊ မင်းဘူးနဲ့ မကွေးကမ်းနားကို ဗုံးကြဲတဲ့အချိန် လူတွေ အတုံးအရုံးသေကြတာပဲလို့ ကြားလိုက်ရပြီး သူဆီကို ခင်ပွန်းဖြစ်သူ ပြန်မလာတော့ပါဘူး။ကျွန်တော်တို့ကြီးတဲ့အထိ အမေသန်းကို တွေ့လိုက်ရပြီး တစ်ခါတစ်ရံ သူ့စိတ်တွေ မတည်မငြိမ်ဖြစ်လာရင် ဘုရားပန်းအိုးလဲပြီး ဘုရားရှိခိုးအစုံ ထိုင်ရွတ်ရင်း ကန်တော့တော့တာပဲ။ "က" ကြီးကနေ "အ" အထိ ဘုရားရှိခိုးစာ အမေသန်းရွတ်ဆိုပုံဟာ ညွတ်ညွတ်ပျောင်းပျောင်းနဲ့ အင်မတန်လွမ်းစရာကောင်းလှတယ်။
အဘ ဦးအေးမောင်က အင်္ဂလိပ်ခေတ်မှာ ဆပ်ကျောင်း (ရဲကျောင်း) တက်ပြီး အဆင့်ဆင့်တာဝန်ထမ်းရင်း ရဲအရာရှိ ဖြစ်လာသူပါ။ မေမေက ၁၉၄၅ ခုနှစ်၊ မတ်လဖွား။ မေမေ့အထက်မှာ အကြီးသုံးယောက်လည်း ရှိသေးတယ်ဆိုတော့ အဘနဲ့ အမေဇင် အိမ်ထောင်ကျကြတာ အင်္ဂလိပ်တွေ အိန္ဒိယကို အဆုတ်၊ ဂျပန်နဲ့ ဘီအိုင်အေ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းတဲ့အချိန်လောက်လို့ မှန်းကြည့်ရတာပဲ။
အဘွား ဒေါ်ဇင်ရဲ့ မိဘများက စေတုတ္တရာ သူကြီးမျိုးရိုး။ ဦးဘိုးဘ၊ ဒေါ်နုတဲ့။ စေတုတ္တရာကို လာပြီးတာဝန်ထမ်းဆောင်တဲ့အဘနဲ့ အပျိုချောအဘွားတို့ အကြောင်းပါကြတာပေါ့။ ဒါပေမဲ့ သူတို့အိမ်ထောင်သည်ဘဝဟာ ပျားရည်ဆမ်းဖို့ နေနေသာသာ၊ အသက်တောင်မှ ဝအောင်ရှူရင်း အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါးနေရချိန် နှစ်ပေါက်အောင်တောင် ရှိခဲ့ကြပုံမရပါဘူး။
( နှစ် )
တကယ်တော့ စေတုတ္တရာဟာ လွတ်လပ်ရေးမရခင် ဒုတိယကမ္ဘာစစ်ကတည်းက လက်နက်ကိုင်အင်အားစုတချို့အခြေပြုရာဒေသ ဖြစ်ခဲ့တယ်။ တစ်ခါ လွတ်လပ်ရေးရပြီးလို့ တောခိုကြတဲ့အခါ သခင်သန်းထွန်းရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရော၊ သခင်စိုးရဲ့ ကွန်မြူနစ်ပါတီ ဗမာပြည်ပါ လှုပ်ရှားခဲ့ရာ ကျောရိုးဒေသ ဖြစ်ခဲ့ပါတယ်။
အမေ့ကိုမွေးတဲ့ ၁၉၄၅ ခုနှစ် မတ်လဟာ ဖက်ဆစ်တော်လှန်ရေးလုပ်တဲ့ကာလပဲ။ အဲဒီတုန်းက ရေနံချောင်းရဲစခန်းမှာ အဘတာဝန်ကျတုန်း မွေးခဲ့တာမို့ အမေ့ရဲ့ချက်မြှုပ်ဇာတိဟာ ရေနံချောင်းမြို့ပါ။ အဘွားက အမေ့ကိုမွေးပြီးတော့ သူ့ကို ကြီးတော် အပျိုကြီးနဲ့ စေတုတ္တရာ၊ အဘိုးအဘွားမိသားစုအိမ်မှာ နေစေခဲ့တယ်။ မွေးစပေါက် လသမီးအရွယ်ကတည်းက ကွဲကွာခဲ့တာမို့ အမေဟာ ကလေးဘဝ ငါးနှစ်သမီးလောက်အထိ သူ့အဖေနဲ့ ကောင်းကောင်းမတွေ့ဖူးပါဘူး။
