အိပ်ချ်အိုင်ဗီ ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းဆီသို့

အိပ်ချ်အိုင်ဗီ ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းဆီသို့
Published 27 November 2022
ဒေါက်တာဇွန်

ကမ္ဘာပေါ်တွင် အိပ်ချ်အိုင်ဗီသည် ပြည်သူ့ကျန်းမာရေးပြဿနာတွင် ဆက်ရှိနေပါသည်။ ၂၀၂၁ ခုနှစ်တွင် လူဦးရေ ၆၅၀၀၀၀ သည် အိပ်ချ်အိုင်ဗီ နှင့်ဆက်နွှယ်သော ရောဂါများနှင့်သေဆုံးပြီး ၁ ဒသမ ၅ သန်းသည် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရပါသည်။ ၂၀၂၁ နှစ်ကုန်အထိ အိပ်ချ်အိုင်ဗီပိုးရှိသူ ၃၈ ဒသမ ၄ သန်းရှိပြီး သုံးပုံ နှစ်ပုံမှာ အာဖရိကဒေသမှဖြစ်ပါသည်။ 

အေအိုင်ဒီအက်စ်ရောဂါ (AIDS) သည် ၁၉၈၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် တွေ့ရှိသည်မှစ၍ အနောက်ဥရောပ၊ အာဖရိကနိုင်ငံများနှင့် အာရှတိုက်သို့ ကပ်ရောဂါကြီးတစ်ခု အနေဖြင့်ပျံ့နှံ့သွားခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှစတင်၍ အာရှတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် အေအိုင်ဒီ အက်စ်ရောဂါ ကူးစက်ပြန့်ပွားလာကြောင်းတွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ၁၉၉၁ ခုနှစ်တွင် အေအိုင်ဒီအက်စ် ရောဂါသည် တစ်ဦးကိုစတင်တွေ့ရှိခဲ့သည်။ 

The Human Immunodeficiency virus

"အေအိုင်ဒီအက်စ်ရောဂါကိိုဖြစ်စေသောပိုး"



အေအိုင်ဒီအက်စ်ရောဂါကိုကပ်ရောဂါအသွင်ဖြစ်စေသောပိုးမှာ အိပ်ချ်အိုင်ဗီ (HIV) ဖြစ်သည်။ HIV1 သည် အာဖရိကချင်ပန်ဇီ (Chimpanzee) မျောက်များမှ ဆင်းသက်လာသည်ဟု သုတေသီများက ယူဆကြသည်။ HIV1 သည် ကမ္ဘာပေါ်ရှိ HIV ကူးစက်ပြန့်ပွားမှုအများစုကိုဖြစ်စေပြီး ဗီဇမျိုးကွဲပေါင်း ၁၀ မျိုးကျော်ရှိသည်။ HIV2 ကို အာဖရိကတိုက်ရှိ မန်ဂါဘီ (Mangabey) မျောက်များမှ ဆင်းသက်လာသည်ဟု သုတေသီများကယူဆကြသည်။ HIV2 ကို 

၁၉၈၆ ခုနှစ်တွင် စတင်စမ်းသပ်တွေ့ရှိခဲ့သည်။ HIV 2 ၏ ကူးစက်မှုနှုန်းသည် HIV1 လောက်မမြန်ဆန်။ လက္ခဏာမှာလည်း HIV1 လောက်မပြင်းထန်ပါ။ သိပ္ပံပညာရှင်အများစု လက်ခံထားသောယူဆချက်မှာ HIV ပိုးသည် ရှေးဦးပဝေသဏီကပင် ကမ္ဘာပေါ်တွင် ရှိနေခဲ့ပြီး အကြောင်းတစ်ခုကြောင့် မျိုးရိုးဗီဇ ပြောင်းလဲသွား (Mutation) ကာ ရောဂါပိုးကို ဖြစ်စေသော အာနိသင်ရရှိလာသည်ဟု ယူဆကြသည်။ သဘာဝအရ ကျယ်ကျယ်ပြန့်ပြန့် ပြန့်ပွားမှုမရှိဘဲ ငုပ်လျှိုး၍နေခဲ့ပြီး ကမ္ဘာကြီး၏ ဇီဝဆိုင်ရာ၊ လူနေမှုစရိုက်ဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာအများအပြား ပြောင်းလဲမှုကြောင့် ယခုကဲ့သို့ ကမ္ဘာအနှံ့အပြားသို့ ကူးစက်ပြန့်ပွားသွားသည်ဟု 

ယူဆကြပါသည်။

"HIV ပိုး၏ သဘောသဘာဝ"

