ဗြိတိန်တွင်နေထိုင်ရန် အခက်တွေ့နေကြသည့် ယူကရိန်းစစ်ဘေးဒုက္ခသည်များ

ဗြိတိန်တွင်နေထိုင်ရန် အခက်တွေ့နေကြသည့် ယူကရိန်းစစ်ဘေးဒုက္ခသည်များ
Photo - AFP
Photo - AFP
Published 30 November 2022
Ref : AFP 

ဗစ်တိုရီးယားသည် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှ ၎င်း၏ သားနှစ်ဦး၊ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်တို့နှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် မတ်လတွင် ဗြိတိန်သို့ ရောက်ရှိခဲ့သည်။

တစ်လကြာပြီးနောက် ဗြိတိန်သည် မိသားစုလိုက်ပြောင်းရွှေ့လာရန်အတွက် အာ မခံပေးသူရှိသည့် ယူကရိန်းမိသားစုများအား အသက်အရွယ်ကြီးရင့်သည့် ဆွေမျိုးများအတွက် နေစရာလိုအပ်သည်ဟု ပြောကြားကာ ယူကရိန်းနိုင်ငံသားများကို လက်ခံခဲ့သည်။

၎င်း၏ ပထမအမည်ကိုသာ အသုံးပြုဖော်ပြရန် တောင်းဆိုခဲ့သည့် ဗစ်တိုးရီးယား က သူနှင့် သူ့မိသားစုသည် အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဒီဗွန်မြို့ရှိ မော်တော်ယာဉ်များ၏နောက်တွဲယာဉ်များကို နေအိမ်အဖြစ်အသုံးပြုနေထိုင်သည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်ဟု ဆိုသည်။

၎င်း၏ ဘဝဇာတ်ကြောင်းသည် အလွန်ခက်ခဲသော်လည်း ယူကရိန်းတွင် စစ်ပွဲဖြစ်ပွားနေမှုနှင့်အတူ ဗြိတိန်အစိုးရကလည်း ယူကရိန်းနိုင်ငံသားများအား အာမခံဖြင့် လက်ခံထားသူများကို ခြောက်လသက်တမ်းသာ နေထိုင်ခွင့်ပေးရန် တိုက်တွန်းခဲ့သည်။

အင်္ဂလန်တွင်နေထိုင်သည့် ယူကရိန်း အိမ်ထောင်စု ၂၁၇၅ စုထက်မနည်းသည် အိမ်ယာမဲ့မှုကို တားဆီးကာကွယ်ရန် ဒေသခံအာဏာပိုင်များ၏ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုအပ်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြခဲ့သည်။

“သူတို့က ကျွန်မတို့ကို အီလ်ဖရာကုမ့်ဘ်မှာ ယာယီနေထိုင်စေဖို့ နေရာချထားပေးခဲ့ပါတယ်”ဟု ယူကရိန်းနိုင်ငံ ဆလိုဗီးယန့်စ်မြို့မှ ပြောင်းရွှေ့လာသည့် စာဖိုမှူးတစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဗစ်တိုးရီးယားက ပြောကြားခဲ့သည်။

ယင်းနောက်တွဲယာဉ်တွင် မီးဖိုချောင် တစ်လုံး၊ ရေချိုးခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်း ပါရှိသော်လည်း အပူပေးစနစ်မရှိဘဲ ချမ်းအေးလွန်းလှသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“နောက်တွဲယာဉ်ထဲမှာ ဗီရိုတွေကအစ အရာအားလုံးဟာ မှိုတက်နေပါတယ်။ မှိုသတ်ဆေးတွေနဲ့ ဖြန်းပေမယ့်လည်း မကြာခင်မှာ မှိုတွေပြန်တက်လာပါတယ်”ဟု သူက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

၎င်းတို့ မိသားစုသည် သီတင်းပတ် ခြောက်ပတ်အတွင်း နေရာပြောင်းရွှေ့ရမည် ဖြစ်သော်လည်း သူတို့ကို အာမခံဖြင့် နေထိုင်ခွင့်ပေးမည့်သူများမရှိသေးကြောင်း ဗစ်တိုးရီးယားက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယားက သူသည် သူ့မိသားစုနှင့် အင်္ဂလန်သို့ ရွှေ့ပြောင်းနေထိုင်ရန် ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အသက် ၁၅ နှစ်အရွယ် သားငယ်သည် အင်္ဂလိပ်ဘာသာစကားကို ပြောဆိုနိုင်ပြီး အင်္ဂလန်တွင် နေထိုင်ရေးသည် သူ့ရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း သူတို့မိသားစုအား အာမခံပေးထားသူများက နေရာရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး တစ်လကြိုတင် အကြောင်းကြားခဲ့ချိန်တွင် ပြဿနာများ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