ဖြစ်ရပုံက ဒီလိုပါ။
လက်နက်ကိုင်ရောင်စုံတွေနဲ့ အမည်းရောင်နယ်မြေဖြစ်တဲ့ စေတုတ္တရာမှာ အစိုးရဝန်ထမ်း၊ အထူးသဖြင့် လက်နက်ကိုင်ဝန်ထမ်းက တစ်လမှာ ရက် ၃၀ အပြည့် အဲဒီမြို့မှာ နေလို့မရဘူး။ အနီးဆုံးဖြစ်တဲ့ စလင်းမြို့မှာပဲ အခြေပြုရင်း စေတုတ္တရာကို တစ်လှည့်စီ "စီမံ" ခဲ့ကြပုံရပါတယ်။ အဘက လူချစ်လူခင်လည်းပေါ၊ တပည့်တပန်းလည်းရှိ၊ မယားပါ စေတုတ္တရာသားလည်း ဖြစ်နေတော့ကာ ကျန်တဲ့လက်နက်ကိုင်အင်အားစုတွေ မြို့ပေါ်တက်လာချိန်၊ တရားဟောချိန်၊ ဆက်ကြေးကောက်ချိန်ဆိုရင် စေတုတ္တရာအထိ မလာသေးဘဲ စလင်းနဲ့ စေတုတ္တရာကြားက စခန်းတစ်ခုခုမှာ နားရင်းစောင့်ဆိုင်းဖို့ နယ်ခံတွေက သတင်းပို့ကြတယ်တဲ့။ အဲဒီအဖွဲ့တွေ ပြန်သွားချိန်ကျမှ ကိုယ့်ရဲဌာနကို ကိုယ်တိုင်သွား၊ အစီအမံလုပ်ရတာပါ။ တစ်ခါတလေ လက်နက်ကိုင်အင်အားစုတွေက မြို့ကိုစီးနင်းထားချိန် ကြာတဲ့အခါ လနဲ့ချီပြီး စလင်းမှာ နေခဲ့ရတယ်။ ဒါကြောင့် 'ကုလားမလေး' လို့ ငယ်နာမည်ပေးထားတဲ့ ကျွန်တော့်အမေဟာ ဘိုးဘွား၊ ကြီးတော်၊ ဦးကြီး ဦးလေးတွေနဲ့ စေတုတ္တရာမှာ ကျန်ရစ်ပြီး ဘအေးမောင်နဲ့ အမေဇင် လင်စုံမယားဘက်ကတော့ စလင်းမှာ အခြေချနေကြရချိန်များတဲ့ပုံပါပဲ။
အမေကလေးဘဝ သူ့ဘိုးဘွားမိသားစုနဲ့ စေတုတ္တရာမှာ နေရချိန်အတွင်း တောခိုလာတဲ့ ရန်ကုန်သားပညာတတ် ကွန်မြူနစ်အစ်ကိုတစ်ယောက်က မြို့ပေါ်တက်လာတိုင်း အမေ့ကို လာလာကြည့်သတဲ့။ "ရန်ကုန်မှာကျန်ခဲ့တဲ့ ကျွန်တော့်နှမလေးနဲ့ တူလို့ပါ။ သူ့ကိုသတိရတိုင်း အလွမ်းပြေ လာလာကြည့်တာ"လို့ ပြောပြီး သူ့မှာပါလာတဲ့ မုန့်အထူးအဆန်းလေးတွေ ကျွေးသွားတယ်။ "အစိုးရတပ်တွေ စီးမိပြီးနောက်ပိုင်း အဲဒီအစ်ကိုကြီးကိုလည်း မတွေ့ရတော့ဘူး သား" လို့
မေမေပြောဖူးတယ်။
အဘွား ဒေါ်ဇင်ဟာ မေမေ့ကိုမမွေးခင် အကြီးလေးယောက် အဖတ်မတင်ခဲ့ဘူး။ ဒါကြောင့် စနေသမီး မေမေ့ကို ဘိုးဘွားမိဘတွေက မွေးစားပြီး မေမေ့ရဲ့အောက် ထပ်မွေးတဲ့ နှစ်ယောက်ကိုလည်း မေမေ မမြင်ဖူးလိုက်ဘူး။ သတ္တမမြောက် ကိုယ်ဝန်ရင့်လာချိန်မှာ အမေဇင့်ကို ခင်ပွန်းဖြစ်သူ အဘအေးမောင်က သူ့ညီအငယ်ဆုံးလင်မယားရှိရာ မင်းဘူးဆည်မြောင်းအိမ်ရာကို ပို့ထားတယ်။ စေတုတ္တရာကို ကွန်မြူနစ်တွေ သိမ်းလိုက်ပြီဆိုတဲ့သတင်း မင်းဘူးကို ရောက်လာချိန်မှာ နောက်ထပ်ရင်သွေးမွေးစ၊ မီးတွင်းထဲက အဘွားဟာ တစ်မြို့စီဝေးနေတဲ့ သူ့သမီးအတွက်စိတ်ပူပြီး "ကုလားမလေး။ ကုလားမလေး" လို့ နှုတ်ကတဖွဖွရေရွတ်ရင်း မင်းဘူးမှာ သွေးတက်ပြီးတော့ ကွယ်လွန်သွားခဲ့တယ်။ (ဘအေးမောင်နဲ့ အမေဇင် မွေးခဲ့သမျှ ကလေးခုနစ်ယောက်မှာ မေမေတစ်ယောက်တည်းပဲ အဖတ်တင်ပါတယ်။)
ဒီတော့ မေမေဟာ သူ့အဖေကို အတော်မှတ်မိတတ်တဲ့ အရွယ်ရောက်မှ ပြန်တွေ့ရတာ။ စေတုတ္တရာ ရဲစခန်းရဲ့ ဌာနာအုပ်ဖြစ်တဲ့ ဘအေးမောင်ဟာ သူ့သမီးကို ပြန်တွေ့ချိန်ကစပြီး အဖြူရောင်နယ်မြေမှာရှိတဲ့ မွေးချင်းညီအစ်ကို မောင်နှမတွေရဲ့အိမ်မှာ တစ်လှည့်စီထား၊ သူက လိုအပ်တဲ့ငွေပို့ပြီး ကြီးပြင်းစေခဲ့ပါတယ်။ မေမေက မညည်းညူတတ်ပေမဲ့ သူပြန်ပြောတတ်တဲ့စကားထဲကနေ ရိပ်ဖမ်းသံဖမ်းသိရတာက အရွယ်အရ လူကကြီးပြီး အတန်းကငယ်နေတာ၊
စေတုတ္တရာမှာ ကျန်ခဲ့တဲ့ အမျိုးတွေ၊ ဇာတိရဲ့ အရိပ်အယောင်တွေကို လွမ်းဆွတ်နေခဲ့ရင်း အဲဒီနှစ်တွေအတွင်း လူလားမြောက်ခဲ့ရပုံပါ။ မိတဆိုးလည်းဖြစ်၊ ဖအေနဲ့လည်း ခွဲနေရသူမို့ မေမေ့ကို သူ့ဦးလေးတွေ၊ အဒေါ်ကြီးနဲ့ တစ်ဝမ်းကွဲတွေ၊ အမျိုးတွေက သိပ်ချစ်ကြတယ်။ သနားစရာဖြစ်ရပ်တွေကြားက ဆွေမျိုးတွေရဲ့ ကရုဏာတရားကို သူ ပြန်ရတယ်လို့ တွေးမိပါတယ်။
( သုံး )
ဒီအကြောင်းတွေ မေမေ့ကို ကျွန်တော်ပြန်မေးကြည့်တဲ့အခါ အခုရေးသလို တစ်စပ်တည်း သိရတာမဟုတ်ဘူး။ ဒီအကြောင်းတွေ စလိုက်တိုင်း မေမေ့မျက်နှာမှာ ညို့လာတတ်တော့ သူ့စိတ်အခံက ဆွေးပြီးသားဖြစ်နေမှာ။ အသက်အတော်ကြီးလာမှပဲ ဟိုတစ်စ၊ ဒီတစ်စ ဆက်စပ်ယူရတာ။ အဘွား ဒေါ်ဇင်တို့ တစ်မိပေါက်မှာ အကြီးဆုံး ဦးစောက (အခု နေပြည်တော် - ကန်ဖျားလမ်းက) မြို့သစ်မှာ၊ နောက်တစ်ယောက် ဦးတင်ဦးဆိုတာက ရန်ကုန်ကြည့်မြင်တို
င်မှာ အခြေချကြတာ။ နောက်တစ်ယောက် ဦးအ့ံနဲ့ အမေ့ကိုထိန်းကျောင်းခဲ့တဲ့ အပျိုကြီးဒေါ်ငြိမ်းမြခေါ် အမေငြိမ်းက စေတုတ္တရာမှာ၊ ပြီးမှ အဘွား ဒေါ်ဇင်၊ သူ့အောက်ကမောင် ဦးတင်လှိုင်ကတော့ စေတုတ္တရာမှာ ကျောင်းဆရာလုပ်ရင်း ကွယ်လွန်သွားကြပါပြီ။ အဲဒီအဘွားဘက်က မေမေနဲ့ တစ်ဝမ်းကွဲတွေတချို့ဟာ အခု သူ့အသက် ၇၇ နှစ်အထိ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးကြဘူး။ ကြည့်မြင်တိုင်မှာ အမျိုးအရင်းတွေရှိတယ်ဆိုတာကလွဲလို့ မေမေ ဘာမှမသိပါဘူး။ ပြည်တွင်းစစ်ဘောင်ကျယ်လေတော့ ဒဏ်ရာဒဏ်ချက်ပြင်းထန်တဲ့ ဇာတိရပ်ရွာကိုစွန့်ပြီး ရေကြည်ရာမြက်နုရာ ရှာခဲ့ကြရတဲ့ တကယ့်ဘဝတွေဟာ လွတ်လပ်ရေးနဲ့အတူ ဖြစ်တည်ခဲ့ကြရတာပဲ။
