၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်ညပိုင်းက အိန္ဒိယနိုင်ငံ၏ ၁၀ ဦးမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဂေါ်တမ်အက်ဒါနီသည် မွမ်ဘိုင်းမြို့၏နာမည်ကျော် တာ့ဂျ်မဟာဟိုတယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာသုံးဆောင်နေချိန် ၎င်းဟိုတယ်သို့ သေနတ်သမားတစ်စု ဝင်စီးတိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည်။
ထိုနေ့ညနေပိုင်းက ပါကစ္စတန် လက်နက်ကိုင်စစ်သွေးကြွ ၁၀ ဦး ရေလမ်းမှ မွမ်ဘိုင်းသို့ ရောက်ရှိလာပြီး အုပ်စုများခွဲကာ ၎င်းတို့ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပြီး ထိုအထဲတွင် ထိပ်တန်းဟိုတယ်နှစ်ခုလည်းပါသည်။ နာရီ ၆၀ ကြာမွမ်ဘိုင်းမြို့စီးနင်းခံရမှုတွင် လူပေါင်း ၁၆၆ ဦး အသက်ပေးလိုက်ရပြီး ထိုဖြစ်ရပ်ကြောင့် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာသွားရသည်။
India Today မဂ္ဂဇင်းကို မစ္စတာအက်ဒါနီ ပြန်ပြောင်းပြောပြချက်အရ ဟိုတယ်စီးနင်းခံရချိန် ဝန်ထမ်းများက ညစာသုံးဆောင်နေသူများကို မြေအောက်ခန်းတစ်ခုသို့ အမြန်ပို့ပေးခဲ့ပြီး ထိုနေရာမှတစ်ဆင့် အပေါ်ထပ် တစ်ထပ်တွင်ရှိသည့် ခန်းမအတွင်းသို့ ရွှေ့ပေးခဲ့သည်။
ခန်းမထဲတွင် ဧည့်သည် ၁၀၀ ခန့် ရှိနေခဲ့ပြီး ဆိုဖာခုံများအောက်သို့ ဝင်ပုန်းသူက ပုန်း၊ အသက်ဘေးလွတ်ရန် ဆုတောင်းသူက ဆုတောင်းဖြစ်နေကြပြီး ၎င်းကမူ ဆိုဖာပေါ်တွင်ထိုင်ကာ အခြားသူများအား ဘုရားသခင် ကိုယုံကြည်ရန်ပြောဆိုပြီး မိုင်ပေါင်း ၃၁၀ အကွာ ဇာတိမြို့အာမက်ဒါဘတ်ရှိ ၎င်း၏သောကရောက်နေသည့်မိသားစုထံ ဖုန်း ဆက်ခဲ့သည်ဟု ဂေါ်တမ်အက်ဒါနီက ပြောသည်။
ထိုညက ခန်းမတွင်သာ နေလိုက်ရပြီး နောက်တစ်နေ့မနက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ ဟိုတယ်အဝင်အထွက်ကို ပိတ်လိုက် ကာ မစ္စတာအက်ဒါနီအပါအဝင် ဓားစာခံများကို ဟိုတယ်နောက်ဝင်ပေါက်မှ ခေါ်ထုတ်နိုင်ခဲ့သည်။
လွတ်မြောက်လာပြီးနောက် အက်ဒါနီသည် အာမက်ဒါဘတ်သို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်ပြန်သွားခဲ့သည်။
၁၄ နှစ်ကြာလာပြီးသည့်နောက် အသက် ၆၀ ရှိနေပြီဖြစ်သည့် အက်ဒါနီသည် အီလွန်မက်စ်နှင့် ဂျက်ဖ်ဘီဇို့စ်ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီး ၎င်း၏အုပ်ချုပ်မှုအောက်တွင် ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ခုနစ်ခု၊ ဝန်ထမ်းပေါင်း ၂၃,၀၀၀၊ ဆိပ်ကမ်းအစ စွမ်းအင်အဆုံး လုပ်ငန်းများစွာ ဖြန့်ကြက်လုပ်ကိုင်နေသည့် စီးပွားရေးကော်ပိုရေးရှင်းတို့ ရှိနေသည်။
လတ်တလော ဂေါ်တမ်အက်ဒါနီ သတင်းများ ရေပန်းစားနေပြီး အိန္ဒိယနိုင်ငံ၏ နာမည်အရှိဆုံး သတင်းဌာန NDTV ကို လွှဲယူ မည့်အကြောင်းများ ဖော်ပြနေကြသည်။ ၎င်းသည် မီဒီယာလုပ်ငန်းကို ပထမဆုံးလက်လှမ်းလာခြင်းဖြစ်သည်။
