ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည့်အကြား ကြောင်နှင့်ကြွက်အလား ဆင်ဆာနှင့်ကစားနေရသော တရုတ်အင်တာနက်အသုံးပြုသူများ

ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည့်အကြား ကြောင်နှင့်ကြွက်အလား ဆင်ဆာနှင့်ကစားနေရသော တရုတ်အင်တာနက်အသုံးပြုသူများ
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်၌ ပေကျင်းမြို့တွင် ဆန္ဒပြသူများက စာရွက်အလွတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြစဉ် Photo: AFP
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်၌ ပေကျင်းမြို့တွင် ဆန္ဒပြသူများက စာရွက်အလွတ်များကိုင်ဆောင်ကာ ကြွေးကြော်သံများ ရွတ်ဆိုခဲ့ကြစဉ် Photo: AFP
Published 2 December 2022
TRANSLATED BY - နရီမင်း

ရှန်ဟိုင်းတွင် ရာနှင့်ချီသော လူများဆန္ဒပြနေသည့် ဗီဒီယိုဖိုင်များသည် စနေနေ့ ညတွင် WeChatတွင် စတင်ထွက်ပေါ်လာ သည်။ COVID-19 ကန့်သတ်ချက်များကို ဖယ်ရှားခြင်းနှင့် လွတ်လပ်မှုကို တောင်းဆိုခြင်းဆိုင်ရာ ကြွေးကြော်သံများကို ပြသခြင်းသည် ဆင်ဆာမဖြတ်မီ မိနစ်အနည်းငယ်မျှသာ အွန်လိုင်း၌ ရပ်တည်နိုင်မည် ဖြစ်သည်။ ပေကျင်းမှ အသက် ၂၆ နှစ်အရွယ် အဲလိယက်ဝမ်က အံ့အားသင့်သွားခဲ့သည်။

“ကျွန်တော် အဆက်မပြတ် ရီဖရက်ရှ်လုပ်ပြီး ဗီဒီယိုတွေကို ဆေ့ဖ်တယ်။ ဆင်ဆာမဖြတ်ခင်မှာ တတ်နိုင်သလောက် စက်ခရင် ရှော့တွေကို ယူပါတယ်”ဟု အစိုးရ၏ လက်တုံ့ပြန်မှုကို ကြောက်ရွံ့သဖြင့် ၎င်း၏ အင်္ဂလိပ်အမည်ကို အသုံးပြု၍ ကိုးကားရန် သဘောတူခဲ့သည့် ဝမ်က ပြောကြားခဲ့သည်။ “ကျွန်တော့်သူငယ်ချင်းတော်တော်များများက ရှန်ဟိုင်းက ဆန္ဒပြပွဲတွေအကြောင်း ဗီဒီယိုတွေကို ရှယ်ကြတယ်။ ကျွန်တော်လည်း သူတို့ကို ရှယ်ထားပေမဲ့ မြန်မြန်ဆန်ဆန် ဖြုတ်ချတာခံရလိမ့်မယ်”ဟု ဝမ်က ဆိုသည်။

ဝမ်၏ ပြောစကားက တရုတ်အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာနှင့် နိုင်ငံ၏ အလွန်ကြီးမားသော ဆင်ဆာဖြတ်မှု ယန္တ ရားတို့အကြား တည်ရှိနေသည့် ကြောင်နှင့်ကြွက်ဂိမ်းကို မီးမောင်းထိုးပြသည့် ထူးထူးခြားခြား မကျေမနပ်မှုများ ပွင့်အန်ကျလာမှုကို လျှပ်တစ်ပြက် မြင်ရစေသည်။

တရုတ်အာဏာပိုင်များသည် ရှုပ်ထွေးပြီး အလွှာအဆင့်ဆင့်ရှိသော ဆင်ဆာဖြတ်တောက်မှုဖြင့် နိုင်ငံတွင်း အင်တာနက်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားကာ နိုင်ငံခြားမှသတင်းများနှင့် ဆိုရှယ်မီဒီယာများ အားလုံးနီးပါးသို့ ဝင်ရောက်ခွင့်အား ပိတ်ပင်ထားသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်မှုကို နိုင်ငံရေးအရ ထိရှလွယ်စေသည် သို့မဟုတ် ထိခိုက်စေသည်ဟု ယူဆသည့် အကြောင်းအရာများနှင့် အဓိကစကားလုံးများကိုလည်း ပိတ်ဆို့ထားသည်။ ဆန္ဒပြရန် တောင်းဆိုသော သို့မဟုတ် ဆန္ဒပြမှုကို ပြသော ဗီဒီယိုများကို ချက်ချင်းဖျက်ပစ်လေ့ရှိသည်။