ဘအေးမောင်က အဘွားကွယ်လွန်ပြီးတဲ့နောက် မေမေအရွယ်ရောက်ချိန်မှာ နောက်အိမ်ထောင် ထူထောင်ပါတယ်။ အဲဒီအိမ်ထောင် ဒေါ်ကြွေနဲ့ သမီးနှစ်ယောက်၊ သားတစ်ယောက် ပေါက်ဖွားခဲ့လို့ မေမေ့မှာ ဖအေတူ၊ မအေကွဲ မောင်နှမရင်း သုံးယောက်ရှိတာပေါ့။ ဒီအကြောင်းတွေ ကျွန်တော်ပြန်ရေးဖို့ ကြိုးစားချိန်မှာ ရှားရှားပါးပါး မှတ်တမ်းတစ်အုပ် ကျွန်တော့်ညီ တတိယလူဆီက ရလိုက်တယ်။
၁၉၆၄ ခုနှစ်က စေတုတ္တရာ ဌာနာအုပ် ဦးအေးမောင်ရဲ့ ဒိုင်ယာရီပါ။ (သူ့ရေးထုံးသတ်ပုံအတိုင်း ကူးပေးထားပါတယ်။)
"● ဇန္နာဝါရီ ၂ ရက်၊ ကြာသပတေးနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက်)
Thursday, 2nd January
ဌာနာတွင် အထွေထွေဝတ္တရားဆောင်ရွက်
● ဇန္နာဝါရီ ၃ ရက်၊ သောကြာနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်)
Friday, 3rd January
၀၈းဝ၅ - ၁၆ ကြိမ်မြောက် လွတ်လပ်ရေးအောင်ပွဲ ကျင်းပရာသို့ သွားရောက်
၀၉း၃၀ အချိန် ပြန်ရောက်
● ဇန္နာဝါရီ ၄ ရက်၊ စနေနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်)
Saturday, 4th January
ဝရးဝ၅ - မင်းဘူးမြို့သို့ လစဉ်အစည်းအဝေးတက်ရောက်ရန် ရဲကြပ်ကြီး တင်ပြုံး ရဲသားမြထွန်း ဘထွန်း
၁၂းဝ၀ အချိန် မြောင်းအူးရောက်
၁၂း၃၀ အချိန် မြောင်းအူးမှထွက် (အငှားကားရ)
၁ရးဝ၀ အချိန် စလင်းရောက်
● ဇန္နာဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်)
Sunday, 5th January
၀၈းဝ၀ - စလင်းမှထွက် (အငှားကား)
၁ရး၃၀ - မင်းဘူးရောက်
● ဇန္နာဝါရီ ၆၊ ၇၊ ၈ ရက်
မင်းဘူး
● ဇန္နာဝါရီ ၉ ရက်၊ ကြာသပတေးနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက်)
Thursday, 9th January
ဝရး ၀၀ အချိန် မင်းဘူးမှထွက်
၁၂းဝ၀ စလင်းရောက်
၁၂း၃၀ စလင်းမှထွက် (ချောကား)
၂၂းဝ၅ အချိန် ရဲဌာနာသို့ရောက်
● ဇန္နာဝါရီ ၁၀ ရက်၊ သောကြာနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်)