အင်္ဂလိပ်ဘာသာစကားကို အနည်းငယ်သာတတ်ကျွမ်းသည့် ဗစ်တိုးရီးယားသည် အလုပ်အကိုင်ရှာမရသေးဘဲ ဒေသခံကောင်စီကို အကူအညီတောင်းခံခဲ့သည်။

၎င်းတို့၏ နေရာထိုင်ခင်းအသစ်သည် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သို့ ရောက်ရှိရန် နှစ်နာရီကြာကွာဝေးသဖြင့် သူ့သားသမီးများသည် ကျောင်းပြောင်းရမည့်အနေအထားဖြစ်နေသည်။

သူနှင့် သိသည့် စုံတွဲတစ်တွဲအား အာမခံပေးသူများက ခေါ်ဆောင်ရန် ငြင်းဆိုခဲ့ပြီး နောက်ပိုင်း ယင်းစုံတွဲသည် မီးဖိုချောင်မရှိသည့် ဟိုတယ်တစ်ခုသို့ မရွှေ့ပြောင်းမီ လေဆိပ်တွင် သုံးရက်ကြာ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။

ဗြိတိန်သည် ယူကရိန်းနိုင်ငံသားများအတွက် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ကို အစိုးရအထောက်အပံ့များနှင့်အတူ သုံးနှစ်ကြာ ခံစားခွင့်ပေးသည့် စီမံချက်တစ်ခုဖြင့် ကမ်းလှမ်းထားသည်။

ယင်းစီမံချက်အောက်တွင် ယူကရိန်းနိုင်ငံသား ၁၄၆,၀၀၀ ကျော်သည် ဗြိတိန်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး အများစုမှာ အာမန်ဒါ ရိုဒရီဂုဇ် မက်ဒီနာကဲ့သို့ အခြေခံလူတန်းစားများ၏ အာမခံမှုဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၅၇ နှစ်အရွယ်ရှိ မက်ဒီနာသည် အသက် ၃၁ နှစ်အရွယ် နာတာလီယာ ပက်ဟိုမန်ကိုနှင့် သားနှစ်ဦးကို မေလက အာမခံဖြင့် ခေါ်ဆောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဘာဆီဒွန်မြို့ရှိ ၎င်း၏နေအိမ်တွင် အနည်းဆုံးနေထိုင်ခွင့်သက်တမ်း ခြောက်လထက်ပိုပြီး ထားရှိခဲ့သည်။

အာမန်ဒါက သူ အာမခံဖြင့် ခေါ်ဆောင်ထားသူများသည် သူနှင့် ဆွေမျိုးမကင်းသူများ ဖြစ်သည်ဟု ဆိုသည်။ သူတို့သည် အားကစားခန်းမသို့အတူသွား၊ အတူကစားပြီး ဥယျာဉ် စိုက်ပျိုးမှုနှင့် သန့်ရှင်းရေးများကို အတူတကွ လုပ်ဆောင်နေကြသည်ဟု ဆိုသည်။

“ကျွန်မ ဒီမှာနေရတာ ပျော်ပါတယ်။ အခုလို စိတ်သဘောထားကောင်းမွန်တဲ့ အမျိုးသမီးနဲ့ တွေ့ရတာဟာ ကျွန်မ ကံကောင်းပါတယ်”ဟု ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ မီလီတိုပိုးလ်မြို့တွင် စာရင်းကိုင်လုပ်ခဲ့ဖူးသည့် နာတာလီယာက ပြောကြားခဲ့သည်။

အာမန်ဒါကလည်း သူ့အနေနှင့် နာတာလီယာတို့ မိသားစုကို ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးမီအချိန်အထိ ၎င်းင်း၏ နေအိမ်တွင် ကြည်ဖြူစွာလက်ခံထားမည်ဟု ပြောကြားခဲ့သည်။

“အခုချိန်အထိတော့ သူတို့တွေ နေရာပြောင်းဖို့ မဖြစ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ နာတာလီယာဟာ ကလေးတွေရှိတာကြောင့် အချိန်ပြည့်အလုပ်ကို ရဖို့ ခက်ခဲနေလို့ ဖြစ်ပါတယ်ဟု အာမန်ဒါက ပြောကြားခဲ့သည်။

သို့သော်လည်း အစိုးရ၏ ထောက်ပံ့ကြေးရရှိမှုနှောင့်နှေးမှုနှင့် နေထိုင်စရိတ်ကြီး မြင့်မှုတို့ကြောင့် အခက်တွေ့ရသည်ဟုလည်း အာမန်ဒါကဆိုသည်။