HIV ပိုးသည် လူ့ခန္ဓာကိုယ်၏ သွေး၊ သုက်ရည်နှင့် အမျိုးသမီးအင်္ဂါမှထွက်သောအရည်များတွင် အဓိကပါပြီး တံတွေး၊ ချွေး၊ နို့ရည်နှင့် မျက်ရည်တို့တွင် ပိုးအနည်းငယ်ပါရှိသော်လည်း အဓိကကူးစက်သည် မဟုတ်ပါ။ HIV ပိုးသည် လူ့ခန္ဓာကိုယ်၏ ပြင်ပတွင် ကြာကြာအသက်မရှင်နိုင်ပါ။ အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ကျော်သည် နှင့်သေသည်။ အပြင်တွင် အသက်ရှင်ချိန်သည် အရည်ကျသွားသောနေရာ၏ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနှင့် အရည်အနည်း အများ

အပေါ်မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်၊ ရက်ပိုင်းစသည်ဖြင့် ကွာခြားသွားပါသည်။ ထိုကြောင့် အပြင်ရောက်သွားသည်နှင့် သွေး၊ အရည်များကို အလွယ်တကူ မကိုင်တွယ်သင့်ပါ။ အကာအကွယ်ယူပြီးမှ ကိုင်တွယ်ရပါသည်။ 

"HIV ကူးစက်သောနည်းလမ်းများ"

(၁)    ရောဂါပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်တူလိင်ကွဲ လိင်ဆက်ဆံခြင်း။

(၂)    ရောဂါပိုးရှိသောမိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ မွေးဖွားလာသော ကလေးငယ်အားလုံး၏ ၂၀-၄၀ ရာခိုင်နှုန်းခန့်မှာ HIV ပိုးကူးစက်နိုင်သည်။

(၃)    ရောဂါပိုးရှိသော သွေး၊ သွေးနှင့်ဆက်စပ်.သော ပစ္စည်းများမှတစ်ဆင့် ကူးစက်ခြင်း (သွေးသွင်းခြင်း၊ ကိုယ်အင်္ဂါ အစားထိုးခြင်း)

(၄)    ရောဂါပိုးရှိသော ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့်အရေပြားကိုဖောက်ထွင်းနိုင်သည့် မည်သည့်ပစ္စည်းကို မဆိုမျှဝေသုံးစွဲခြင်းမှကူးစက်ခြင်း (ဆေးမင်ကြော

င်ထိုးခြင်း၊ ဆံပင်ညှပ်ရာတွင် သုံးသောဓား၊ နားဖောက် ခြင်း၊ လက်သည်းညှပ်၊ ခွဲစိတ်ကိရိယာများ၊ သင်တုန်းဓားနှှင့်အလှပြင်ကိရိယာများမှတစ်ဆင့်ကူးစက်ပါသည်။)

"HIV ပိုးမကူးစက်နိုင်သော နည်းလမ်းများ"

HIV ပိုးပါရှိသူနှင့် လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ အတူကစားခြင်း၊ ရေကူးခြင်း၊ အလုပ်လုပ်ခြင်း၊ ဘတ်စ်ကားစီးခြင်း၊ တယ်လီဖုန်း၊အိမ်သာသုံးစွဲခြင်း၊ ရုပ်ရှင်ရုံ၊ အားကစားရုံ၊ ဇွန်း၊ အိုး၊ ပန်းကန်၊ အိမ်မွေးတိရစ္ဆာန်၊ ကြွက်၊ ခြင်၊ ယင်၊ ပိုးမွှားများမှတစ်ဆင့်မကူးစက်နိုင်ပါ။

"HIV ၏ သံသရာစက်ဝန်း"

    ပြင်ပမှဝင်ရောက်လာသော ပိုးမွှားများ၏ အန္တရာယ်ကို တိုက်ခိုက်နေသည့်စနစ်ကို ခုခံအားစနစ်ဟု ခေါ်သည်။ ခုခံအားစနစ်သည် T-Lymphocyte နှင့် B-Lymphocyte ဆဲလ်များဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့သည် ခုခံကာကွယ်ပေးသော ကာကွယ်ရေးတပ်အနေဖြင့် လုပ်ဆောင်သည်။ B-Lymphocyte သွေးဖြူဥမှ ပဋိပစ္စည်း (Antibody) တစ်မျိုးကိုထုတ်လုပ်စေကာ HIV ပိုးကိုတိုက်ခိုက်သည်။ T-Lymphocyte  သည် CD4 receptors များသယ်ဆောင်သော ဆဲလ်များဖြစ်ကြသည်။ HIV ပိုးသည် CD4 နှင့် T Cells များကို ကူးစက်ပြီးပုံတူပွားများသည်။ HIV ပိုးကူးစက်ခံထားရသောသူတွင် CD4 ဆဲလ်များဆက်တိုက်ပျက်စီးလာပြီး ခုခံအားစနစ်တစ်ခုလုံး အင်အားဆုတ်ယုတ်ကာ ရောဂါများကို မတွန်းလှန်နိုင်ဘဲ အခွင့်အရေးယူဝင်ရောက်သော ရောဂါများနှင့် အချို့သောကင်ဆာများဖြစ်ပေါ်လာကာ AIDS အဆင့်သို့ရောက်ရှိလာမည်ဖြစ်ပါသည်။ 