Friday, 10th January
၁၁း၃၀ အချိန် နလကရုံး အစည်းအဝေးသွား
၁၃း၁၀ ဌာနာရောက်
● ဇန္နာဝါရီ ၁၁ ရက်၊ စနေနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်)
Saturday, 11th January
ဌာနာတွင် လစာထုပ်ပေးလျှက်ရှိ
● ဇန္နာဝါရီ ၁၃ ရက်၊ တနင်းလာနေ့ (၁၃၂၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၅ ရက်)
Monday, 13th January
၀၆း၃၀ အချိန် လက်ထောက်မြို့ပိုင် ဦးသန်းတင်၊ မြေစာရင်းဌာနစာရေး ဦးကြီးစိန်နှင့် ရဲစိပ် ၁ တို့ပါအတူ မြေမှုစစ်ဆေးရန်နှင့် လစာထုပ်ပေးရန်သွား၊ အောင်းရွာ ပုံဆိတ်ရွာသို့ဖြတ်၍ မြေယာမှုစစ်ဆေး
၁ရးဝ၀ - ချီရွာရောက်
၂ဝး၃၀ အချိန် မကြီးရွာရောက်။"
ဘအေးမောင်ရဲ့မှတ်တမ်းအရ စေတုတ္တရာကနေ စလင်းအရောက် တစ်နေကုန်သွားရပြီး ၃၈ မိုင်ဝေးတဲ့ စလင်း - မင်းဘူးခရီးကလည်း ငါးနာရီအောက်မလျော့ပါဘူး။ တစ်ခါ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာပြီး မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီ (နလက) ဖွဲ့ထားတာ၊ ပင်မတာဝန်သာမက အခြားဌာနတွေနဲ့ ချိတ်ဆက်လုပ်ကိုင်ရတာ၊ ရဲသားတွေဟာ လဆန်းပြီး အကြောင်းသင့်တဲ့ရက်မှ လစာရကြတာတွေလည်း တွေ့ရတယ်။ ပညာရေးစနစ်ကောင်းကို သူ ရခဲ့ပြီး အဲဒီစနစ်အတိုင်း သူလုပ်ကိုင်သွားပုံကို မြင်ရတယ်။ အဘရဲ့ တာဝန်အရွှေ့အပြောင်း မေမေ့ကို မေးကြည့်တဲ့အခါ "စေတုတ္တရာမှာနေတုန်းက 'ညည်းအဖေ စလင်းမှာရှိတယ် လုံမလေး' လို့ လူကြီးတွေက ပြောထားတာ။ မေမေတို့က ကွန်မြူနစ်အောက်မှာဆိုတော့ သူ ဘယ်နေရာတွေပြောင်းရလဲ မသိပါဘူး။ ပဒါန်းဌာနာကို ခဏရောက်သေးတယ်လို့ပဲ သိရတယ်" လို့ သူ ဖြေပါတယ်။ မေမေကတော့ အဘ ဒီဒိုင်ယာရီရေးတဲ့အချိန် ၁၉၆၄ ခုနှစ်အတွင်း သူ့ဦးလေး တိမွေးကုဝန်ထောက်ရဲ့ မကွေးအိမ်မှာ ရှိနေခဲ့ပါလိမ့်မယ်။
( လေး )
အဘ ဦးအေးမောင်ဟာ ၁၉၆၆ ခုနှစ်ကျတော့ စကုမြို့နယ်ထဲက စကုနဲ့ ဆယ့်ငါးမိုင်လောက်ဝေးတဲ့ အိုင်းမရဲစခန်းကို ဌာနာအုပ်အဖြစ် ပြောင်းရွှေ့ရပါတယ်။ အဲဒီအချိန် မေမေကလည်း စကုမှာအိမ်ငှားပြီး ဖအေနဲ့အတူလိုက်နေရင်း ကိုးတန်းညကျောင်းတက်နေချိန်ပေါ့။