သို့သော် အနောက်မြောက်ပိုင်း ဥရုံချီမြို့တွင် နိုဝင်ဘာ ၂၄ ရက်က လူသေဆုံးမှုပါဝင်သည့် မီးလောင်မှုဖြစ်ပွားပြီးနောက် လူပေါင်းတစ်ဘီလျံကျော် အသုံးပြုသည့် တရုတ်၏အပျံ့နှံ့ဆုံး လူမှုကွန်ရက် ပလက်ဖောင်းဖြစ်သော WeChat တွင် ဆန္ဒပြပွဲ ဓာတ်ပုံများ စတင်ပျံ့နှံ့လာခဲ့သည်။ လော့ဒေါင်းချထားမှုများက ဒေသခံများကို မီးတောက်များမှနေ၍ ထွက်မပြေးနိုင်အောင် တားဆီးထားသည်ဟု လူအများက သံသယရှိကြသည်။အစိုးရကမူ ယင်းကို ငြင်းဆိုထားသည်။

တရုတ်အင်တာနက်ပေါ်တွင် မကျေနပ်မှုများကို ဖော်ပြကြသည့် မပျော်မရွှင်ဖြစ်နေသော သုံးစွဲသူအများအပြားက ဆင်ဆာ များကို ရှောင်ရန်နည်းလမ်းများနှင့်အတူ အစိုးရဆင်ဆာများ လွှမ်းမိုးနေသည့်အချိန် အခိုက်အတန့်တစ်ရပ်ဆီသို့ ဦးတည်သွား စေခဲ့ခြင်းဖြစ်သည်ဟု ဂျော်ဂျီယာတက္ကသိုလ် နိုင်ငံတကာရေးရာဌာနမှ တွဲဖက်ပါမောက္ခ ဟန်ရောင်ဘင်က ဆိုသည်။

“ဖြစ်ပျက်နေတဲ့အရာတွေကို လေ့လာဖို့နဲ့ ဒါကို သူတို့ရဲ့ ဆင်ဆာဖြတ်တောက်မှု ဆိုင်ရာအချက်အလက်ပေါင်းချုပ်ထဲ ပေါင်း ထည့်ဖို့ ဆင်ဆာတွေက အချိန်တစ်ရပ် ယူရတာမို့ အစိုးရအနေနဲ့ ဆင်ဆာဖြတ်တောက်မှုကို ထိထိရောက်ရောက် ဘယ်လိုလုပ်ဆောင် ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဒါဟာလေ့လာရေးလုပ်ငန်းစဉ်တစ်ရပ်ပါပဲ” ဟု ဟန်က ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် “SARS နှင့်တူသော” ဗိုင်းရပ်စ်အကြောင်း အခြားသူများကို သတိပေးရန် ကြိုးပမ်းခဲ့ရာ၌ ကောလာဟလ များပျံ့နှံ့စေမှုဖြင့် ဖမ်းဆီးခံခဲ့ရသော ဆရာဝန် လီဝမ်လျန်၏ COVID-19 ကြောင့် သေဆုံးမှုသည် လူအများအား တရုတ်ဆင်ဆာစနစ်အပေါ်  ဒေါသအိုးပေါက်ကွဲစေခဲ့သည်။ အင်တာနက်အသုံးပြုသူများသည် ဆင်ဆာအဖွဲ့က ပို့စ်များကို ဖျက်ရန် မလုပ်နိုင်သေးမီ နာရီအတန်ကြာအောင် ဝေဖန်မှုများကို ပို့စ်တင်ထားနိုင်ခဲ့ကြသည်။

မီးလောင်မှုနှင့် ပတ်သက်သည့် ပို့စ်များကို ဆင်ဆာများက ဖြုတ်ချစဉ် တရုတ်အင်တာနက်အသုံးပြုသူများက ဝေဖန်ရေး မက်ဆေ့ခ်ျများကို ဖြန့်ရန်အတွက် ဟာသများနှင့် တင်စားချက်များကို မကြာခဏ အသုံးပြုလေ့ရှိကြသည်။