နာတာလီယာ၏ လစဉ်ထောက်ပံ့ကြေးမှာ ပေါင် ၃၅၀ ဖြစ်ပြီး ယင်းထောက်ပံ့ကြေးရရန် လေးလခန့် စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်အတောအတွင်း ဗြိတိန်သည် နေထိုင်စရာကြီးမားသည့် အကျပ်အတည်းအတွင်း ထိုးကျခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့ အတူနေပြီး အတူပျော်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ”ဟု တစ်နေ့နေ့တွင် ကိုယ့်အိမ်ကိုယ် ပြန်လည်နေထိုင်ရန် မျှော်လင့်ထားသည့် နာတာလီယာက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသားများကို ကူညီပေးနေသည့် ပရဟိတအဖွဲ့ဖြစ်သည့် Opora အဖွဲ့ မှ စတန်းဘန်းနက်စ်ဆိုသူက ယူကရိန်းနိုင်ငံသား အများစုအတွက် ဗြိတိန်တွင် နေရာထိုင်ခင်းရရှိရေးသည်ပြဿနာတစ်ခုဖြစ်သည်ဟု ဆိုသည်။

အမျိုးသားစာရင်းဇယားဆိုင်ရာရုံးက အောက်တိုဘာနှင့် နိုဝင်ဘာလတွင် ယူကရိန်း နိုင်ငံသားများအကြား ဆန္ဒသဘောထား ကောက်ယူခဲ့ချိန်တွင် စစ်တမ်းတွင်ပါဝင်သူ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းသည် အိမ်ငှားရန် ပြဿနာများရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ၎င်းတို့အနက် ၅၉ ရာခိုင်နှုန်းသည် အာမခံပေးသူ သို့မဟုတ် ထောက်ခံပေးမည့် သူများ ရှားပါးနေသည်ဟု ဆိုသည်။

အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် တစ်နှစ်ကြာ သုတေသနဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် လုပ်ကိုင်နေသည့် နာဒီယာသည် လက်ရှိတွင် တက္ကသိုလ်ကပေးသည့်အဆောင်သည် သူနှှင့် သူ့သမီးငယ်အတွက် ခိုလှုံစရာနေရာတစ်ခုဖြစ်လာခဲ့သည်ဟု ဆိုသည်။

နာဒီယာသည် ဗြိတိန်၏ နေထိုင်စရိတ် အမြင့်မားဆုံးမြို့များထဲတွင် တစ်မြို့အပါအဝင်ဖြစ်သည့် အောက်စ်ဖို့ဒ်တွင် အိမ်ငှားရန် ရုန်းကန်ခဲ့ရသည်။

“ကျွန်မဟာ ယူကရိန်းနိုင်ငံသားမှန်း သူတို့ (အိမ်ငှား ဝန်ဆောင်မှုပေးသည့် အေဂျင်စီများ) က သိသွားတာနဲ့ တစ်ပြိုင်တည်း သူတို့ဟာ ကျွန်မနဲ့ အဆက်အသွယ်မလုပ်ချင်ကြတော့ပါဘူး”ဟု နာဒီယာက ဆိုသည်။

ယူကရိန်းအရှေ့ပိုင်း ဒီနီပရိုမြို့တွင် ဂီတဆရာမတစ်ဦးဖြစ်ပြီး အဆိုတော်တစ်ဦး ဖြစ်သည့် ကာတာရီနာသည် ဗြိတိန်တွင် ခြောက်လသက်တမ်းအာမခံဖြင့် နေထိုင်ခဲ့ပြီးနောက် ဝေးလ်စ်တွင် သူ့ကို အာမခံပေးခဲ့သူထံမှ ထွက်ခွာခဲ့ကာ လန်ဒန်တွင် စာသင်ကြားသည့်အလုပ်တစ်ခုကို ကမ်းလှမ်းခံခဲ့ရသည်။

သို့သော်လည်း သူ့အနေနှင့် လန်ဒန်တွင် နေထိုင်ရန် မြေရှင်တစ်ဦး သို့မဟုတ် အာမခံပေးမည့်သူကို ရှာမတွေ့ခဲ့ပေ။

“ကျွန်မတို့ဟာ ဒုက္ခသည်တွေမှန်း မြေရှင်တွေက သိသွားချိန်မှာ သူတို့က ကျွန်မတို့ကို လက်မခံချင်ကြတော့ပါဘူး”ဟု ကာတာရီနာက ပြောကြားခဲ့သည်။      

Most Read

Most Recent