အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၏ ဥက္ကဋ္ဌသက်တမ်းအတွင်း နောက်ဆုံးကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည်။
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ် လူကိုယ်တိုင်ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးအတွက် အာဆီယံနိုင်ငံမှ ခေါင်းဆောင်များသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ တွေ့ဆုံခဲ့ကြသော်လည်း မြန်မာနိုင်ငံ မပါဝင်ခဲ့ပေ။
မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ မဖိတ်ကြားရေးနှင့် ယင်းအစား နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုသာ ဖိတ်ကြားရန် အာဆီယံက ဆုံးဖြတ်ထားသည်။
ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများတက်ရောက်ရန် နိုင်ငံရေးအရ ကိုယ်စားမပြုသူ တစ်ဦးကိုသာ ဖိတ်ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်ကလည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက် အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးကာလအတွင်း အာဆီယံကိုးနိုင်ငံ ခေါင်းဆောင်များအကြား ထိပ်သီးအစည်းအဝေးအပြင် အာဆီယံ-တရုတ်၊ အာဆီယံ -ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံအပေါင်း သုံးနိုင်ငံ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန်၊ အာဆီယံ-သြစတြေးလျနှင့် အာဆီယံ-ကနေဒါ၊ အာဆီယံ-ကုလသမဂ္ဂနှင့် (၁၇) ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးအစည်းအဝေးများကိုပါ ကျင်းပသွားရန်ရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အစည်းအဝေးမတိုင်မီ ထုတ်ပြန်ထားသည်။
အစည်းအဝေးကာလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် အခြားအာဆီယံခေါင်းဆောင် များအနေဖြင့် အာဆီယံလွှတ်တော် မျာဆိုင်ရာအဖွဲ့က ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံက လူငယ်များနှင့် အာဆီယံဆိုင်ရာ အကြံပေးကောင်စီ စသည်တို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်းကိုလည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အစည်းအဝေးမတိုင်မီ ထုတ်ပြန်ခဲ့သည်။
ကမ္ဘေားဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံအစည်းအဝေးများသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် နိုင်ငံအချို့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံနိုင်ငံများအနေဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးမှု၊ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို အာရုံစိုက်ကြရန် အစည်းအဝေးအဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။
အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေး၊ ကပ်ရောဂါအရေးနှင့် မြန်မာနိုင်ငံအရေးတို့ ဆွေးနွေးခဲ့ကြသည်။
■ အာဆီယံဆုံးဖြတ်ချက်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးက ထွက်ပေါ်လာသော ထုတ်ပြန်ချက်အရ အာဆီယံ ခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ ယခင်က ချမှတ်ထားသည့် ဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုသို့ ဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သော်လည်း အကောင်အထည်ဖော်မည့် အချိန်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာတွင် တိကျသော အချိန်သတ်မှတ်၍ လက်တွေ့ကျကျတိုင်းတာနိုင်သည့် ရလဒ်များကို အကောင်အထည်ဖော်မည့် အစီအစဉ်လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသည် အာဆီယံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထပ်မံအတည်ပြုခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေး၏ စာမျက်နှာနှစ်မျက်နှာပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အခြေအနေမှာ အတိမ်းအစောင်းမခံဘဲ ထိလွယ်ရှလွယ် အခြေအနေဟု ယူဆကြပြီး ကြီးထွားလာသော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံကိုသာမက အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများကိုပါ ထိခိုက်လာနေကြောင်း သုံးသပ်ထားသည်။