ကျောင်းတစ်ပိုင်းတစ်စဘဝမှကုန်သည်၊ ထိုမှဘီလျံနာဖြစ်လာသူအက်ဒါနီသည် အရဲစွန့်ရသည်ကိုမှ မက်မောသူဖြစ်ပြီး ဘီလျံ နာမဖြစ်မီကတည်းက သေဘေးနှင့် ကြုံရပြီးဖြစ်သည်။ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီတွင် အက်ဒါနီနှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ အာမက်ဒါဘတ်တွင် လူတစ်စုက သေနတ်ဖြင့် တေ့ကာ ပြန်ပေးဆွဲခံခဲ့ရသည်။
သိုသိုသိပ်သိပ်နေတတ်သည့် စီးပွားရေးသမားပီပီ မစ္စတာအက်ဒါနီသည် ၎င်း၏ဘဝတွင် ကံဆိုးမှုနှစ်ခုသုံးခု ဖြစ်ဖူးသည်ဟု ဂျာနယ်လစ်တစ်ဦးကို ပြောခဲ့ရုံမှတစ်ပါး ၎င်းကြုံဆုံခဲ့သည့်အန္တရာယ်များအကြောင်းကို သိပ်ပြောလေ့မရှိပေ။
မစ္စတာအက်ဒါနီ အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းထွက်လိုက်ပြီးနောက် စီးပွားရေး စတင်လုပ်ကိုင်ရန် မွမ်ဘိုင်းသို့ပြောင်း ရွှေ့လာပြီး စိန်အရောင်းအဝယ်လုပ်ခဲ့သည်။ ထိုအလုပ်ဖြင့် သိပ်မကြာလိုက်။ နှစ်နှစ်အကြာတွင် ဇာတိအာမက်ဒါဘတ်ရှိရာ ဂူဂျာရတ် ပြည်နယ်သို့ ပြန်လာကာ အစ်ကိုဖြစ်သူ၏ကုန်ထုပ်ပိုးမှုစက်ရုံတွင် ဝင်ဦးစီးပေးခဲ့သည်။
အထည်အလိပ်ကုန်သည် လူလတ်တန်းစားမိသားစုမှ ဆင်းသက်လာသူ အက်ဒါနီသည် ၁၉၉၈ ခုနှစ်တွင် ကုမ္ပဏီတည်ထောင်ကာ သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်ကိုင်ပြီး နောက် ၂၄ နှစ်အကြာတွင် ၎င်း၏အကြွေး လှိုက်စားနေသည့် ကုမ္ပဏီများက ဆိပ်ကမ်း၊ မိုင်းတွင်း၊ မီးရထား ၊ လမ်းတံတား၊ စွမ်းအင်နှင့် အိမ်ခြံမြေ စသည့်လုပ်ငန်းနယ်ပယ်စုံကို စိုးမိုး နေပြီဖြစ်သည်။
ယနေ့အက်ဒါနီဂရု(ပ်)၏ဥက္ကဋ္ဌ မစ္စတာအက်ဒါနီသည် အိန္ဒိယ၏အခြေခံအဆောက် အအုံကဏ္ဍတွင် ပြိုင်ဘက်မဲ့လုပ်ငန်းရှင်ဖြစ်ပြီး နိုင်ငံ၏ဒုတိယအကြီးဆုံး ဘိလပ်မြေစက်ရုံ၊ ဆိပ်ကမ်း ၁၃ ခု (နိုင်ငံ၏အကြီးဆုံးဆိပ်ကမ်း လည်းပါဝင်) နှင့် လေဆိပ်ခုနစ်ခုတို့ ဦးစီးလုပ်ကိုင်လျက်ရှိသည်။
ထို့ပြင် ၎င်း၏လုပ်ငန်းစုက မြို့တော်ဒေလီနှင့် စီးပွားရေးမြို့တော် မွမ်ဘိုင်းအကြား နိုင်ငံ၏အရှည်လျားဆုံး အမြန်လမ်းမကြီးကို ဖောက်လုပ်နေသည်။
စွမ်းအင်ကဏ္ဍတွင်လည်း မစ္စတာအက်ဒါနီက အိန္ဒိယ၏ အထင်ရှားဆုံး ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံခြောက်ရုံ လုပ်ကိုင်နေကာ ကီလိုမီတာ ၈,၀၀၀ ရှည်မည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်ခု တည်ဆောက်ဦးမည်ဟု ဆိုသည်။အင်ဒိုနီးရှားနှင့် သြစတြေးလျတွင်လည်း ၎င်းအပိုင် ကျောက်မီးသွေးတွင်းများ ရှိသည်။
အောင်မြင်မှု၏နောက်ကွယ်
မစ္စတာအက်ဒါနီ၏ အောင်မြင်ရေးလမ်းကြောင်းပေါ်တွင် အငြင်းပွားဖွယ် အကြောင်းများလည်း တွဲပါနေသည်။ အက် ဒါနီသည် နာရင်ဒရာမိုဒီ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်တာဝန်ယူခဲ့စဉ်ကရော၊ နိုင်ငံဝန်ကြီးချုပ်ဖြစ်နေချိန်မှာပါ ရင်းနှီးသည့်ဆက်ဆံရေးရှိသည့်အတွက် ၎င်း၏စီးပွားရေးအင်ပါယာကို ခရိုနီအရင်းရှင်ဝါဒ၏သာဓကဟု ဝေဖန်ရေးသမားများက ခေါ်ဝေါ်ကြသည်။