"အခွင့်အရေးယူ ဝင်ရောက်သောရောဂါများ"

HIV ပိုးရှိသောသူသည် သာမန်လူထက်တီဘီရောဂါဖြစ်ပွားနှုန်းပိုများသည်။ ဝမ်းဆက်တိုက်နှင့် အဆက်မပြတ်သွားခြင်း၊ အခြားအဆုတ်ယောင်ရောဂါများ၊ မက်ခရု၊ မှိုရောဂါများ၊ ပြင်းထန်ဘက်တီးရီးယား ကူးစက်ရောဂါ၊ တစ်ကိုယ်လုံးယားယံခြင်း၊ အပြင်းစားရေယုန်များ ဝင်ရောက်လာနိုင်ပါသည်။ အရေပြားကင်ဆာ (Kaposi Sarcoma) နှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတို့ကိုလည်း တွေ့ရှိရတတ်ပါသည်။

"HIV ပိုးဝင်ရောက်ပြီး ရောဂါတိုးပွားခြင်းဖြစ်စဉ်"

    HIV ပိုးရှိသော်လည်း ကျန်းမာနေသောကာလသည် တစ်နှစ်မှ ၁၀ နှစ်ရှိနိုင်သည်။ ထိုအချိန်တွင် ရောဂါလက္ခဏာမပြသော်လည်း အခြားသူများသို့

ကူးစက်နိုင်သည်။ သုံးနှစ်မှ ၁ဝနှစ်ကြာပြီးသောအခါ ရောဂါလက္ခဏာ အသေးအဖွဲများဖြစ်ပေါ်နိုင်သည်။ ရှစ်နှစ်မှ ၁၂ နှစ်ကြာသောအခါ အေအိုင်ဒီအက်စ် 

ရောဂါလက္ခဏာများ ဖြစ်ပေါ်ချိန် ဖြစ်သည်။ 

"အေအိုင်ဒီအက်စ် (AIDS) ဆိုသည်မှာ"

A       =    Acquired     (မွေးရာပါလည်းမဟုတ်၊ မျိုးရိုးလိုက်ခြင်းလည်းမဟုတ်ဘဲ ကူးစက်ခြင်းဖြင့်ရရှိလာသော)

I        =    Immune    (ခုခံအားစနစ်)

D       =    Deficiency    (ရှိသင့်သည့်အတိုင်းအတာအောက် လျော့နည်းသွားခြင်း၊ မရှိခြင်း)

S        =    Syndrome     (ရောဂါလက္ခဏာစု)

    အေအိုင်ဒီအက်စ်ရောဂါသည် ခုုခံအားစနစ်အဆင့်ဆင့်ဖျက်ဆီးခြင်းခံရသဖြင့် ဖြစ်ပေါ်လာသောရောဂါ စုဖြစ်သည်။

"ရောဂါရှာဖွေခြင်း"

HIV ပိုးကို သွေးဖောက်စစ်ခြင်းဖြင့် သိရှိနိုင်သည်။ တိုက်ရိုက်ရှာဖွေသောနည်းမှာ ဗိုင်းရပ်စ်ပိုးကိုမွေးမြူ၍ ရှာဖွေခြင်းဖြစ်သည်။ အလွန်ငွေကြေး၊ ကုန်ကျများ၍ သုတေသနပြုရာတွင်သာသုံးသည်။သွယ်ဝိုက်၍ရှာဖွေသောနည်းမှာ HIV ပဋိပစ္စည်း (Antibody) ရှိ မရှိစစ်ဆေးခြင်းဖြစ်သည်။ ပဋိပစ္စည်းရှိလျှင် ရောဂါအတည်ပြုရန် နောက်ထပ်စစ်ဆေးမှုကို ထပ်မံပြုလုပ်ရမည်ဖြစ်သည်။ 

"ကြားကာလ (Window Period)"

ရောဂါပိုးစတင်ဝင်ရောက်သည့်အချိန်မှ ပဋိပစ္စည်း စမ်းသပ်စစ်ဆေးနိုင်လောက်သော ပမာဏထုတ်လုပ်သည့်အချိန်ကာလအထိကို ကြားကာလဟုခေါ်ပြီး နှစ်ပတ်မှ ၁၂ ပတ်အတွင်းကြာမြင့်သည်။ ပဋိပစ္စည်းရှာဖွေမတွေ့နိုင်သော်လည်း အခြားသူများကို ကူးစက်နိုင်ပါသည်။ ထိုအချိန်တွင် ရောဂါလက္ခဏာမရှိ၊ လူကောင်း ပကတိကဲ့သို့ဖြစ်သည်။ 