စေတုတ္တရာမှာ ဆယ်စုနှစ်နဲ့ချီပြီး တာဝန်ထမ်းဆောင်ခဲ့တုန်းက နယ်မြေအခြေအနေကို ကျွမ်းဝင်ရုံသာမက ဒေသခံအများအပြားကလည်း စောင့်ရှောက်သူ၊ သတင်းပို့သူ၊ ဘေးရန်ဆီးကာပေးခဲ့သူတွေ ရှိခဲ့တာမို့ ဌာနာအုပ်တစ်ယောက်အနေနဲ့ အထိအခိုက်မရှိဘဲ နှစ်အကြာကြီးနေနိုင်ခဲ့ပါတယ်။
တကယ်တော့ မင်းဘူးခရိုင်အတွင်း ဒီနေ့ မင်းဘူး - အမ်းလမ်းနဲ့ ပုသိမ် - မုံရွာလမ်း ဖြစ်နေတဲ့ စကု၊ ပွင့်ဖြူနယ်အစပ်က ငဖဲ၊ စေတုတ္တရာနယ်တွေဟာ စစ်ဆင်ရေးမြေပုံအရ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အနောက်မြောက်တိုင်းဒေသရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်သက်ထွန်းရဲ့ နယ်မြေပါ။ ဗိုလ်သက်ထွန်းနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေ၊ ပုံပြင်တွေအများကြီး ကျွန်တော်တို့ငယ်ငယ်က ကြားခဲ့ရတယ်။ သူ့ရဲ့ဇနီးမီးဖွားဖို့ မင်းဘူးဆေးရုံကို တက်ခဲ့၊ မွေးခဲ့ပေမဲ့ တစ်ဆေးရုံလုံး
မသိလိုက်ကြဘူး ဆိုတာကအစ ဒီဘက်က အစိုးရစစ်တပ်တွေ တောင်ကြောကို ဖြတ်နေတုန်း တောင်ထိပ်မှာနေရာယူထားတဲ့ အမာခံတွေက မှန်ပြပြီး အချက်ပေးတယ် ဆိုတာမျိုးအထိ အစုံပါပဲ။
အိုင်းမစခန်းကို ဘအေးမောင်ရောက်ချိန်က လပိုင်းပဲရှိသေးတော့ "လုံခြုံရေးစည်း" လည်း ကွပ်ကွပ်ညပ်ညပ် မချရသေးတဲ့အချိန် ဖြစ်မယ်။ အရင် စေတုတ္တရာမှာတုန်းက နယ်ခံတွေက "ဆရာကြီး။ မြို့ပေါ်မှာ သူတို့ရောက်လိမ့်မယ်။ ဘယ်ရက်က ဘယ်ရက်အထိတော့ မလာနဲ့ဦး" လို့ ကြိုပြီးတားနေကျ။ အခု အိုင်းမစခန်းက စေတုတ္တရာလောက်တော့ မခေါင်လှဘူး။ ချင်းပြည်မှာ မြစ်ဖျားခံ၊ ရွှေစက်တော်ဘေးက စီးဆင်းလာတဲ့ မန်းချောင်းကို ဆည်ဖို့ထားတဲ့ မန်း
ဆည်ထိပ်တည့်တည့်က အုပ်စုရွာကြီးပဲ။ သူ့ဘေးကမြောင်းလက်တံဟာ စကုမြို့မြောက်ဘက်က ဥယျာဉ်ဇင်ရွာဘေးအထိ ပေါက်တယ်။ ကျွန်တော်တို့ငယ်ငယ်က မင်းဘူး - ရွှေစက်တော်လမ်းမပေါက်ခင် စကုကတစ်ဆင့် ရွှေစက်တော်ကို သွားကြတဲ့အခါ တောလမ်းကပဲ သွားသွား၊ မြောင်းဘောင်ကပဲသွားသွား ရွှေစက်တော်မရောက်ခင် ခုနစ်မိုင်အလိုမှာ တစ်ထောက်နားကြရတဲ့ အိုးပြင်မဲသောင်ပြင်ဟာ သူတာဝန်ကျတဲ့ အိုင်းမစခန်းရဲ့ အပိုင်နယ်ပဲ။ အသွားအလာမခေါင်တဲ့ဒေသပေမဲ့ဒေသခံတွေအပေါ် ဘယ်သူက ဘယ်အလံကိုယုံကြည်ပြီး ဘာအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတာ အဘ သတိလစ်သွားပုံရပါတယ်။
