၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက်တွင် နေပြည်တော်၌ မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (Least Developed Country (LDC)) အဖြစ်မှ လွတ်မြောက်ရေး အတွက် နည်းပညာ အကူအညီပေး ရန် ( The United Nations Office of the High Representative for the Least Developed Countries, Landlocked Developing Coun-tries and the Small Island Deve-loping States (UN-OHRLLS)) ရုံးရှိ တာဝန်ရှိသူများနှင့် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် စာရေးသူသည် တက်ရောက်လေ့လာခွင့်၊ မှတ်တမ်းပြုစုခွင့်ရရှိခဲ့ပါသည်။
ဖော်ပြပါ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်စာရရှိသည့်နေ့မှစတင်ကာ စာရေးသူသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများအား အလုံးစုံ သိမြင်နားလည်နိုင်စေရေးအလို့ငှာ အင်တာနက် စာမျက်နှာများတွင် ရှာဖွေလေ့လာခဲ့ပါသည်။ စာရေးသူ အထူးပြုလေ့လာခဲ့သည့် ဘာသာရပ် သည် စာရင်းအင်းပညာ ဖြစ်သည့်အတွက် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်စေသည့် အညွှန်းကိန်းများ၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရန် လိုအပ်သည့် အညွှန်းကိန်းများ စသည်တို့ကို တွက်ချက်ရယူသည့် အဆင့်များကိုပါ လေ့လာဖတ်ရှုနိုင်ခဲ့ပါသည်။
ဤတွင် စတင်တွေ့ရှိရသည်မှာ စာရေးသူတို့ တိုင်းပြည်နိုင်ငံအတွက် အညွှန်းကိန်းများ ရရှိစေရန် အသုံးပြုထားရှိသည့် အခြေခံကိန်း ဂဏန်းအချက်အလက်များ (Data) နှင့် စာရင်းအင်းကိန်းဂဏန်းအချက် အလက်များ (Statistic) သည် တိုင်းပြည်နိုင်ငံတွင် အမှန်တကယ်တည်ရှိနေသည့် အနေအထားနှင့် လွန်စွာဝေးကွာ၊ ကွာခြားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ထိုစဉ်အချိန်က အသုံးပြုထားရှိသည့် နိုင်ငံလူဦးရေနှင့် ၂၀၁၄ သန်းခေါင် စာရင်းအရ တွေ့ရှိနေရသည့် လူဦးရေမှာ များစွာကွာခြားလျက်ရှိနေပါသည်။ ထို့အပြင် အခြေခံကိန်း ဂဏန်းအချက်အလက်များ (Data) နှင့် စာရင်းအင်းကိန်းဂဏန်းအချက် အလက်များ (Statistic) ပြည့်စုံ လုံလောက်စွာ ရရှိနှိုင်မှုအခြေအနေ သည်လည်း စိန်ခေါ်မှုများစွာ တည် ရှိနေပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြု လုပ်သည့်အခါတွင် (The United Nations Office of the High Representative for the Least Developed Countries, Land-locked Developing Countries and the Small Island Developing States (UN-OHRLLS)), (Depart-ment of Economic and Social Affairs (DESA)), (The United Nations Conference on Trade and Development (UNCTAD)), (The Economic and Social Com-mission for Asia and the Pacific (ESCAP)), (United Nations De- velopment Programme (UNDP)) စသည့်ရုံးများက တာဝန်ရှိသူများသည် ၎င်းတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို တင်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (Ministry of Foreign Affairs)၊ အမျိုးသား စီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန (Ministry of National Planning and Economic Development)၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာန (Ministry of Livestock, Fisheries and Rural Development)၊ ပညာရေးဝန်ကြီးဌာန (Ministry of Education) ရှိ တာဝန်ရှိပုဂ္ဂိုလ်များက တာဝန်ယူ ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ် ကျင်းပချိန်တွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်များ၏ တင်ပြချက်များသည် စာရေးသူ ကြိုတင်လေ့လာ ဖတ်ရှုထားရှိသည့် အကြောင်းအရာ များဖြစ်သဖြင့် စာရေးသူအနေဖြင့် ပိုမိုသိမြင်နားလည်ခဲ့ရပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံကို ကိုယ်စားပြုဆွေးနွေးတင်ပြချက်များမှာ အနည်းငယ်သာတွေ့မြင်ကြားသိရပြီး၊ အချို့သော ပုဂ္ဂိုလ်များ၏ ဆွေးနွေးတင်ပြချက်များမှာ ဆွေးနွေးလျက်ရှိသည့် အကြောင်းအရာများ အပေါ်တွင် အခြေခံခြင်းမရှိဘဲ စာရွက်ပေါ်တွင် ကြိုတင်ရေးသားလာခဲ့သည်များကို ဖတ်ပြကြသည်ကို လည်း တွေ့မြင်ကြားသိခဲ့ရပါသည်။
စာရေးသူမှာ အလုပ်ရုံဆွေးနွေးပွဲတွင် တိုက်ရိုက်တာဝန်ရှိသူ တစ်ဦးမဟုတ်သဖြင့် တိုက်ရိုက်တာဝန်ရှိသူများ၏ အချိန်ရရှိမှုအား အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် အလုပ်ရုံဆွေးနွေးပွဲ ရပ်နားချိန်များဖြစ်သည့် ကော်ဖီသောက်ချိန်၊ နေ့လယ်စာစားရန် ရပ်နားချိန်များတွင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက တာဝန်ရှိပုဂ္ဂိုလ်များအား တွေ့ဆုံဆွေးနွေးခွင့်ရရှိနိုင်ရန် ကြိုးစားအားထုတ်ခဲ့ပါသည်။ စာရေးသူ လေ့လာကြားသိခဲ့ရသည့် အချက်များထဲမှ စာရေးသူ အရေးကြီးသည်ဟု ထင်မြင်ယူဆသည့် အချက်သုံးချက်ကို ထုတ်နုတ်တင်ပြပါမည်။
(၁) ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရန် စဉ်းစားရာတွင် အခြေခံကိန်းဂဏန်းအချက်အလက်များ (Data) နှင့် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ (Statistic) တို့၏ မှန်ကန်မှုနှင့် ပြည့်စုံမှုတို့၏ အရေးပါသည့် အခန်းကဏ္ဍအခြေအနေကို ရာခိုင်နှုန်းအားဖြင့် ဖော်ပြမည်ဆိုပါလျင် လေးဆယ်ရာခိုင်နှုန်း (၄၀%) ခန့်သာ ဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်း (Coordination) နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း (Coordination) တို့သည် ခြောက်ဆယ်ရာခိုင်နှုန်း (၆၀%) ခန့် ဖြစ်သည်ဟု ကြားသိခဲ့ရပါသည်။
(၂)မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရေးအတွက် နှစ်အနည်းငယ်အတွင်း (ဥပမာ ငါးနှစ်ခန့်အတွင်း) လိုအပ်ချက်များအား ပြည့်မီစေရန်မှာ မလွယ်ကူကြောင်း အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် မှန်မှန်ကန်ကန်နှင့် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်ပေးနိုင်မည့် အင်စတီကျူးရှင်းများ ဖြစ်ထွန်းပေါ်ပေါက်ခြင်း မရှိသေးကြောင်း ကြားသိခဲ့ရပါသည်။
