ကမ္ဘာ့စီးပွားရေးကို နာကျင်စေမည့် ဒေါ်လာ

ကမ္ဘာ့စီးပွားရေးကို နာကျင်စေမည့် ဒေါ်လာ
Published 27 November 2022
စောနိုင် (အသုံးချဘောဂဗေဒ)

နိဒါန်း

အမေရိကန်စီးပွားရေး အဆောက်အအုံအတွင်း အင်ဖလေးရှင်းနှုန်း (ငွေကြေးဖောင်းပွမှု) က ဆက်လက်မြင့်တက်နေသည်။ အမေရိကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းကိုဆက်တိုက်မြှင့်နေ၏။ ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မှုအောက်တွင် အမေရိကန်စီးပွားရေးသည် ရည်မှန်းထားသည့်အခြေအနေဆီသို့ မရောက်ရှိသေးသော်လည်း ၎င်းတို့နှင့် စီးပွားရေးကုန်သွယ်ရေး အဆက်အဆံရှိသောနိုင်ငံများ၊ ဒေါ်လာငွေကို ငွေမာအဖြစ် အသုံးပြုနေသည့် နိုင်ငံများမှာ ထိခိုက်မှုများ ရှိလာနေသည်ကို တွေ့မြင်နေရသည်။   

ဒေါ်လာသည် နိုင်ငံတကာ အရောင်းအဝယ်များတွင် အသုံးပြုနေရသည့်၊ နိုင်ငံအများစုက သီးသန့် ငွေသားအဖြစ်သိမ်းဆည်းလေ့ရှိသည့်ငွေကြေးဖြစ်သဖြင့် အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းမြှင့်တင်မှုကြောင့်  ဒေါ်လာငွေတန်ဖိုးပြောင်း လဲမှုဖြစ်ပေါ်တိုင်း ဆက်စပ်ပတ် သက်နေသည့် နိုင်ငံများ၏ စီးပွား ရေး၊ ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများရှိလာသည ်မှာသဘာဝပင်။ ယခုလည်း ဒေါ်လာငွေတန်ဖိုး ပြောင်းလဲလာမှုနှင့်ပတ်သက်၍ ဖြစ်လာနိုင်သည့် အခြေအနေ ငါးရပ်ကို သုတေသီတို့က စိုးရိမ်တကြီး ထောက်ပြထားသည်။

(၁) နိုင်ငံအများစုတွင် အင်ဖလေးရှင်း ပိုမိုကြီးမားလာနိုင်ခြင်း  

နိုင်ငံတကာ စျေးကွက်တွင် ရေနံ၊ သတ္တုတွင်းထွက်များ၊ ကျွန်းသစ်ကဲ့သို့ အရေးပါသော ကုန်ပစ္စည်းအများစု အရောင်းအဝယ် ပြုလုပ်ရာ၌ ဒေါ်လာငွေကြေးအသုံး ပြုကြသည်။ ဒေါ်လာငွေတန်ဖိုးမြင့် တက်လာချိန်တွင် အဆိုပါ ကုန်ပစ္စည်းများကို တင်သွင်းမှုပြုလုပ် သည့် နိုင်ငံများပြည်တွင်းငွေကြေး အားဖြင့် ကုန်ကျစရိတ်ပိုမိုများပြားလာမည်။  

အမေရိကန်နိုင်ငံမှလွဲ၍ အခြားသော နိုင်ငံများ၏ ပြည်တွင်း ငွေကြေးများ တန်ဖိုးကျဆင်းလာမည်။ စွမ်းအင်နှင့် အခြားသောကုန်ကြမ်းများ၏ စရိတ်များ မြင့်တက်လာသောကြောင့် ဆက်စပ်နေသော ကုန်ပစ္စည်းစျေးနှုန်းများလည်း ယခင်ကထက် ပိုမိုမြင့်တက်လာမည်။ စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းအားလုံးအတွက် အခက်အခဲအကျပ်အတည်းများ ပိုမိုရင်ဆိုင်လာရနိုင်သည်။ ဒေါ်လာငွေကြေးတန်ဖိုး ခိုင်မာမြင့်တက်မှုသည် အခြားသောနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့ လာနေရသော်လည်း အမေရိကန်ပြည်တွင်း၌မူ သွင်းကုန်ပစ္စည်းများ စျေးသက်သာလာစေပြီး အမေရိကန်တို့၏ အင်ဖလေးရှင်းနှုန်း ကျဆင်းရေးကိုပါ အထောက်အကူဖြစ်လာနိုင်သည်။ ရှေ့ဆက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများသည် အမေရိကန်နိုင်ငံမှတစ်ပါး ကမ္ဘာ့နိုင်ငံအများစုတွင် အခြေအနေဆိုးရွားလာနိုင်သည်ဟု မှန်းဆကြသည်။ 