တစ်ခါ ရဲသားတွေ၊ ရဲမိသားစုတွေကိုပါ အလွန်စာနာပြီး ချစ်တတ်၊ ခံစားတတ်တဲ့လူဆိုတော့ နိုဝင်ဘာ ၃၀ ရက်နေ့ ငွေတိုက်ကနေ လစာထုတ်ပြီးချိန်မှာ နောက်တစ်ရက် ချက်ချင်းသွားပို့ဖို့ စီစဉ်ခဲ့တာပဲ။ သူစီးသွားတဲ့ကားမှာ ဆန်အိတ်အပြည့်ပါပြီး မြောင်းဘောင်တစ်လျှောက် မောင်းခဲ့တာတဲ့။ စကုကနေ ၁၂ မိုင်ကျော်ဝေးတဲ့ မန်းဆည် ရေဝေလက်တန်၊ ခွန်သာနဲ့ မြောင်းဦးဆိုတဲ့ရွာကြားမှာ ကွန်မြူနစ်လက်နက်ကိုင်က ပစ်တော့တာပဲ။ အဘဟာ နေရာယူရင်း၊ ရှောင်ရင်းတိမ်းရင်း ကားအောက်လား၊ ကားဘေးလားမသိ၊ ဆန်အိတ်တွေပါပိပြီး တိုက်ပွဲအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ရတယ်။
အဲဒီနေ့ဟာ လွန်ခဲ့တဲ့ ၅၆ နှစ်တင်းတင်း ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ပါပဲ။
အသက် ၂၂ နှစ်သမီးပဲရှိသေးတဲ့ အမေ့ရဲ့ရင်ထဲကို စိတ်ကူးနဲ့တောင် ကျွန်တော် ဝင်မကြည့်ရဲဘူး။ ရွှေတောင်ကြီးမက အလုံးစုံသော ကောင်းကင်ကြီး သူ့မျက်စိရှေ့တွင် စုံးစုံးမြုပ်သွားခဲ့တာ။ တိုက်ပွဲမှာ ကျဆုံးတာမို့ စကုက ရွှေချမ်းသုသာန်မှာ တပ်ဖွဲ့အခမ်းအနားနဲ့ သင်္ဂြိုဟ်ခဲ့တာပါ။ အမေနဲ့ ဖအေတူ၊ မအေကွဲမောင်လေးက ဘာမှမသိသေးတဲ့ အရွယ်မို့ စစ်ခရာနဲ့ စစ်တီးဝိုင်းတွေ တီးကြမှုတ်ကြတဲ့အခါ ကွေးနေအောင် ကနေလေရောတဲ့။
( ငါး )
အဘကို သေအောင်သတ်ခဲ့သူဟာ အဘနဲ့ ရန်သူလည်းမဟုတ်၊ ပြဿနာတက်ဖူးသူလည်းမဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြသူတွေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သုံးလေးနှစ်သား အဖေ စလင်းမှာတာဝန်ကျတဲ့အချိန်၊ အလင်းဝင်ကွန်မြူနစ်တွေ ဝန်ချတောင်းပန်ပွဲ စလင်းရုပ်ရှင်ရုံမှာ လုပ်ခဲ့ကြတယ်တဲ့။ အဲဒီထဲက ဗိုလ်... ဟာ ခွန်သာ၊ မြောင်းဦးတစ်ဝိုက် မန်းဆည်မြောင်းဘောင်ပေါ်မှာ သူဆင်နွှဲခဲ့တဲ့တိုက်ပွဲကို ပြန်ပြောပြခဲ့၊
ပြည်သူကို တောင်းပန်ခဲ့လို့ပါပဲ။ မေမေကတော့ "အဲဒီလိုကြားလိုက်တယ်။ သွားမကြည့်ပါဘူး သားရယ်။ ပြုသူအသစ် ဖြစ်သူအဟောင်းပါပဲ" တဲ့။
အခုလက်ရှိကာလမှာရော လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်အင်အားစုတွေအားလုံး စားပွဲဝိုင်းမှာ မျက်နှာချင်းမဆိုင်နိုင်ကြသေးဘူး။ ကမ္ဘာ့သမိုင်းအတွေ့အကြုံအရ ဒီမိုကရေစီဘောင်နဲ့ ဖက်ဒရယ်ဘောင်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ချင်သပဆိုရင် လက်နက်ကိုင်ဘောင် ကျဉ်းရပါတယ်။