"လူကြီး အေအိုင်ဒီအက်စ်ရောဂါလက္ခဏာများ"

အဓိကလက္ခဏာများမှာ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းထက် ပို၍လျော့သွားခြင်း၊ တစ်လထက်ကျော်၍ ဝမ်းဆက်တိုက်သွားခြင်း၊ တစ်လထက်ကျော်၍ဖျားခြင်း များဖြစ်ပါသည်။ 

ရောဂါလက္ခဏာသည် ရောဂါ၏အဆင့်ပေါ်မူတည်၍ ကွဲပြားခြားနားမှုများရှိသည်။ အခြားသူများကို ကူးစက်မှုအများဆုံးအချိန်မှာ အိပ်ချ်အိုင်ဗီပိုးကူးစက်ခံရပြီးလအနည်းငယ်တွင်ဖြစ်သည်။ အများစုမှာ ၎င်းတို့၏ ရောဂါအခြေအနေကိုနောက်အဆင့်များရောက်သည်အထိမသိကြပါ။ ပထမအပတ်အနည်းငယ်တွင် ရောဂါလက္ခဏာမခံစားရပါ။ တချို့မှာ ရာသီတုပ်ကွေးကဲ့သို့ ခံစားရပါသည်။ ရောဂါပိုတိုးလာ၍ ခုခံအားနည်းသွားပြီး ဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း နှင့်

ချောင်းဆိုးခြင်းများဖြစ်လာပါသည်။ ကုသမှုမခံယူလျှင် အခွင့်အရေးယူဝင် ရောက်လာသောရောဂါများဖြစ်လာနိုင်ပြီး ၎င်းလက္ခဏာများနှင့်လည်း လာပါသည်။

"ကလေးအေအိုင်ဒီအက်စ်လက္ခဏာများ"

များသောအားဖြင့် ကလေးအသက် ရှစ်လခန့်မှ ရောဂါလက္ခဏာပေါ်လာပါသည်။ တစ်ခါတလေမွေးစ အချိန်ကတည်းက စတင်ပေါ်တတ်ပါသည်။ 

-    ကလေးကြီးထွားမှုမရှိခြင်း၊ ကြီးထွားမှုနှေးခြင်း

-    အသည်း၊ ဘေလုံး၊ အကြိတ်များကြီးထွားနေခြင်း

-    မကြာခဏဖျားခြင်း၊ ကူးစက်ရောဂါများခံစားရခြင်း စသည်များတွေ့ရတတ်ပါသည်။ 

"အေအိုင်ဒီအက်စ်သို့ လျင်မြန်စွာရောက်ရှိစေသောအချက်များ"

-    အသက်ငယ်လွန်းခြင်း၊ ကြီးလွန်းခြင်း (အသက် ငါး နှစ်အောက်၊ ၆၀ နှစ်အထက်)

-    အိပ်ချ်အိုင်ဗီမျိုးကွဲတစ်ခုထက်ပု ိ၍ဝင်ရောက်ခြင်း။

-    အိပ်ချ်အိုင်ဗီနှင့် တီဘီ၊ အသည်းရောင်အသားဝါဘီ/စီ ရောဂါများနှင့် ဒွန်တွဲဖြစ်ခြင်း။

-    အာဟာရချို့တဲ့ခြင်း၊ ဆိုးရွားသောစိတ်ဖိစီးမှုဒဏ်ခံစားရခြင်း။

-    မျိုးရိုးဗီဇအခြေခံကြောင့်ဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။ 



"အေအိုင်ဒီအက်စ်သို့ေ ရာက်ရှိမှုကို နှောင့်နှေးစေသောအချက်များ"

-    ART (Antiretroviral Therapy) ကုထုံးဖြင့် ဆောလျင်စွာကုသခြင်းနှင့် ဆေးစွဲမြဲမှန်ကန်စွာ

သောက်သုံးခြင်း။

-    ဆရာဝန်၏အကြံပေးချက်များအတိုင်း သေချာစွာလိုက်နာခြင်း။

-    ကျန်းမာစေသော အစားအစာများ ပုံမှန်စားသုံးခြင်း။

-    မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း။

-    မျိုးရိုးဗီဇ အခြေခံကြောင့်ဖြစ်ခြင်းစသည်တို့ဖြစ်သည်။ 

"နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (Counselling)"

    နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုသည်မှာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဖြင့် ပညာပေးခံရသူသည် ၎င်း၏အခက်အခဲ၊ ပြဿနာများ၏ ဇာစ်မြစ်ကို သတိပြုမိစေရန်၊ ထိုပြဿနာများကို ဖြေရှင်းနိုင်သည့်နည်းလမ်းများကို ပိုမိုသိရှိစေပြီး မိမိနှင့်ကိုက်ညီမည့်ဖြေရှင်းနည်းကိုမိမိကိုယ်တိုင် ဆုံးဖြတ်အသုံးပြုနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။ အိပ်ချ်အိုင်ဗီပိုးကူးစက်ခံနေရသူများ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ နှီးနွှယ်ဆက်စပ်သူများ၊ အိပ်ချ်အိုင်ဗီပိုးရှိမရှိစစ်ဆေးလိုသူများသည် သွေးမစစ်ဆေးမီနှင့် သွေးစစ်ဆေးပြီးသည့်အခါ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ခံယူရန်လိုပါသည်။ 

"ကုသခြင်း"

(၁)    အခွင့်အရေးယူသောရောဂါများကို ပိုမိုထိရောက်စွာ ကုသပေးခြင်းဖြင့် အေအိုင်ဒီအက်စ်ဝေဒနာရှင်များကို သက်သာမှုပေးနိုင်ပါသည်။

(၂)    အိပ်ချ်အိုင်ဗီပိုးတိုးပွားမှုကို ဟန့်တားသောဆေးများ

    ဆေးများပေါင်းစပ်ထားသော ART (Antiretroviral Therapy) ဆေးနှင့်ကုသပါသည်။ ၎င်းဆေးများသည်အိပ်ချ်အိုင်ဗီတိုးပွားမှုကိုသာဟန့်တားနိုင်ပြီး အမြစ်ပြတ်ပျောက်ကင်းသွားကြောင်း မတွေ့ရသေး ပါ။ ART ကိုပုံမှန်သောက်သုံးခြင်းဖြင့် အေအိုင်ဒီအက်စ်အဆင့်သို့ရောက်ရှိသွားခြင်းကို ကာကွယ်နိုင် သည်။ 

ပိုးပွားမှုကို ထိန်းချုပ်ပေးသည့်အတွက် ပိုးရှိသူသည် အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ပြီး အခြားသူများသို့ ကူးစက်နိုင်သည့် အန္တရာယ်ကိုလျော့ကျစေသည်။ အခွင့်အရေးယူဝင်ရောက်လာနိုင်သော ရောဂါများ၏ကူးစက်မှုမှ အကြိမ်လျော့နည်းစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ ဆေးယဉ်ပါးမှုမဖြစ်စေရန် ART ဆေးကိုနောက်ကျခြင်း၊ ပျက်ကွက်ခြင်းမရှိဘဲ ဆရာဝန်၊ ဆရာမများ၏ညွှန်ကြားချက်အတိုင်း တိကျစွာသောက်ရန်လိုပါသည်။ တစ်သက်လုံးစွဲမြဲစွာ၊ မှန်ကန်စွာ သောက်ရန်အထူးလိုအပ်ပါသည်။ ဆေးဝါးများကို တတ်ကျွမ်းနားလည်သော ပညာရှင်များ၏ ညွန်ကြားချက်မပါဘဲ မသောက်သုံးရပါ။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေးဆိုသည့်အတိုင်း အလွန်အန္တရာယ်ကြီးပါသည်။

(၃)    စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှု

လူတစ်ဦးတစ်ယောက်တွင် အိပ်ချ်အိုင်ဗီပိုးရှိခြင်း၊ အေအိုင်ဒီအက်စ်ဖြစ်နေပြီဆိုလျှင် စိတ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အထူးပြောင်းလဲခံစားရမည်ဖြစ်သည်။ ထိုအချိန်တွင်မိတ်ဆွေ၊ မိသားစု၊ ပတ်ဝန်းကျင်၏ နားလည်ကြင်နာမှု၊ ဖေးမမှုသည်အလွန်အရေးကြီးသည်။ ခွဲခြားဆက်ဆံခြင်းမပြုဘဲ စိတ်ဓါတ်မြှင့်တင် ပေးရန်လိုအပ်ပါသည်။ 

"မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗီပိုးကူးစက်မှုမှကာကွယ်ခြင်း"

မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်တွင် အဓိကကူးစက်ပြီး နို့ချိုတိုက်ကျွေးချိန်တွင် ကူးစက်နိုင်သော်လည်း အဓိကကူးစက်နည်းမဟုတ်ပါ။ 

ကိုယ်ဝန်ဆောင်မိခင်များအား နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းနှင့် အိပ်ချ်အိုင်ဗီပိုးရှိမရှိ စစ်ဆေးပါသည်။ မိခင်တွင် အိပ်ချ်အိုင်ဗီပိုးတွေ့လျှင် ၎င်း၏ခင်ပွန်းအားစစ်ဆေးရန် တိုက်တွန်းပါသည်။ 

"ကိုယ်ဝန်ဆောင်ချိန်"