(၃)ယနေ့ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ပြီ ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက အချိန်ကာလ တစ်ခုအတွင်း မလွဲမသွေ အခက်အခဲ စိန်ခေါ်မှုများကို ကျော်လွှားလွန် မြောက်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရေးအတွက် စာရေးသူ လေ့လာဖတ်ရှုခဲ့ရသည့် အကြောင်းအရာများထဲမှ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများ၊ ဦးဆောင်လျက်ရှိကြသူများအနေဖြင့် နှစ်ကာလကြာရှည် လျစ်လျူရှုထားရှိခဲ့ကြသည့် အလွယ်ကူဆုံး၊ အလျင်မြန်ဆုံး အကောင်အထည်ဖော်ဆောင် ရွက်ပေးနိုင်မည့် အခြေအနေအကြောင်းအရာကလေးကို တင်ပြပါမည်။
စာရေးသူသည် မုဆိုးချုံရွာမကျေးရွာမှ မန္တလေးမြို့သို့ သွားရောက်ပြီး ကျောင်းတက်ပညာသင်ကြားခဲ့ရသည်မှာ အလယ်တန်း သတ္တမတန်းရောက်ရှိချိန်မှ မန္တလေးဒေသကောလိပ် ဒုတိယနှစ်အောင် မြင်ပြီးချိန်အထိဖြစ်ပါသည်။ ကျောင်းပိတ်ချိန်နှင့် ကျောင်းဖွင့်ချိန်များတွင် မုဆိုးချုံရွာမ ကျေးရွာနှင့် မန္တလေးမြို့အား မီးရထားနှင့် အသွားအပြန် စီးနင်းလိုက်ပါရပါသည်။ မိုးတွင်းကာလ မီးရထားဖြင့် စီးနင်းလိုက်ပါချိန် စစ်ကိုင်းတံတားနှင့် (အမရပူရ) မန္တလေး အကြား၊ ရတနာ့ဂူ ဘူတာအနီး ကား လမ်းပေါ်တွင် ၎င်းတို့၏နေအိမ်များ ရေနစ်မြုပ်သဖြင့် တက်ရောက်နေထိုင်ကြသည့် မိသားစုများမှာ နှစ်စဉ်နှစ်တိုင်း တွေ့မြင်နေရပါသည်။ မွေးမြူထားရှိသည့် နွားများ၊ ကြက်၊ ဝက်စသည်တို့ကိုပါ ပြောင်းရွှေ့ နေထိုင်ကြသည်ကိုလည်းတွေ့ရှိရပြီး တစ်ခါတစ်ရံ အချိန်တစ်လခန့် ကြာမြင့်သည်ဟုလည်း ကြားသိရပါသည်။
နှစ်စဉ်နှစ်တိုင်း ရေကြီးသည်မှာလည်း ပုံမှန်နီးပါးဖြစ်ပြီး ရေပြန်ကျချိန် ၎င်းတို့၏ လယ်ကွင်းများတွင် တင်ရှိနေသည့် နုန်းမြေနုသစ်များ၌ သီးနှံများစိုက်ပျိုး လုပ်ကိုင်ကြသည်မှာလည်း နှစ်စဉ်နှစ်တိုင်း လုပ်ရိုးလုပ်စဉ် လုပ်ငန်းများဖြစ်ကြပါသည်။ ယခင် စစ်အုပ်ချုပ်ရေးကာလ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများအား ဦးစားပေး တန်ဖိုးထားခြင်း မပြုမီအချိန်က မိသားစုများ ကားလမ်းမပေါ်တွင် ဖြစ်သလို နေထိုင်နေကြရခြင်းသည် စိန်ခေါ်မှုများ (Issues) ဟု သတ်မှတ်ခြင်း မပြုသော်လည်း ယနေ့အချိန်ကာလတွင်မူ အထက်ဖော်ပြပါ ဖြစ်ရပ်များသည် နိုင်ငံတော်၏ ပုံရိပ်ကို ထိခိုက်ပျက်စီးစေသည့် ကိစ္စရပ်များ ဖြစ်နေပါသည်။
အထက်ပါကဲ့သို့ ဖြစ်ရပ်များသည် ရတနာ့ဂူ (အမရပူရ၊ မန္တလေး) နေရာတွင်သာမက ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး စသည် အချို့သော နေရာများတွင်လည်း နှစ်စဉ် နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိနေပါသည်။ စာရေးသူက တာဝန်ရှိမည်ဟု ယုံကြည်ယူဆရသူအချို့အား အထက်ဖော်ပြပါစိန်ခေါ်မှုများကို ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ကားလမ်းမများ၊ မသင့်တော်သည့် နေရာများတွင် နေထိုင်ရခြင်းထက် လူ့အသိုင်းအဝိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံနိုင်စေမည့် မိသားစုများအတွက် မိသားစုများ၏ ဆန္ဒကို အခြေခံပြီး ယာယီ သို့မဟုတ် အမြဲတမ်း နေထိုင်တည်းခိုနိုင်စေမည့် အခြေအနေများကို ဖန်တီးပေးရန် အဆိုပြု တင်ပြခဲ့ရာ ယနေ့အချိန်အထိ စိတ်ပါဝင်စားသည့် တာဝန်ယူမည့်သူ မတွေ့မြင်မိသေးပါ။ အကောင်အထည်ဖော် ဆောင်ရွက်သည့် သတင်းကိုလည်း မမြင်မိ မကြားမိသေးသည့် အခြေအနေဖြစ်ပါသည်။
ဤတွင် စာဖတ်သူများအတွက် အနည်းငယ်ရောထွေးသွားစေနိုင်သည့် အချက်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် ပြဋ္ဌာန်းပါရှိသည့် အချက်များဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အခြေအနေများသည် နှစ်စဉ်နှစ်တိုင်း ပုံမှန်ဖြစ်နေကျဖြစ်သဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်နေသည့် အခြေအနေအဖြစ် သတ်မှတ်ရန်မှာ လွန်စွာခက်ခဲသည့် အခြေအနေဖြစ် ပါသည်။ ကားလမ်းမများ၊ မသင့်တော်သည့် နေရာများတွင် နေထိုင်လျက်ရှိကြသည့် မိသားစုများ၊ လူပုဂ္ဂိုလ်များအား ဘေးသင့်သူများအဖြစ် သတ်မှတ်ခြင်းမပြုနိုင်ပါသော်လည်း ထိခိုက်ခံစားရသူများအနေနှင့် သတ်မှတ်နိုင်ပါသည်။
ထို့ကြောင့် စာရေးသူသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများအနေဖြင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိသည့် အခြေအနေအပေါ်တွင် မည်ကဲ့သို့သော အမြင် သဘောထားများ တည်ရှိပေါ်ပေါက်လျက် ရှိနေကြသည်ကို သိမြင်နိုင်စေရန်အတွက် နိုင်ငံတော်အကြီးအကဲအဖြစ် ဆောင်ရွက်လျက်ရှိစဉ် ပြောကြားချက်များကို ပြုစု မှတ်တမ်းတင်ထားရှိသည့် စာအုပ် (Reference : 1) ကို အခြေခံကာ စကားလုံးများကို တိုက်ရိုက်တင်ပြပါမည်။
“တို့နိုင်ငံအနေနဲ့ မကြာခင်က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကို ပြန်ဆင်းတယ်။ အဲဒါ ဒီနေ့ပြောရင် တော့ (LDC) လို့ခေါ်တယ်။ (Least Developing Country) အဆင့်ကို ဆင်းတယ်။ ဘာကြောင့် ဆင်းသလဲဆိုရင် အတိုချုပ် ပြောရလို့ရှိရင်တော့ တို့နိုင်ငံအနေနဲ့ တင်ရှိနေတဲ့အကြွေးတွေကို ပြန်ဆပ်ချင်လို့ သို့မဟုတ်လို့ ရှိရင်တို့အတွက် သက်သာခွင့်ရအောင်လို့ ပြန်ဆင်းတာပဲ ဖြစ်တယ်။” (Reference : 1, pp - 192).
“နောက်တစ်ခုက တို့စောစောကပြောထားတဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) ဆင်းတယ် ဆိုတာကလည်း နည်းနည်းပြောမယ်။ (LDC) ဆင်းတယ်ဆိုတာ ကြွေးမြီသက်သာခွင့်ရမယ်။ ဒီလိုရအောင်လုပ်တယ်။ ဒီနေ့ ဖြတ်တောက်ထားတဲ့ နိုင်ငံတွေက အကြံပေးတာလို့ ငါအကြမ်းဖျင်း သိတယ်။ တို့ ဒီတိုင်းပြည်ကသာ အဆင်းရဲဆုံး နိုင်ငံလို့။ ပြန်တာ။ အဲဒီတော့ (LDC) ဆင်းလိုက်တဲ့အတွက် ကြွေးမြီသက်သာခွင့်ရတယ်။ တစ်ရာပေးရမယ့် ကိစ္စကို တို့က သုံးဆယ်ပေး၊ သူက တို့ကို တစ်ရာပေး။ လုံးဝ လျှော်ပစ်တဲ့ဟာမျိုး လုပ်လို့မရဘူး။ အကြမ်းဖျင်းပေါ့။ နည်းနည်းသိအောင်ပြောတာ။” (Reference : 1, pp - 211).