“တစ်ကြိမ် အောင်မြင်စွာ အသုံးပြုခဲ့သော စိတ်ကူးတိုင်းကို နောက်တစ်ကြိမ်၌ ဆင်ဆာက ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သောကြောင့် တရုတ်အင်တာနက်အသုံးပြုသူများသည် အမြဲတစေ တီထွင်ဖန်တီးနိုင်စွမ်းရှိ လာကြသည်”ဟု ဆင်ဆာဖြတ်တောက်ခြင်း ဆိုင်ရာကျင့်သုံးမှုများကို ဝေဖန်သူ လျူလီပင်းက ပြောကြားခဲ့သည်။

တရုတ်အင်တာနက်အသုံးပြုသူများသည် ၎င်းတို့အား ပို့စ်တင်ခွင့်မပြုခြင်းကို အသံတိတ်သတိပေးသည့် စကားလုံးများ အဖြစ် အဖြူရောင် စာရွက်အလွတ်ပုံများကို စတင်၍ တင်လာခဲ့ကြသည်ဟု လျူက ဆိုသည်။

အခြားသူများက “ကောင်းတယ် ကောင်းတယ် ကောင်းတယ် သေချာတယ် သေချာတယ် သေချာတယ် မှန်တယ် မှန်တယ် မှန်တယ် ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်”ကဲ့သို့သော အရွဲ့တိုက်သည့် မက်ဆေ့ခ်ျများကို ပို့စ်တင်ကြသည်။ သို့မဟုတ် ပါကလည်း သမ္မတရှီကျင်ပင်း နုတ်ထွက်ရန် တောင်းဆိုမှုများကို လှုံ့ဆော်သည့် တရုတ်ဘာသာစကား၏ အသံတူစကားလုံးများကို အသုံးပြုကြသည်။ ဥပမာအားဖြင့် “နုတ် ထွက်” နှင့် အသံထွက်တူသည့် “ပုဇွန်ရေညှိ”ဟူသည့် စကားလုံးနှင့် တရုတ်သမ္မတ ရှီကျင်ပင်း၏ အတိုကောက်စာလုံးနှင့် အသံထွက်တူသည့် “ငှက်ပျောခွံ”ဟူသည့် စကားလုံး တို့ကို အသုံးပြုခြင်းမျိုး ဖြစ်သည်။

သို့သော် ရက်အနည်းငယ်အတွင်း ဆင်ဆာများက အဖြူရောင်စာရွက်အလွတ်ပုံများကို  ထိန်းချုပ်ပစ်လိုက်သည်။ ပေကျင်း အခြေစိုက် တရုတ်အင်တာနက်ကုမ္ပဏီ အများအပြားတွင် ယခင်ကလုပ်ကိုင်ခဲ့ဖူး သည့် မူဝါဒရေးရာ လေ့လာသုံးသပ်သူ ချောင်စီယန်က ၎င်းတို့သည် လက်နက်ကိရိယာမျိုးစုံကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

အကြောင်းအရာအများစုကို ဆင်ဆာဖြတ်တောက်ခြင်းအား နိုင်ငံကလုပ်ဆောင် ခြင်းမဟုတ်ဘဲ လူသားနှင့် ဗှုရောနှော အသုံးပြုသော ပုဂ္ဂလိကလူမှုမီဒီယာပလက်ဖောင်းများတွင် အကြောင်းအရာစိစစ်ရေးလုပ်ဆောင်မှုများကို ပြည်ပရင်းမြစ်က ကန်ထရိုက်ယူထားကြောင်း ယန်ကပြောကြားခဲ့သည်။ ဆင်ဆာဖြတ်ထားသော ပို့စ်အချို့ကို မဖျက်သော်လည်း စာရေးသူကိုသာ မြင်နိုင်စေခြင်း သို့မဟုတ် ရှာဖွေမှုရလဒ်များမှ ဖယ်ရှားခြင်းတို့ ပြုလုပ်နိုင်သည်။ အချို့ကိစ္စများတွင် အကဲဆတ်သော သော့ချက်စကား စုပါသောပို့စ်များကို ပြန်လည်သုံးသပ်ပြီးနောက် ပြန်လည်ခွင့်ပြုတတ်သည်။