အိပ်ချ်အိုင်ဗီပိုးတွေ့ရှိသောမိခင်အား ART ဆေးတိုက်ကျွေးခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများကို ဖိနှိမ်ထားနိုင်ပြီး မိခင်မှရင်သွေးသို့ ကူးစက်မှုကို ငါးရာခိုင်ခိုင်နှုန်းအောက်အထိ လျော့ချနိုင်ပါသည်။ 

"ကလေးမီးဖွားချိန်"

ကလေးငယ်အားအန္တရာယ်ကင်းစွာမွေးဖွားနိုင်ရန် မိခင်၏သွေး၊ ကိုယ်ခန္ဓာမှအရည်များဖြင့် ထိတွေ့မှု နည်းနိုင်သမျှ နည်းစေရန် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးခန်း၊ ဆေးခန်း၊ သားဖွားခန်းများတွင်မွေးဖွားရန် တိုက်တွန်းပါသည်။ 

"ကလေးမီးဖွားပြီးနောက်ပိုင်း "

မိခင်မှ ART ဆေးကိုဘဝတစ်လျှောက်လုံး သောက်သုံးရမည်ဖြစ်သည်။ မွေးလာသောကလေးအား မွေးစမှစ၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း ART တိုက်ကျွေးခြင်း၊ ကလေးတွင် အိပ်ချ်အိုင်ဗီပိုးပါ ရှိ၊ မရှိ စစ်ဆေး ခြင်းများပြုလုပ်ပါသည်။ 

"ကလေးအားမိခင်နို့တိုက်ကျွေးခြင်း"

မိခင်နို့တိုက်ကျွေးခြင်းနှင့် အစားထိုးနို့တိုက်ကျွေးခြင်း နှစ်စမျိုးလုံး၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ရှင်းပြသည်။ မိခင်နို့တိုက်ကျွေးမည်ဆိုလျှင် မိခင်နို့တစ်မျိုးတည်းကိုသာကလေးအသက် ခြောက်လအထိ တိုက်ကျွေးပြီး ဖြည့်စွက်စာထည့်သွင်းကျွေးရန်၊ ၁၂ လအထိ မိခင်နို့ကိုဆက်တိုက်ပြီးနောက် တစ်လအတွင်း တဖြည်းဖြည်းဖြတ်ရပါမည်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် အိပ်ချ်အိုင်ဗီကူးစက်မည့်အန္တရာယ်ရှိသော်လည်း ART သောက်နေပါက ကူးစက်နိုင်သည့် နှုန်းမမြင့်မားပါ။

"အိပ်ချ်အိုင်ဗီပိုးရှိသူ အေအိုင်ဒီအက်စ်ဖြစ်ပွားနေသူများ လုပ်ဆောင်ရန်"

    မိမိကိုယ်ကိုယ် ဂရုစိုက်ရမည်။ ဘာသာရေးကိုလိုက်စားရန်၊ ဆေးရုံ၊ ဆေးခန်းများသို့ မှန်မှန်ပြရန်၊ ကျန်းမာ၍ စိတ်ချမ်းသာစွာ နေထိိုင်နိုင်အောင် ကြိုးစားရမည်။ မျှတ၍ အာဟာရဖြစ်သော အစားအသောက်စားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ သင့်လျော်သည့် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အန္တရာယ်ရှိသော အပြုအမူများကို ရှောင်ရှားခြင်း၏ ဘဝ၏အရည်အသွေးကို ထိန်းသိမ်းရမည်ဖြစ်သည်။ နှစ်သိမ့်ဆွေးနွေး၊ ပညာပေးသူနှင့်လည်း မှန်မှန်တွေ့ဆုံကာ အကြံဉာဏ်များ၊ နေထိုင်ရမည့်နည်းလမ်းများကို ဆွေးနွေးအကြံယူသင့်ပါ သည်။ အရေးအကြီးဆုံးမှာ ကာယကံရှင်ကိုယ်တိုင်မှ ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် စိတ်ဓာ

တ်ကြံ့ခိုင်ရမည်ဖြစ်သည်။

"ကာကွယ်ခြင်း"

    ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်ဆိုသည့်အတိုင်း ရောဂါမဖြစ်အောင် ကာကွယ် ခြင်းကို တစ်ဦးချင်းစီမှ လုပ်ဆောင်သင့်ပါသည်။ 

တစ်ဦးချင်းစီသည် အိပ်ချ်အိုင်ဗီပိုးကူးစက်ခံရခြင်းမှ လျော့ချရန်အတွက် အန္တရာယ်ရှိသော အချက်များကိုထိတွေ့ခြင်းမှ ရှောင်ရှားရပါမည်။

(၁)    အန္တရာယ်ရှိသောအပြုအမူများရှိသူများသည် လိင်ဆက်ဆံလျှင် ယောကျ်ားကွန်ဒုံး၊ မိန်းမကွန်ဒုံးသုံးရန်။