အခုလို လက်နက်တွေကိုင်ကြ၊ တိုက်ကြ ခိုက်ကြပြီဆိုရင် တကယ့်အခြေခံအကျဆုံး ရွာသူရွာသား၊ မြို့သူမြို့သား၊ ပြည်သူပြည်သားတွေ ထိပ်ဆုံးက ခံကြရတာပါပဲ။ မြင်သာတဲ့ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုသာမက မမြင်သာတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေပါ အဘက်ဘက်က နိမ့်ပါးသွားခဲ့ကြတာပါ။ ဒီလို အချင်းချင်း ချကြတဲ့ "ချသမိုင်း"ကြီးက တစ်ဘက်၊ လည်သူစားစတမ်း၊ လုပ်ရဲသူ စံစတမ်းဆိုတဲ့ "ခြသမိုင်း"ကြီးက နောက်တစ်ဘက်ဆိုရင်တော့ ကျွန်တော်တို့တတွေ လူမွေးလူတောင်ပြောင်ဖို့ လမ်းမမြင်ပါဘူး။
"နိဂုံး"
တစ်ခါတစ်ရံမှာ လောကရဲ့ တကယ့်အဖြစ်အပျက်တွေက ဇာတ်လမ်းတစ်ပုဒ်ထက်တောင် ဆန်းကြယ်လှပါတယ်။
အင်္ဂလိပ်စကားပုံမှာ "Every dark cloud has a silver lining" ဆိုတာ တကယ်မှန်တာပဲ။ အမိုက်မှောင်ဆုံးတိမ်တိုက်မှာ ငွေရောင်အနားကွပ် ရှိပါတယ်။ကျွန်တော် လူပျိုပေါက်အရွယ်ရောက်တော့ အမေသိမ်းထားတဲ့ အဖေ့ရဲ့ရည်းစားစာတွေကို ခိုးဖတ်တဲ့အခါ အဘရဲ့အသုဘ၊ ရွှေချမ်းသုသာန်မှာ ပြိုလဲသွားတဲ့အမေ့ကို ကျောင်းဆရာပေါက်စအဖေက တစ်သက်တာလက်တွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ သိလိုက်ရတယ်။ သမီးဖြစ်သူ အမေ့အတွက် သူ့အဖေက နောက်ဆုံးအချိန်အထိ နေရာချထားပေးသွားတာလို့ ပြောနိုင်ပါတယ်။
အခုလို ဆောင်းဝင်စ ဒီဇင်ဘာရောက်ခါနီးလေတိုင်း အမေ့ကို သတိထားပြီး ဂရုတစိုက် ကြည့်ရတယ်။ မအေကို ကောင်းကောင်းမမှတ်မိ၊ အပျိုအရွယ်မှာ အဖေနဲ့သေကွဲကွဲခဲ့ရတဲ့ လောကဓံမျိုးစုံရဲ့အကြားမှာ အမေရှင်သန်ရပ်တည်ခဲ့တာ ၇၈ နှစ် ပြည့်လုပြည့်ချင်ပဲ။ ဒီနှစ် ဒီဇင်ဘာ ၁ ရက်မှာ ဂူကြီးတောရဆရာတော်ကြီးအတွက် ဆိုဖာတစ်ခုလှူဖို့ သူ စိတ်ပိုင်းဖြတ်ထားကြောင်း ကျွန်တော့်ကို မေမေ ပြောပြပါတယ်။ ဘဝဆက်တိုင်းမှာ မိကွဲဖကွဲ၊ သားကွဲသမီးကွဲ၊ ဆွေမျိုးတွေ ကွဲကြပြီး သွေးမတိတ်တတ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နိဂုံးချုပ်မယ့်နေ့ကို ကျွန်တော်မျှော်တယ်။ ရောက်အောင်သွားကြပါ။ စားပွဲဝိုင်းယဉ်ကျေးမှုဆီလာနိုင်တဲ့ နိုင်ငံကြီး
သားတွေကို ကျွန်တော်တို့ မော်ကြည့်ပါရစေ။