Weibo တွင် ကြာသပတေးနေ့၌ “စက္ကူဖြူ”ဟူသော အသုံးအနှုန်းအတွက် ရှာဖွေမှုတွင် စာရွက်အလွတ်ပုံ သို့မဟုတ် ဆန္ဒပြပွဲ များတွင် စာရွက်အလွတ်များ ကိုင်ဆောင်ထားသည့် လူများစသည့် ပုံများမပါဝင်ဘဲ ဆန္ဒပြပွဲများကို ဝေဖန်သည့် ပို့စ်အများစုသာ ပေါ်လာခဲ့သည်။

အင်တာနက်အသွားအလာကို ဖုံးကွယ်ထားသည့် Virtual Private Networks(VPN) ကဲ့သို့သော နည်းပညာများကို အသုံး ပြုခြင်းဖြင့် တရုတ်နိုင်ငံမှနေ၍ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ကို ဝင်ရောက်ကြည့်ရှုနိုင်သော်လည်း အဆိုပါစနစ်များသည် တရားဥပဒေနှင့်ငြိစွန်းပြီး တရုတ်အင်တာနက်အသုံးပြုသူ အများအပြားကလည်း ပြည်တွင်းအင်တာနက်ကိုသာ အသုံးပြုကြ သည်။ ဝမ်သည်ပင် VPN ကို အသုံးပြုခြင်း မရှိပါ။

“ကျွန်တော်တို့ မျိုးဆက်ထဲက ပြည်မကြီးထဲ နေထိုင်သူအားလုံးအတွက် ကျွန်တော်တို့ တကယ်ကို စိတ်လှုပ်ရှားနေပါတယ် လို့ ပြောနိုင်မယ် ထင်ပါတယ်”ဟု ဝမ်က ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ ဘာမှမလုပ်နိုင်လို့ တကယ်ကို စိတ်ပျက်မိပါတယ်။ ... သူတို့က ဆင်ဆာဖြတ်၊ ပို့စ်ဖျက်၊ ရဲတွေကို ချီးကျူးဖို့ အကောင့်အတုတွေ ထုတ်ဆိုတာတွေ ဆက်လုပ်နေဦးမှာပါပဲ”ဟု သူက ဆိုသည်။

သို့သော် အသုံးပြုသူအများအပြားအား ပို့စ်များကို မမြင်အောင် ရပ်တန့်ပစ်ရန်စနစ်က အလုံအလောက် ကောင်းမွန်ပါသည်။ သီတင်းပတ်အကုန်က တရုတ်နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည့်အခါ ပေကျင်း၌ နေထိုင်သော ကာမင်းအူသည် အစောပိုင်းတွင် သတိပြုမိခြင်းမရှိခဲ့ပေ။

အူသည် Instagram သို့ ဝင်ရောက်ရန် VPN ဝန်ဆောင်မှုကို အသုံးပြုပြီးနောက်မှ ဆန္ဒပြပွဲများအကြောင်း သိရှိလာခြင်းဖြစ် သည်။

“ကျွန်မ  We Chat မှာ ကျွန်မရဲ့ နယူးဖိဒ်ကို ကြည့်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆန္ဒပြပွဲအကြောင်း တစ်စုံတစ်ရာကို ဖော်ပြမထားပါ ဘူး”ဟု သူကပြောကြားခဲ့သည်။ “VPN နဲ့ Instagram ကိုအသုံးပြုလို့ မရခဲ့ရင် အဲဒီလိုကြီးမားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့တာကို ကျွန်မသိရမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာရေးရာ ပါမောက္ခဟန်က ဆင်ဆာဖြတ်တောက်မှုသည် ထိရောက်မှုရှိရန်အတွက် ပြီးပြည့်စုံနေရန် မလိုအပ်ဟု ဆို သည်။

“စည်းရုံးလှုံ့ဆော်နေတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အလုံအလောက်ကြီးမားတဲ့ လူဦးရေအရွယ်အစားက မမြင်ရ အောင် တားဆီးဖို့ပဲ ဆင်ဆာကအလုပ်ဖြစ် နေရမှာပါ”ဟု ၎င်းက ဆိုသည်။

အွန်လိုင်းအတိုက်အခံလုပ်မှုများ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် တရုတ်၏ ပွင့်လင်းမြင်သာမှုမရှိသော ချဉ်းကပ်ပုံသည် အစိုးရ၏ လှုံ့ ဆော်မှုများကိုလည်း သာမန် Spam များနှင့် ခွဲခြားရန် ခက်ခဲသွားစေသည်။

