ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းမှ ကျပ် ၂ ဒသမ ၁၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တစ်ရာကုတ်ကျေးရွာအနီးရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ကျော်စိန်၊ ကျားယော်၊ ကျကော့၊ ကျလော၊ ကျကျိုး၊ ဒါယေလ၊ အိုက်ရီ(ခ)ကျိုင်းရီနှင့် ကျယုတို့ ရှစ်ဦးအား ကျပ် ၂ ဒသမ ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၇၃၃ သန်း၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း သုံးကီလို၊ ကဖင်း ၂၉ ကီလို၊ AK-47 သေနတ် နှစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့်၊ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် တစ်လက်၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့် ဆေးပြားရိုက်က်စက် တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်း
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်သည့်စခန်းပိုင်ရှင် ဘောဇ(ခ)ဘောစနှင့် ဂျိုးဇက်(ခ)ကဲဘာတို့၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၃၆၀ ပြား၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် မွှေစက်အသေး တစ်လုံး၊ ကျကော့၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၃၉၂ ပြား၊ စိတ်ကြွဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရအရေးယူထားရှိပြီး မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။