 

(၂)  ထိတ်လန့်မှုများနှင့် ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများ

ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ၎င်းတို့ရယူထားသော ကြွေးမြီအများစုကို  အမေရိကန်ဒေါ်လာဖြင့် ပေးချေရန်ရှိသည်။ ဒေါ်လာတန်ဖိုးမြင့်တက်လာချိန်တွင် ၎င်းတို့၏ကြွေးမြီများအတွက် ယခင်ကထက် ပမာဏ ပိုမိုပေးဆပ်ရမည့်အခြေအနေဖြစ်လာသည်။ အကျိုးဆက်အားဖြင့် အဆိုပါနိုင်ငံများ ကြွေးမြီ ပေးဆပ်နိုင်ရေး ပိုမိုရုန်းကန်ကြရပေလိမ့်မည်။ သီရိလင်္ကာနိုင်ငံဖြစ်ရပ်ကို နမူနာပေးကြပြီး အခြားသောကြွေးတင်နိုင်ငံများသည် ထိုကဲ့သို့အခြေအနေမျို းဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ ပြည်တွင်း၌ အခွန်အကောက်များ ပိုမိုကောက်ခံ ရန်ရှိလာမည်။ ငွေစက္ကူများ ပိုမို ထုတ်ဝေလာနိုင်သည်။ ငွေကြေးချေးငှားမှုများ ပိုမိုပြုလုပ်လာရဖွယ်ရှိမည်။ ထိုအခြေအနေများ ပေါင်းစုလာပြီးဖြစ်ပေါ်လာနိုင်သည့် နောက်ဆုံးရလဒ်မှာ ဟိုက်ပါအင်ဖလေးရှင်း (hyper inflation) ဟုခေါ်သည့် အလွန်အမင်း ငွေကြေးဖောင်းပွမှု၊ စီးပွားရေးဆုတ်ယုတ်မှုနှင့် အစိုးရ ကြွေးမြီအကျပ်အတည်းဟူသော အဆိုးဖြစ်ရပ်သုံးခုတို့ဖြစ်လိမ့်မည်။  

လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားလာနိုင်ခြင်း ရှိ-မရှိ အဆိုပါ နိုင်ငံများ၏ စဉ်းစားတွေးခေါ် ရွေးချယ်လုပ်ဆောင်မည့် လမ်းကြောင်းပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် အစိုးရကြွေးမြီ အကျပ်အတည်း နွံထဲသို့ရောက်ရှိသွားခဲ့ပါက စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် အချိန်များစွာယူရပေလိမ့်မည်။ နောက်ထပ် နှစ်များစွာ သို့မဟုတ် ဆယ်စုနှစ်များစွာပင် ကြာသွားနိုင်သည်ဟု မှန်းဆနေကြသည်။

 (၃) ပိုမိုကြီးမားလာနိုင်သည့် အမေရိကန် ကုန်သွယ်ရေးလိုငွေ

ဒေါ်လာငွေတန်ဖိုးမြင့်တက်လာသောကြောင့် နိုင်ငံရပ်ခြားစျေးကွက်များတွင် အမေရိကန်ထုတ်ကုန်များ စျေးနှုန်းမြင့်မားလာပြီး ဝယ်ယူမှုလျှော့ကျလာနိုင်သည်။ အမေရိကန်ပြည်တွင်း၌မူ သွင်းကုန်များ စျေးနှုန်းသက်သာလာသဖြင့် ပိုမို ဝယ်ယူလာကြမည်ဖြစ်ရာ အမေရိကန်ကုန်သွယ်မှုလိုငွေပမာဏသည် ပို၍ကြီးမားလာနိုင်သည်။ စီးပွားရေးပညာရှင်အချို့က ကုန်သွယ်မှုလိုငွေသည်အမေရိကန် ကြွေးမြီပမာဏကို တွန်းတင်သွားနိုင်သည်ထောက်ပြခဲ့ကြပြီး ပြည်တွင်းရှိထုတ်လုပ်မှု လုပ်ငန်းများ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းသွားမည်ကို စိုးရိမ်နေကြသည်။  