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံ တည်ရှိနေသည့် ပထဝီဝင် အနေအထား၊ တိုင်းပြည် နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေ၊ နိုင်ငံသားများ၏ သိမြင်နားလည် လေ့လာနိုင်သည့် အရည်အသွေး စွမ်းရည်စသည် ပိုင်ဆိုင်တည်ရှိနေ သည့် အခြေအနေများအရ ကမ္ဘာ့နိုင်ငံများအလယ်တွင် ရှက်ဖွယ် အတိဖြင့် မည်သို့မျှ လက်ခံနိုင်ခြင်း မရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိနေရသည့် အခြေအနေကို ပြည်သူပြည်သားများ သိမြင်နားလည်နိုင်စေရန်နှင့် အတိုဆုံးသော အချိန်ကာလအတွင်း ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရန် ကြိုးပမ်းအား ထုတ်ဆောင်ရွက်နိုင်ကြစေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) အဖြစ်သို့ ရောက်ရှိ သွတ်သွင်းခံရခြင်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်း အခြေအနေ သဘောတရား အကျဉ်းကို တင်ပြပါမည်။ အဆိုပါ သဘောတရားများသည် နိုင်ငံတကာ အဆင့် စံချိန် စံနှုန်းများကို အခြေခံကာ သဘောတရားအနေ နှင့် ကျယ်ပြန့်စွာ တည်ရှိနေပါ သော ကြောင့် ယခုဆောင်းပါးအဆင့်ဖြင့် ပြည့်စုံအောင် တင်ပြရန် မဖြစ်နိုင်ပါ။
ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိ သွတ်သွင်းခံရခြင်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်းဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် ဌာနများ၊ အဖွဲ့အ စည်းများကို ရှင်းလင်းတင်ပြပါမည်။ ၎င်းင်းဖြစ်စဉ်တွင် အဓိကအကျဆုံး အဖွဲ့အစည်းများ၊ ဌာနများမှာ သက်ဆိုင်ရာတိုင်းပြည်နိုင်ငံတွင် တည်ရှိ နေသည့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူထားရှိသည့် အဖွဲ့ အစည်းများဖြစ်ပြီး ယင်း၏လက် အောက်ခံ အဖွဲ့အစည်းများ၊ ဌာနများ အားလုံးပါဝင်ပါသည်။ သက်ဆိုင်ရာ တိုင်းပြည်နိုင်ငံတွင်အုပ်ချုပ် လျက်ရှိသည့် အစိုးရနှင့် ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများအပေါ်တွင် မူတည်ကာ သက်ဆိုင်ရာတိုင်းပြည် နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့်သည်လည်း တည်ရှိ ရပ်တည်နေမည်ဖြစ်ပါသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွတ်သွင်းခံရခြင်းနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဖြစ်မှ လွတ်မြောက်ခြင်းဖြစ်စဉ်တွင် အဓိက ပါဝင်ပတ်သက်သည့် ဌာနများ၊ အဖွဲ့အစည်းများ၏ အမည်များအား အင်္ဂလိပ်အမည်များနှင့် တိုက်ရိုက်တင်ပြပါမည်။ (၁) UN General Assembly, (၂) UN-CDP (United Nations Committee for Development Policy), (၃) ECOSOC (The United Nations Economic and Social Council), (၄) UN-DESA (United Nations Department of Economic and Social Affairs), (၅) UN-OHRLLS (The United Nations Office of the High Representative for the Least Developed Countries, Landlocked Developing Coun-tries and the Small Island Deve-loping States), (၆) UNCTAD (The United Nations Conference on Trade and Development), (၇)ESCAP (The Economic and Social Commission for Asia and the Pacific) နှင့် (၈) UNDP (Uni-ted Nations Development Programme)/
ဖော်ပြထားသည့် အမည် များသည် အဓိက ပါဝင်ပတ်သက် သည့် အဖွဲ့အစည်းများ၏အမည်များသာဖြစ်ပြီး Data နှင့် Statistic များ ရရှိနိုင်စေရန်အတွက် ပါဝင်ပတ်သက်သည့် နိုင်ငံတကာအဖွဲ့အစည်းများမှာ အမြောက်အမြား တည်ရှိနေသည့်အတွက် တင်ပြခြင်း မပြုတော့ပါ။
ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွတ်သွင်းခံရခြင်းနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်းအတွက် လေ့လာဆန်းစစ်သည့် အခြေအနေအကျဉ်းကို တင်ပြပါမည်။ လေ့လာဆန်းစစ် အကဲဖြတ်ခြင်းကို သုံးနှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိပါသည်။ ဥပမာအား ဖြင့် ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊၂၀၁၅ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၂၁ ခုနှစ်တို့တွင် ပြုလုပ်ပါသည်။ လေ့လာဆန်းစစ်ရာတွင် အသုံးပြုသည့်အညွှန်းကိန်းသုံးခုရှိ ပြီး (၁) GNI (Gross National Income) Per Capita (၂) Human Assets Index (HAI) ESihf (၃) Economic Vulnerability Index (EVI) တို့နှင့် တိုင်းတာပါသည်။ အသေးစိတ်ကို တင်ပြခြင်း မပြုတော့ပါ။
ဒုတိယအနေနှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသော သွင်ပြင်လက္ခဏာရပ်များကို ဆရာကြီး ဦးမြတ်သိန်း၏ စာအုပ် (Reference : 2) ကို အခြေခံကာ တင်ပြပါမည်။ ၎င်းတို့မှာ (၁) ဝင်ငွေ နည်းပါးခြင်း/နိမ့်ခြင်း (Low income)၊ (၂) အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနှိုင်မှု မရှိခြင်း (Lack of Basic Needs)၊ (၃) ဝင်ငွေ ခွဲဝေမှု မညီမျှခြင်း (Unequal Distribution of Income)၊ (၄) ကုန် ထုတ်လုပ်မှုကဏ္ဍများ ဖွဲ့စည်းတည်ဆောက်ပုံသည် မမှန်မကန် ပုံပျက် ပန်းပျက်ဖြစ်နေခြင်း (Distorted Structure of Production)၊ (၅) ကုန် ထုတ်လုပ်မှုကဏ္ဍများအတွင်း တစ်ခု နှင့် တစ်ခု ချိတ်ဆက်မှု ပျက်ယွင်းနေခြင်း/မရှိခြင်း (Lack of Internal Linkages in Production)၊ (၆) အကြွေးနွံနစ်နေခြင်း (Debt Service Burden) (Reference: 2, pp – 95–100).အလျဉ်းသင့်သဖြင့် ကြွေးမြီနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့် စာရေးသူ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်စဉ်အချိန်က တွေ့မြင်ကြား သိခဲ့ရသည့် အခြေအနေကလေးကို တင်ပြပါမည်။ ထိုစဉ်အချိန်မှာ စစ်အုပ်ချုပ်ရေးကာလဖြစ်သဖြင့် စစ်ခေါင်းဆောင်ကြီး ပြောကြားခဲ့သည့် ကြွေးမြီနှင့် ပတ်သက်သည့် သဘောထားအမြင်ကို ပညာရေး (ကျန်းမာရေး) ဝန်ကြီးအဖြစ်တာဝန်ယူထားသူက သံယောင်လိုက်ပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိသွတ်သွင်းခံရပြီးချိန် ပညာရေးဝန်ကြီး ပြောကြားခဲ့သည့်အတိုင်း စကားလုံး စကားရပ်များ အတိအကျ မဟုတ်သော်လည်း စာရေးသူ နားလည်သကဲ့သို့ တင်ပြရပါလျှင် မြန်မာနိုင်ငံ၏ ကြွေးမြီပမာဏသည် အမေရိကန်ပြည်ထောင်စု၏ ကြွေးမြီပမာဏနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးသည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေ အနေသည် အမေရိကန်ပြည်ထောင်စုထက် သာလွန်ကောင်းမွန်ကြောင်း ပြောကြားခဲ့ရာ တက်ရောက်လျက်ရှိသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိ ဝန်ထမ်းများမှာ “တဟီးဟီး တ ဟားဟား”နှင့် “ပွဲကျ” စေခဲ့ပါသည်။
ထိုစဉ်အချိန်အခါက စာရေးသူအနေဖြင့် စဉ်းစားမိသည်မှာ အဆိုပါ ပညာရေးဝန်ကြီးသည် ပညာတတ်ပုဂ္ဂိုလ်ကြီး ဖြစ်သဖြင့် အချို့သော ပညာတတ် လူပုဂ္ဂိုလ်ကြီးများသည် ရာထူးနှင့်အာဏာ ပေးအပ် ခြင်းခံရပါက မိမိကိုယ်တိုင် တတ်ကျွမ်းနားလည်ခြင်းမရှိသော ဘာသာရပ်နယ်ပယ်တွင် တည်ရှိနေသည့် အကြောင်းအရာများကို အဓိပ္ပာယ် ရှိ-မရှိ၊ မှန်ကန်ခြင်း ရှိ-မရှိ စသည်တို့ကို စစ်ဆေးလေ့လာခြင်း မပြုဘဲ ရာထူးနှင့် အာဏာပေးအပ်သူများ ကျေနပ်နှစ်ခြိုက်စေရန်ပါးစပ်ဖြင့် ထုတ်ဖော်ပြောကြားသည့် အလေ့အထရှိသည်ကို ကိုယ်တိုင် တွေ့ မြင်ကြားသိခဲ့ရခြင်း ဖြစ်ပါသည်။