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မြဲသော အဖြေကို ရှာဖွေနိုင်ရန် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအပေါ် ကူညီပေးရန် ကတိပြုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအနည်းငယ်သာ ရှိသဖြင့် အာဆီယံခေါင်းဆောင်များ၏ ကတိကဝတ်များကို လိုက်နာရန် နစကတွင် တာဝန်ရှိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်သူအားလုံး အာဆီယံ သဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်ရန် နှင့် အာဆီယံအနေဖြင့် သက်ဆိုင်သူ အားလုံးနှင့် မကြာမီ ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟုလည်း အာဆီယံက ထုတ်ပြန်သည်။
ထို့ပြင် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် အာဆီယံ နိုင်ငံခြားရေးဝ န်ကြီးများအစည်းအ ဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေး အရ ကိုယ်စားပြုသူအား မဖိတ်ကြား သည့် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး အခြေအနေအရလိုအပ်ပါက အာဆီယံအစည်း အဝေးများတွင် မြန်မာ၏ ကိုယ်စားပြုမှုကို ထပ်မံသုံးသပ်ရန် အာဆီယံ ညှိနှိုင်းရေးကောင်စီကို တာဝန်ပေးအပ်မည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။
■ မြန်မာဘက်က တုံ့ပြန်မှု
အာဆီယံထိပ်သီးအစည်းအဝေးက ထုတ်ပြန်လိုက်သည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကလည်း ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်၍ တုံ့ပြန်ခဲ့သည်။
အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ခြင်းနှင့် ယင်းအစည်းအဝေးများအပြီး တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်မှုများကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကိုယ်စားပြုတက်ရောက်ခြင်း မပြုခဲ့ကြောင်း ဖော်ပြပါရှိသည်။
တူညီဆန္ဒငါးချက် အကောင် အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ ကိုးနိုင်ငံဖြင့်သာ ဆွေးနွေးသဘော တူညီခဲ့ခြင်းသည် အာဆီယံ ပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သဖြင့် လက်ခံမည်မဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကျပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ် ဆိုးကျိုးသက်ရောက်မှုများကိုပင် ဦးတည်သွားစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက တူညီဆန္ဒငါးချက် အကောင်အထည်ဖော်နေမှုအပေါ် တိုးတက်မှုမရှိဟု အကြောင်းပြလျက် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်မှုကို ပိုမိုကန့်သတ်ပိတ်ပင်ရန်ကြိုးစားခြင်းသည် အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ခြင်းကို အတားအဆီး ဖြစ်စေကြောင်း ထုတ်ပြန်သည်။
အာဆီယံအစည်းအဝေးများတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်း နည်းလမ်းကိုလည်း အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် (၂၀) ပါ ဆွေးနွေးခြင်း နှင့် တူညီဆန္ဒပါ အခြေခံမူများအတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံစလုံး ပါဝင်သည့် ဆွေးနွေးညှိ နှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်းမူကိုသာလျှင် လက်ခံကြောင်းနှင့် ကာယကံရှင်နိုင်ငံ ပါဝင်ခြင်း မရှိသည့် ဆွေးနွေးဆုံးဖြတ်ချက်များကို ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အာဆီယံအနေဖြင့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက် ဖက်ခြင်းမပြုရန် ထပ်လောင်းအသိပေးကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အရေးပါအရာရောက်မှုအပေါ် ဆိုးကျိုးသက်ရောက်မှုများသာ ဖြစ်စေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