 (၄) ပိုမိုအရှိန်လျော့သွားနိုင်သည့် ဂလိုဘယ်လိုက်ဇေးရှင်း

 ကြီးထွားလာသော ကုန်သွယ်မှု လိုငွေကိုတားဆီးဟန့်တားနိုင်ရေးအတွက် နိုင်ငံအစိုးရများသည် အကောက်ခွန်စည်းကြပ်ခြင်း၊ အရေအတွက်ကိုတာ သတ်မှတ်ခြင်းနည်းလမ်းတို့ကို ကိုင်တွယ်ကျင့်သုံးလေ့ရှိသည်။ အမေရိကန်နိုင်ငံက ထိုကဲ့သို့ နည်းလမ်းများကို ကျင့်သုံးပါက အခြားသော နိုင်ငံများကလည်း အဆိုပါနည်းလမ်းများဖြင့်ပင် ပြန်လည် တုံ့ပြန်ကြလိမ့်မည်။ ယနေ့အချိန်သည် အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးမှာ ဆိုးရွားလျက်ရှိပြီး ကမ္ဘာ့နိုင်ငံများကြား ဆက်ဆံရေး နှေးကွေးနေသဖြင့် ဒီဂလိုဘယ်လိုက်ဇေးရှင်း (de-globalisation) ဟုပင် ခေါ်နေကြသည်။ ယခုကဲ့သို့အခြေအနေတွင် အရှိန်ပြင်းပြင်းနှင့်မြင့်တက်လာနေသော ဒေါ်လာငွေကြေးကိုပါ ကိုယ်ကျိုးစီးပွားကာကွယ်မှုအတွက် ကျင့်သုံးလာနိုင်ဖွယ်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်တစ်ခုလုံးကို ခြိမ်းခြောက်မှုများ တိုးလာစေနိုင်သည်။ ကမ္ဘာ့နိုင်ငံများအကြား နယ်ပယ်စုံဆက်ဆံရေးသည်လည်း ယခင်ကထက် ပိုမိုအရှိန်လျော့သွားနိုင်သည်။

(၅) အီးယူ၏ ကြောက်ရွံ့စိုးရိမ်စိတ်

ပေါ်တူဂီ၊ အိုင်ယာလန်၊ ဂရိနှင့် ဆိုက်ပရပ်ကဲ့သို့ အားနည်းနေသော အီးယူအဖွဲ့ဝင်နိုင်ငံများသည်ရင်း နှီးမြှုပ်နှံသူများအဖို့ ထိခိုက်မှုအတော်အသင့် နည်းလာသောနိုင်ငံများဖြစ်လာသည်ဟုဆိုသည်။  အကြောင်းရင်းမှာ ထိုနိုင်ငံများ၏ကြွေးမြီအများစုကို ၎င်းတို့ကို ကယ်ဆယ်ကူညီရန် ထူထောင်ထားသည့် ဥရောပတည်ငြိမ်ရေးယန္တရား (the European Stability Mechanism ESM) ၏ အထောက်အကူရရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ဒေါ်လာတန်ဖိုး အားကောင်းလာမှုသည်  ဥရောပ ဗဟိုဘဏ်အပေါ် (အတိုးနှုန်း မြင့်တင်နိုင်ရေး) ဖိအားများ ဖန်တီးနေသကဲ့သို့ ရှိနေသည်။ ကြွေးမြီပမာဏ မြင့်မားသော အီးယူအဖွဲ့ဝင် နိုင်ငံများအပေါ်လည်း ဖိအား ပိုမိုဖြစ်စေလိမ့်မည်။ ဂရိ၊  အီတလီကဲ့သို့ အစိုးရကြွေးမြီနှင့် ဂျီဒီပီအချိုးမြင့်မားသောနိုင်ငံများဆိုလျှင် အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိပါက ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။