(၂)    အိပ်ချ်အိုင်ဗီ၊ လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို ကာကွယ်ခြင်း၊ ပိုးရှိမရှိသွေးဖောက်စစ်ဆေး ခြင်းနှင့် နှစ်သိမ့်ဆွေးနွေးမှုကို ခံယူရန်။

(၃)    အမျိုးသားများသည် မိမိ၏ဆန္ဒအလျောက် ပိုးခိုအောင်းနိုင်သည့်နေရာဖြစ်သော လိင်အင်္ဂါအရေပြားကို ဖြတ်ရန်။

(၄)    မူးယစ်ဆေးထိုးသူများ၊ ဆေးသုံးစွဲသူများအား အန္တရာယ်မှလျော့ချရန်။

(၅)    မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို လျော့နည်းအောင်လုပ်ရန်။

(၆)    ART ကို PrEP ပေးရန် (PreExposure Prophylaxis PrEP)

ရောဂါကူးစက်ခံရခြင်းကို လျှော့ချရန် ပိုးနှင့်မထိတွေ့ခင်ကတည်းက ART ကို အန္တရာယ်ရှိသည့်အုပ်စုများကို အန္တရာယ်ရှိစဉ်ကာလတစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးရန် ဆေးပေးခြင်းဖြစ်သည်။ ဆေးမှန်မှန်သောက်လျှင် အကျိုးထိရောက်မှုသိသိသာသာမြင့်မားသည်ကို တွေ့ရမည်ဖြစ်သည်။ 

    မိမိ၏အိပ်ချ်အိုင်ဗီပိုးရှိသောအဖော်သည် ART ဆေးသောက်နေပြီး ပိုးကောင်ရေစစ်ဆေးပြီး တိုင်းတာ၍မရသည်အထိ ထိန်းချုပ်ထားနိုင်လျှင်မိမိထံကူးစက်နိုင်ခြေ မရှိသလောက်နည်းသွားသည်။ ထို့ကြောင့် သွေးဖောက်စစ်ဆေးမှုများပြုလုပ်ပြီး ART ရရှိနိုင်မည့် နေရာများသို့ ညွှန်းပို့ပေးခြင်းကို တိုးမြှင့်လုပ်ဆောင်ပေးခြင်းသည် အိပ်ချ်အိုင်ဗီပိုးကာကွယ်ခြင်းတွင် အရေးကြီးသောအချက်ဖြစ်ပါသည်။ 

"ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဆောင်ရွက်ချက်များ"

    နိုဝင်ဘာ ၉ ရက် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက UNAIDS ၏ 95-95-95 ပန်းတိုင်သို့ ရာက်ရှိရန် နှစ်ဆအားထုတ်လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်မှသာ နောက် ၁၀ နှစ်အတွင်း (၁)  အိပ်ချ်အိုင်ဗီနှင့် ဆက်စပ်ရောဂါများကြောင့် ၇ ဒသမ ၇ သန်းသေဆုံးမည်ကို ရှောင်ရှားနိုင်မည်။

    (၂)    ကိုဗစ်-၁၉ ဖြစ်ပွားခြင်းတွင် အိပ်ချ်အိုင်ဗီဝန်ဆောင်မှုများပြိုကွဲခံရ၍ အိပ်ချ်အိုင်ဗီကူးစက် ရောဂါများများလာခြင်းကိုရှောင်ရှားနိုင်မည်။ 

    (၃)     ပြည်သူ့ကျန်းမာရေးပြဿနာများ တုံ့ပြန်မှုများနှေးနေခြင်းများကို ရှောင်ရှားနိုင်မည်ဟု ပြောကြားသွားပါသည်။

UNAIDS ၏ 95-95-95 ပန်းတိုင်မှာ

(၁)    အိပ်ချ်အိုင်ဗီပိုးရှိသူ ၉၅ ရာခိုင်နှုန်း သည် ၎င်းတို့၏ အိပ်ချ်အိုင်ဗီအခြေအနေကို သိရှိရန်

(၂)    အခြေအနေကိုသိသည့် ၉၅ ရာခိုင်နှုန်း သည် ကုသမှုကို ရရှိရန်

(၃)    ကုသမှုကိုရရှိသည့် ၉၅ ရာခိုင်နှုန်း သည် အိပ်ချ်အိုင်ဗီပိုးကိုထိန်းချုပ်ပြီးဖြစ်ရန်တို့ဖြစ်ပါသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် UNAIDS ၏ ရည်မှန်းချက်ပန်းတိုင်များရောက်ရှိရန်နှင့် အေအိုင်ဒီ အက်စ်၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနှင့် 