“အချို့သော အာဆီယံနိုင်ငံအချို့ အာဆီယံမူဘောင်များနဲ့ ကင်းလွတ်ပြီး ဆက်ဆံလာတာတွေ့ရပါတယ်။ နိုင်ငံတစ်နိုင်ငံချင်းစီ သီးခြားလွတ်လပ်သော ဆက်ဆံရေးများကို ပြောစရာမရှိသော်လည်း အဲဒီနိုင်ငံတွေများက အာဆီယံအဖွဲ့ကြီးကို အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ ဖိအားများ ပေးလာတာကို လည်း တွေ့ရပါတယ်။ အာဆီယံ ပဋိညာဉ်ဟာ အာဆီယံရဲ့ အသက် ဖြစ်ပါတယ်။ အဲဒီပဋိညာဉ်ရဲ့ အာဆီယံရဲ့ အခြေခံမှုတွေကနေ သွေဖည်လာခြင်းဟာ အာဆီယံရဲ့ အနာဂတ်အတွက် စိတ်ပူစရာဖြစ်ပါတယ်။ အခြေခံမှုတွေ သွေဖည်ဖို့ကြိုးစားခြင်းဟာ အာဆီယံရဲ့ ယုံကြည်မှုတန်ဖိုး ကျဆင်းစေပါတယ်”ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“ဘာတွေပဲပြောနေနေ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်မပါဘဲနဲ့ လုပ်တယ်ဆိုတာ ပဋိညာဉ်အရ အကျုံးတော့မဝင်ပါဘူး။ သူတို့အနေနဲ့ မည်သို့ဟာတွေ ကိုင်စွဲသည် ဖြစ်စေ အာဆီယံမှာလည်း အပိုင်းကွဲနေတာတွေ ရှိပါတယ်။ တချို့သော နိုင်ငံတွေ မြန်မာနိုင်ငံနဲ့ပတ်သက်လာပြီးရင် ရပ်တည်ပေးနေတဲ့ နိုင်ငံတွေ ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီးရင် လက်ရှိအချိန်မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ပဲ ဆက်လက်တည်ရှိသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
■ အလှည့်ကျဥက္ကဋ္ဌ အပြောင်းအလဲနှင့် မြန်မာ့အရေး
လာမည့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အင်ဒိုနီးရှားနိုင်ငံထံ အလှည့်ကျဥက္ကဋ္ဌ နေရာ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း ၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံအား ထိပ်သီးအစည်းအဝေးများထက်ကျော်လွန်၍ အသင်းအဖွဲ့အစည်းအဝေးများမှ ပိတ်ပင်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။
အာဆီယံခေါင်းဆောင်များသည် ယင်းကိစ္စရပ်အပေါ် ရှည်ရှည်ဝေးဝေး ဆွေးနွေးခဲ့ကြသည်ဟု ဂျိုကိုဝီဒိုဒိုက ဆိုသည်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေး မဟုတ်တဲ့အဆင့် ကိုယ်စားပြုပါဝင်မှုကို ထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးထက် ကျော်လွန်ပြီး ကျင့်သုံးသင့်တယ်လို့ အင်ဒိုနီးရှားက အဆိုပြုခဲ့ပါတယ်”ဟု ၎င်းက ပြောကြားသည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်၍ သံတမန်နည်းဖြင့် ဆွေးနွေးအဖြေရှာရန် အတက်ကြွဆုံး လှုပ်ရှားခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီက ၎င်းအနေဖြင့် မြန်မာ့အရေးအဖြေရှာနိုင်ရန် “လွန်းပျံ ဒီပလိုမေစီ”ဟုခေါ်သည့် မတူညီသော အဖွဲ့အစည်းများအကြား လူးလာခေါက်တုံ့သွားလာ၍ သတင်းစကားနှင့် ညှိနှိုင်းပေးခြင်းမျိုး ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အင်ဒီုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးသို့ နစကဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်၌ ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးတွင် ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ ဘုံသဘောတူညီချက် ငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှ တစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များ ဖြစ်သည်။
ယခုကဲ့သို့ ဘုံသဘောတူညီချက် ငါးချက်ရရှိသည့်အချိန်မှစ၍ အချိန်ကာလ နှစ်နှစ်နီးပါးရှိလာသော်လည်း မည်သည့်သဘောတူညီချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးသည့်အတွက် အာဆီယံ၏ လုပ်ဆောင်မှုအပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သည်။
ထို့ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်မည့် အင်ဒိုနီးရှားနိုင်ငံ လက်ထက်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး မည်သို့ ကိုင်တွယ်သွားမည်ကို မြန်မာ့့အရေး လေ့လာသူများက စောင့်ကြည့်နေကြသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် အလုပ်မဖြစ်သည့် ဘုံသဘောတူညီချက် ငါးချက်ကိုသာလျှင် ဆက်လက် စွဲကိုင်မည်လား သို့မဟုတ် အခြားသော နည်းလမ်းများဖြင့် ချဉ်းကပ် အဖြေရှာမည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။