ဖြစ်ရပ်အားလုံးပေါင်းဆုံဖြစ်ခဲ့လျှင် ထိုအခြေအနေ ငါးရပ်စလုံး ပေါင်းဆုံဖြစ်ခဲ့ပါက ဒေါ်လာတန်ဖိုး မြင့်တက်နေမှုသည် လာမည့်ကာလများ၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုအတွက် စိုးရိမ်စရာ နောက်ထပ် အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။ မြင့်မားလွန်းသော အင်ဖလေးရှင်းသည်စားသုံးသူများ၏ ဝင်ငွေပမာဏ ပျက်စီးစေပြီး စားသုံးမှုပမာဏကို လျော့နည်းစေသည်။ ကိုယ်ကျိုးစီးပွားကာကွယ်မှုများ ပြုလုပ်မှုသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရင်ဆိုင်နေရသည့် အစိုးရကြွေးမြီအကျပ်အတည်းများ (Sovereign debt crises) သည်လည်း နိုင်ငံများ၏စီးပွားရေးလမ်းကို ခက်ခဲကြမ်းတမ်းစေပြီး နိုင်ငံသူနိုင်ငံသားများ၏ဘဝများကိုပါ ဆိုးဆိုးရွားရွားဒုက္ခဖြစ်စေပေလိမ့်မည်။

အခြားစဉ်းစားသင့်သောအချက်များ

အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်း မြင့်တင်မှုကို အင်တိုက်အားတိုက် ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ ထိုအခြေအနေသည် စီးပွားရေး အဆောက်အအုံအတွင်း ငွေကြေးထည့်သွင်းထားမှု (Quantitative Easing-QE) ၊ ဖြစ်ပွားနေဆဲ ယူကရိန်းစစ်ပွဲအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါအလွန် ရောင်းလိုအား အခက်အခဲအကြောင်းတရားများကြောင့် ဖြစ်ပေါ်လာသော အင်ဖလေးရှင်းကို ထိန်းချုပ်ရန်ဟူသော ရည်ရွယ်ချက်ကို ထပ်ဟပ်နေသည်။  

ဒေါ်လာငွေကြေး တန်ဖိုးမြင့်တက်မှုသည်အတိုးနှုန်းမြှင့်တင်ခြင်း၏ ဘေးထွက်သက်ရောက်မှုဖြစ်ပြီး အမေရိကန်ဘဏ်များရှိအပ်ထားသည့်အက်ဆက်များ (assets) ပြန်ရချက် (အတိုးများ) ပိုမိုမြင့်လာလိမ့်မည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ပြည်တွင်းငွေကြေးများကို စွန့်လွှတ်၍ အမေရိကန်ဒေါ်လာငွေကြေး ဝယ်လိုအားနောက်သို့ ပိုမိုလိုက်ကြပေလိမ့်မည်။       

အင်္ဂလန်ဗဟိုဘဏ်ကဲ့သို့ အခြားသော ဗဟိုဘဏ်များသည် အတိုးနှုန်းများ မြှင့်တင်မှုများပြုလုပ်ခဲ့ကြ၏။ အီးယူအဖွဲ့အတွင်း၌လည်း အစီအစဉ်များပြုလုပ်နေ သည်။

သို့သော် အမေရိကန် ဗဟိုဘဏ်ကဲ့သို့ ပြင်းပြင်းထန်ထန်အား ထုတ်လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဂျပန်ယန်း ငွေကြေး ပေါ်လစီမှာမူ တင်းကျပ်စွာကိုင် တွယ်မည့်အခြေအနေမရှိ။ နောက်ဆုံးမြင်ကွင်းထဲတွင်  အမေရိကန်နိုင်ငံပြင်ပ၌ ဒေါ်လာဝယ်လိုအား ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ကို တွေ့နေရသည်။   