၂၀၁၂ ခုနှစ်တွင် အိန္ဒိယအစိုးရစာရင်း စစ်တစ်ဦးက မိုဒီ(ထိုစဉ်က ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်)သည် ပြည်နယ်ပိုင် ဓာတ်ငွေ့ကုမ္ပဏီတစ်ခုမှ လောင်စာများကို အက်ဒါနီ နှင့်အခြားလုပ်ငန်းရှင်များကို ပေးခဲ့သည်ဟုစွပ်စွဲခဲ့ပြီး ၂၀၁၇ ခုနှစ်က ဂျာနယ်လစ်တစ်ဦး ဆက်တိုက်ရေးခဲ့သည့် ဆောင်းပါးများတွင်လည်း မစ္စတာအက်ဒါနီ၏ကုမ္ပဏီများသည် မိုဒီအစိုးရလက်ထက်တွင် မျက်နှာသာပေးခံရသည်ဟု ဆိုထားသည်။
မစ္စတာအက်ဒါနီအကြောင်း အတ္ထုပ္ပတ္တိ စာအုပ်ရေးသားသူတစ်ဦးကလည်း အက်ဒါနီ၏ ပေါင်းသင်းဆက်ဆံရေးကောင်းမှုက ၎င်း၏စီးပွားရေးတောင့်တင်းလာအောင် ကူညီပေးသည့်အရာဟုပြောသည်။ အက်ဒါနီသည် ၎င်းဖြတ်သန်းလာသည့် စီးပွားရေးနယ်ပယ်တစ်လျားတွင် နိုင်ငံရေးခေါင်းဆောင်အများအပြားနှင့် သိကျွမ်းကာ ၎င်း၏ကီရာလာ ပြည်နယ်ဆိပ်ကမ်းစီမံကိန်းသည် အတိုက်အခံကွန်ဂရက်ပါတီ အာဏာရှိစဉ်က ခွင့်ပြုချက်ရထားခြင်းဖြစ်ပြီး လက်ရှိပြည်နယ်အစိုးရကလည်း စီမံကိန်းကို ထောက်ခံသည်။
ဒေသခံများက မကျေနပ်
ကီရာလာဆိပ်ကမ်းစီမံကိန်းကို သဘောမတူ၊ ကန့်ကွက်ဆန္ဒပြနေကြသည်မှာ လချီကြာမြင့်နေပြီဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက် ညပိုင်းက ကီရာလာရှိရဲစခန်းတစ်ခုကို လူအုပ်က ဝင်စီးခဲ့သဖြင့် ရဲဝန်ထမ်း ၃၆ ဦး အနာတရ ဖြစ်ခဲ့သည်။ ၎င်းဆိပ်ကမ်းတည်ဆောက်မှုကို ဂေါ်တမ်အက်ဒါနီအပိုင် Adani Ports and SEZ ကုမ္ပဏီက တာဝန်ယူထားသည်။
ဒေသခံတံငါသည်အများစုပါဝင်သည့် ဆန္ဒပြသူများက အမေရိကန်ဒေါ်လာ သန်း ၉၀၀ အကုန်ခံဆောက်လုပ်မည့် ၎င်းစီမံကိန်းသည် ကမ်းရိုးတန်းတိုက်စားမှုဖြစ်စေကာ ၎င်းတို့၏ထမင်းအိုးကို ခွဲနေသည်ဟုဆိုသော်လည်း ၎င်းတို့စီမံကိန်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကိုလိုက်နာပြီး ကမ်းရိုးတန်းတိုက်စားမှုဖြစ်လာခြင်းက ရာသီဥတု ဖောက်ပြန်မှုနှင့်သာဆိုင်သည်ဟု ကုမ္ပဏီဘက်က တုံ့ပြန်ခဲ့သည်။
ဆန္ဒပြမှုများ ရက် ၁၀၀ ကျော်လာချိန် ဆန္ဒပြမှုအများစုက အေးအေးချမ်းချမ်းရှိခဲ့သော်လည်း လတ်တလောတွင် ဆန္ဒပြသူများက ကုမ္ပဏီကားများ ဆိပ်ကမ်းတည်ဆောက်ရေးနေရာသို့ မဝင်နိုင်အောင် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်လာသည့်အတွက် အဖမ်းအဆီးအချို့ ရှိခဲ့သည်။နောက်ဆုံးဆန္ဒပြမှုက ရဲစခန်းကို ဝင်စီးသည်အထိ ကြမ်းလာသည်။
ကီရာလာဆိပ်ကမ်းကို နဂိုက ၂၀၁၉ ခုနှစ်တွင် ဖွင့်ရန် လျာထားခဲ့သော်လည်း ၂၀၁၇ ခုနှစ်က အပြင်းစားဆိုင်ကလုန်းမုန်တိုင်းတစ်ခု ကီရာလာပြည်နယ်ကို ဝင်သွားသည်ကတစ်ကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများ ပြတ်သွားသည်ကတစ်ကြောင်း လုပ်ငန်းနှောင့်နှေးခဲ့သဖြင့် သတ်မှတ်ချိန်မဖွင့်နိုင်ခဲ့ပေ။ ယခု ၎င်းဆိပ်ကမ်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာတွင် ဖွင့်ရန်စီစဉ်ထားသည်။