လိင်မှတစ်ဆင့်ကူးစက်သောရောဂါများအား ၂၀၃၀ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ အဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ၏ ၂၀၂၂-၂၀၃၀ နည်းဗျူဟာ (Global Health Sector Strategies GHSSs 2022-2030) များကို ချမှတ်ခဲ့ပါသည်။

ထိုနည်းဗျူဟာ၏ရည်မှန်းချက်မှာ

(၁)    အိပ်ချ်အိုင်ဗီပိုးတွေ့ရှိမှုကို ၂၀၂၀ တွင် ၁ ဒသမ ၅ သန်းမှ ၂၀၃၀ ခုနှစ်တွင် ၃၃၅၀၀၀ သို့ လျှော့ချရန် 

(၂)    သေဆုံးမှုကို ၂၀၂၀ တွင် ၆၈၀၀၀၀ ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂၄၀၀၀၀ အောက်ရောက်ရှိရန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် နိုင်ငံများအား လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးပေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ ကပ်ရောဂါပိုင်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း၊ ပြောင်းလဲမှုများအတွက်အခွင့်အရေးများ ဖန်တီးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အိပ်ချ်အိုင်ဗီပိုးကူးစက်မှုအန္တရာယ်မှ လျှော့ချခြင်းသည် လူတိုင်းနှင့်ဆိုင်သော တာဝန်တစ်ရပ်ဖြစ်သည်။ လုံခြုံစိတ်ချရသော လိင်ဆက်ဆံခြင်းကို ကျင့်သုံးသော အမူအကျင့်သည် အိပ်ချ်အိုင်ဗီပိုးကူးစက်မှု အန္တရာယ်ကို လျော့ချရန်တာဝန်မျှဝေယူခြင်းသာဖြစ်သည်။

အန္တရာယ်ရှိသော အပြုအမူများကို ပြုမိသူ (မူးယစ်ဆေးဝါးထိုးသွင်းသူ၊ လိင်မှုကိစ္စရှုပ်ပွေသူ၊ ကာလသားရောဂါများ မကြာခဏဖြစ်ပွားတတ်သူ) များသည် အိတ်ချ်အိုင်ဗီပိုး ကူးစက်နိုင်ခြေရှိသည့်အတွက် မိမိဆန္ဒအလျောက်နှစ်သိမ့်ဆွေးနွေးပညာပေးမှုကို ခံယူကာ အိပ်ချ်အိုင်ဗီပိုးကို စစ်ဆေးကြည့်သင့်ပါသည်။

အိပ်ချ်အိုင်ဗီပိုးကို ကုသပျောက်ကင်းသော ဆေးမရှိပါ။ ထို့ကြောင့်ရောဂါပိုးမဝင်အောင်မိမိကိုယ်ကိုယ် ကာကွယ်ခြင်း၊ စောစီးစွာ သွေးဖောက်စစ်ဆေးပြီး ရောဂါဖော်ထုတ်ခြင်းနှင့် ကုသမှုကိုရရှိရန် ထိရောက်စွာတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့်သာ အိပ်ချ်အိုင်ဗီပိုးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ 

ထို့ပြင်ကမ္ဘာကြီးတွင် မညီမျှမှုများကိုအဆုံးသတ်လျှင် အေအိုင်ဒီအက်စ်အဆုံးသတ်သွားမည်ဖြစ်သည်။ အဆုံးသတ်သွားမည်ဆိုသည်မှာ ပြည်သူ့ကျန်းမာ ရေးပြဿနာအဖြစ်မှ အဆုံးသတ်သွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လူတိုင်း ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူမှုစီးပွားရေး နောက်ခံများနှင့် မသက်ဆိုင်ဘဲ အိပ်ချ်အိုင်ဗီဝန်ဆောင်မှုများကို တန်းတူညီမျှလက်လှမ်းမီရရှိမည်ဆိုလျှင် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီ/စီ နှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ အဆုံးသတ်သွားမည်ဖြစ်ပါကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် “ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့” (World AIDS Day) အထိမ်းအမှတ်အဖြစ်ရေးသားလိုက်ပါသည်။ 

ကိုးကား

(၁)    WHO Website

(၂)    မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗီကူးစက်မှုကာကွယ်ရေးစီမံချက် လက်စွဲစာအုပ် 

    (ဒီဇင်ဘာ ၂၀၁၇ ခုနှစ်၊ ကျန်းမာရေးဝန်ကြီးဌာန)

(၃)    အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုင်ရာ လက်စွဲစာအုပ် 

    (ဇန်နဝါရီ ၂၀၁၉ ကျန်းမာရေးဝန်ကြီးဌာန)

 (၄)    ခုခံအားကျဆင်းမှု ကူးစက်ရောဂါအကြောင်းသိကောင်းစရာ 

    (၂၀၀၇ NAP ကျန်းမာရေးဦးစီးဌာန + Aus AIDS)

    

Most Read

Most Recent