နောက်ထပ်အကြောင်းတစ်ချက်ရှိသေးသည်။ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းမှုကို စိုးရိမ်နေစဉ်အတွင်းမှာပင် ဒေါ်လာကို လုံခြုံစိတ်ချရသော ငွေကြေးအဖြစ် ယခင်အစဉ်အလာအတိုင်း လက်ခံယုံကြည်မှု ရှိနေကြခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် ယူကရိန်းစစ်ပွဲအခြေအနေနှင့် နီးနီးကပ်ကပ်ရှိမှု၊ ရုရှားစွမ်းအင်အခြေအနေနှင့် ဆက်စပ်နေမှု၊ အခြားသော အီးယူနိုင်ငံများ အကျပ်အတည်း အလားအလာများကြောင့် ယူရိုငွေကြေးသည်သက်ရောက်မှုများ ပိုမိုခံစားနေရသည်။ ပြီးခဲ့သည့် စက်တင်ဘာလက ယူရိုငွေကြေးသည် ဒေါ်လာနှင့်တန်ဖိုးတူညီမှု  (dollar parity) ဖြစ်လာသည့်အခြေအနေ အထိပင်ရှိခဲ့သည်။  

ဗြိတိန်ငွေကြေးပေါင်စတာလင်မှာ အီးယူအဖွဲ့မှ ဗြိတိန်နုတ်ထွက်မှု (Berxit) ၏ ရိုက်ခတ်မှုကို ခံခဲ့ရပြီးဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာတွင်ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် စကော့တလန် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲ၊ အီးယူနှင့်ကုန်သွယ်ရေးတွင် ထည့်သွင်းစဉ်းစားနေရသည့် မြောက်အိုင်ယာလန် သံခင်းတမန် အခင်းအခြေအနေများ၊ ထိုမှတစ်ဆင့် ဖြစ်လာနိုင်သည့် အီးယူနှင့် ကုန်သွယ်ရေးအငြင်းပွားမှုဖြစ်နိုင်ခြေ အလားအလာများကိုပါ ပေါင်စတာလင်ငွေကြေးအနေဖြင့် ရင်ဆိုင်လာရဖွယ်ရှိနေသည်။

ဂျပန်ယန်းငွေသည် စီးပွားရေးအားနည်းနေသည့် စီးပွားရေးအဆောက်အအုံထဲတွင်ရှိနေသော ငွေကြေး။ ဂျပန်နိုင်ငံသည် သက်ကြီးရွယ်အိုအရေအတွက် များပြားနေပြီး နိုင်ငံထုတ်လုပ်မှုမြင့်ရန် ရွှေ့ပြောင်းလုပ်သားများနှင့် အဆင်မပြေသေးသည့်နိုင်ငံ။  ဂျပန်ဗဟိုဘဏ်သည် အတိုးနှုန်းကို  အနိမ့်တွင်ဆက်လက် ထိန်းထားရင်း စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးထည့်သွင်းမှု ဆက်လက်ရှိနေသဖြင့် ဂျပန်ယန်းငွေသည် ဆက်လက် အားပျော့နိုင်ပေသည်။   

နိဂုံး

ကမ္ဘာ့စီးပွားရေးသည်  နေရာ ဒေသပေါင်းစုံတွင် အခြေအနေမျိုးစုံ ဖြစ်ပေါ်နေသောကြောင့် တည်ငြိမ်မှုမရှိ။ ဒေါ်လာငွေကြေး၏အနာဂတ် ဦးတည်ရာ မည်သို့ရှိမည်ကိုလည်း ခန့်မှန်းရခက်ခဲနေသည်။ သို့သော် အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း၌ အဆက်မပြတ်ဖြစ်ပေါ်နေသော အင်ဖလေးရှင်းကြောင့် အတိုးနှုန်းထပ်မံမြှင့်တင်လာစေရန် အမေရိကန်ဗဟိုဘဏ်အပေါ် ဖိအားဆက်လက်ဖြစ်လာနိုင်သည်ကို သံသယရှိနေကြသည်။ ထို့အတူ စစ်ပွဲများမှတစ်ဆင့် ဖြစ်လာနိုင်သည့် ပထဝီနိုင်ငံရေး ရှော့(ခ်)များ၊ အစိုးရကြွေးမြီအကျပ်အတည်းများနှင့်အတူ ဒေါ်လာငွေကြေးတန်ဖိုးသည် အပြောင်းအလဲများ ဆက်လက်ရှိလာနိုင်သည်။  ကမ္ဘာ့စီးပွားရေးသည်လည်း ဒုက္ခသုတ်ခအချိန်ကာလများကို ဆက်လက်ဖြတ်သန်းနေရဦးမည်ဟု သုံးသပ်နေကြ၏။    

Ref: https://theconversation.com/

Most Read

Most Recent