တတိယအနေနှင့် အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများကို မူတည်ကာ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေကို တင်ပြပါမည်။ မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်ကတည်းက ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိ သွတ်သွင်းခံခဲ့ရပြီး ယနေ့အချိန်ဆိုလျှင် ၃၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လေ့လာဆန်းစစ် တွေ့ရှိချက်များကို ပုံတွင် ဖော်ပြထားပါသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ခြင်းအတွက် ဖော်ပြထားချက်မှာ (Met the criteria two consecutive times, but deferred by CDP) ဖြစ်သည်ကို တွေ့ရှိရပါ သည်။
နောက်ဆုံး စာရေးသူ၏အမြင်သက်သက်ဖြင့် တင်ပြရပါလျှင် တိုင်းပြည် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဆုတ်ယုတ်ကျဆင်း ပျက်စီးခြင်းသည် တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်လျက်ရှိ သည့် အကြီးအကဲများ^နိုင်ငံရေး ခေါင်းဆောင်များ၏ လိုအင်ဆန္ဒ အပေါ်တွင် အဓိက တည်မှီလျက်ရှိ နေပါသည်။ အဆိုပါ ပုဂ္ဂိုလ်ကြီးများ က တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူ ပြည်သားများ၏ အကျိုးကို ရှေးရှုအကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက တိုင်းပြည် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ အဖြစ်သို့ ရောက်ရှိပြီး ကမ္ဘာ့နိုင်ငံများ အကြားတွင် ဂုဏ်သိက္ခာရှိသည့် တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေနှင့် ဖြစ်ထွန်း ပေါ်ပေါက်ရပ်တည်လာနိုင်စေမည် ဖြစ်ပါသည်။
ထိုကဲ့သို့မဟုတ်ဘဲ တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်လျက်ရှိသည့် အကြီးအကဲများ/နိုင်ငံရေးခေါင်းဆောင်များသည် တိုင်းပြည် နိုင်ငံတော်၏ အဆီအနှစ်များအား “ပါးဖြဲ သွားဖြဲ”(အရပ်အခေါ် အသံထွက် ပဖြဲ နဖြဲ (နားဖြဲ)) ဖြင့် အရှက်မရှိ စားသုံး စည်းစိမ်ခံစားပြီးလျှင် အနိမ့်ဆုံးအဆင့် အထက်တွင် ဖော်ပြခဲ့သည့် နှစ်စဉ် နှစ်တိုင်းပုံမှန် ဒုက္ခခံစားလျက်ရှိကြသည့် ပြည်သူ ပြည်သားများကို မသိချင်ယောင်ဆောင်၊ မမြင်ချင်ယောင်ဆောင်လျက်ရှိသည့် အခြေအနေဖြစ်ပါက တိုင်းပြည်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိရန် အလှမ်းဝေးကွာနေဦးမည် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မြန်မာနိုင်ငံ တည်ရှိနေသည့် ပထဝီဝင် အနေအထား၊ တိုင်းပြည်နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေ၊ နိုင်ငံသားများ၏ သိမြင်နားလည် လေ့လာနိုင်သည့် အရည်အသွေး စွမ်းရည် စသည် ပိုင်ဆိုင်တည် ရှိနေသည့် အခြေအနေများအရ ကမ္ဘာ့နိုင်ငံများအလယ်တွင် ရှက်ဖွယ်အတိဖြင့် မည်သို့မျှ လက်ခံနိုင်ခြင်းမရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိနေရသည့် အခြေအနေကို ပြည်သူပြည်သားများ သိမြင်နားလည်နိုင်စေပြီးလျှင် အတိုဆုံးသော အချိန်ကာလအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်စေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References :
၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ သ တင်းနှင့်စာနယ်ဇင်းလုပ်ငန်း (၁၉၉၀)၊ “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်းများ” ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်။
၂။ မြတ်သိန်း စီစဉ်သည့် (၂၀၁၃)၊ “ဖွံ့ဖြိုးမှုဘောဂဗေဒ မှတ်စုများ”၊ (ပါဝင်ရေးသားတင်ပြသူများ။ ဒေါက်တာအေးလှိုင်၊ ဒေါ်ကြည်မေကောင်း၊ ဒေါ်လှကြူ၊ ဒေါက်တာမောင်အောင်၊ Paul P. Streeten, Dr. Mya Than နှင့် မြတ်သိန်း) ၂၀၁၃ ခုနှစ်၊ မေလ၊ Wisdom House စာအုပ်တိုက်။