ရှန်ဟိုင်း သို့မဟုတ် အခြားတရုတ်မြို့ ကြီးများအတွက် တရုတ်စကားလုံးများကို အသုံးပြု၍ Twitter ကို ရှာဖွေခြင်းက ဆန္ဒပြ ပွဲဗီဒီယိုများကို ပြသသည်သာမက အမျိုးသမီးငယ်များ၏ မဖွယ်မရာဓာတ်ပုံများကို ပြသသည့် ပို့စ်အသစ်များလည်း အဆက်မ ပြတ်နီးပါးလွှမ်းမိုးနေသည်။ အချို့သော သုတေသီများက အစိုးရကျောထောက်နောက် ခံပြု လှုပ်ရှားမှုတစ်ရပ်သည် “အလုပ်အတွက် မလုံခြုံသော”ဟူ‌သည့် အကြောင်းအရာဖြင့် ဆန္ဒပြပွဲသတင်းများကို ဖုံးလွှမ်းပစ်ရန် ကြိုးပမ်းနေနိုင်ကြောင်း အဆိုပြုခဲ့သည်။

Stanford Internet Observatory ၏ ပဏာမလေ့လာသုံးသပ်မှုတွင် Spam အများအပြား တွေ့ရှိခဲ့သော်လည်း သတင်းအချက်အလက်များ သို့မဟုတ် သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန်တမင်ရည်ရွယ်ထားကြောင်း “လက်ခံနိုင်ဖွယ် အထောက်အထား” မရှိဟု Stanford မှ Data Architect ဖြစ်သူ ဒေးဗစ်သီယယ်က ပြောကြားခဲ့သည်။

“အစိုးရပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ သက်သေအထောက်အထားကို အခိုင်အမာ ပြောနေတဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် အယုံအကြည်မရှိပါဘူး”ဟု သီယယ်က အီးမေးလ်တွင် ပြောကြားခဲ့သည်။

Twitter သည် ဆန္ဒပြပွဲများနှင့် ဆက်နွှယ်သည့် အဓိကပို့စ်များက ထုတ်လုပ်လိုက်သည့် “ဥရုံချီ အလယ်လမ်း၊ ရှန်ဟိုင်း” ကဲ့သို့သော ဆန္ဒပြမှုနှင့်ပတ်သက်သည့် ပိုမိုတိကျသော အသုံးအနှုန်းများကို ရှာဖွေနေသည်။

အစ္စရေး အချက်အလက်လေ့လာသုံး သပ်ရေးကုမ္ပဏီ Cyabra  နှင့် AP သတင်းဌာနနှင့်အတူ လေ့လာသုံးသပ်မှုများ မျှဝေ သည့် အခြားသုတေသနအဖွဲ့များက တရုတ်လူမျိုးများ နေထိုင်ရာနေရာများမှ ရှာဖွေသော ဆန္ဒပြပွဲအချက်အလက်များကို တိမ်မြုပ်သွားစေရန် တမင်ကြိုးပမ်းမှုနှင့် သာမန် စီးပွားရေးဆိုင်ရာ Spam လှုပ်ရှားမှုများအကြား ပိုင်းခြားရန် ခက်ခဲကြောင်း ပြောကြားခဲ့ကြသည်။

Twitter ကမူ မှတ်ချက်ပေးရန် တောင်းဆိုမှုကို  တုံ့ပြန်ခြင်း မရှိပါ။ ဘီလျံနာ အီလွန်မက်စ်ခ်သည် အောက်တိုဘာလနှောင်းပိုင်းတွင် Twitter ပလက်ဖောင်းကို လွှဲပြောင်းရယူခဲ့ပြီး Spam နှင့် အခြားအကြောင်းအရာများကို ထိန်းညှိပေးသည့် လုပ်ငန်းအများအပြား အပါအဝင် ၎င်း၏လုပ်သားအင်အား အများအပြားကို လျှော့ချလိုက်ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားခြင်း မရှိတော့ပေ။ မက်စ်ခ်သည် Twitter အကြောင်းအရာ စည်းမျဉ်းသစ်များကို ပြဋ္ဌာန်းပုံ သို့မဟုတ် လိုက်နာကျင့်သုံးပုံ အကြောင်း မကြာခဏတွစ်တာတွင် ရေးသားလေ့ရှိသော်လည်း တရုတ်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲများအပေါ် မှတ်ချက်ပေးခြင်းမပြုပေ။                                               Ref: AP

Most Read

Most Recent