ယူကရိန်းနိုင်ငံထဲကို ရုရှားတင့်ကားများ လှိမ့်ဝင်လာပြီး မကြာမီမှာပင် စစ်သားများက မီလစ်တိုပိုးမြို့၏ မြို့တော်ဝန် အိုင်ဗင်ဖီဒိုရော့ဗ်၏ ရုံးခန်းတံခါးကို ဖြိုချခဲ့သည်။ သူတို့သည် ဖီဒိုရော့ဗ်၏ ဦးခေါင်းကို အိတ်တစ်လုံး စွပ်လျက် ကားထဲသို့ တွန်းထည့်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး တောင်ပိုင်း မြို့တစ်ဝိုက် နာရီပေါင်းများစွာကြာအောင် မောင်းနှင်လာခဲ့သည်။
ဖီဒိုရော့ဗ် (၃၄ နှစ်) သည် မော်စကို၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသည့် မြို့ကြီးမြို့ငယ်များကို ချေမှုန်းရန် ကြိုးပမ်းမှု၌ ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ချိန်မှစ၍ ရုရှားတို့၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော ဒေသဆိုင်ရာ ခေါင်းဆောင် ၅၀ ကျော်ထဲမှ တစ်ဦးဖြစ်သည်။ အခြားသူအများအပြား ကဲ့သို့ပင် သူသည်လည်း ကျူးကျော်သူများ နှင့်ပူးပေါင်းရန် ဖိအားပေးခံရသည်ဟု ဆိုသည်။
“အနိုင်ကျင့် ခြိမ်းခြောက်မှုတွေက တစ်မိနစ်လောက်တောင် ရပ်တန့်မသွားဘူး။ ရုရှားအလံတော်အောက်မှာ မြို့ကို ဆက်ပြီးဦးဆောင်ဖို့ သူတို့က ကျွန်တော့်ကို အတင်း အကျပ်ခိုင်းခဲ့ပေမဲ့ ကျွန်တော် ငြင်းဆိုခဲ့ပါတယ်”ဟု ဖီဒိုရော့ဗ်က ကိယက်ဗ်မြို့မှနေ၍ AP သတင်းဋ္ဌာနသို့ ပြီးခဲ့သည့်လတွင် ဖုန်းဖြင့် ပြောကြားခဲ့သည်။ ”သူတို့က ကျွန်တော့်ကို မရိုက်နှက်ပါဘူး။ ဒါပေမဲ့ နေ့ရောညပါ ထွက်ပေါ်နေတဲ့ဘေးအခန်းက ရိုင်းစိုင်းတဲ့ စူးစူးဝါးဝါးအော်သံတွေက ကျွန်တော့်ကိုစောင့်နေတဲ့အရာကို ပြောပြပါလိမ့်မယ်”ဟု သူက ဆိုသည်။
ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများကို ရုရှားတို့က သိမ်းပိုက်လိုက် သည့်အခါ နျူကလီးယားဓာတ်အားပေးစက်ရုံလုပ်သားများအပါအဝင် အရပ်ဘက်အုပ် ချုပ်ရေးမှူးများနှင့် အခြားသူများအား ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အတင်းအကျပ်ပြုရန် ဖမ်းဆီးခေါ်ဆောင် သွားခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ရိုက် နှက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ယင်းတို့ကို ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ပြောကြားခဲ့ကြသည်။
ကျူးကျော်တပ်ဖွဲ့ဝင်များသည် လူထုကို မသိမ်းသွင်းနိုင်သည့်အခါ ယင်းနည်းဗျူဟာကို အသုံးပြုလေ့ရှိသည်ဟု ယူကရိန်းနှင့် အနောက်တိုင်း သမိုင်းပညာရှင်များက ဆိုကြသည်။
ယခုနှစ်တွင် ရုရှားတပ်ဖွဲ့ဝင်များက မီလစ်တိုပိုးမြို့ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ရန် ကြိုးပမ်းနေချိန်တွင် ရာနှင့်ချီသော လူများသည် ဖီဒိုရော့ဗ်ကို ပြန်လွှတ်ပေးရေး တောင်းဆိုရန် လမ်းများပေါ် ထွက်ခဲ့ကြသည်။ ခြောက်ရက်ကြာ ထိန်းသိမ်းခံရပြီး နောက် သမ္မတဗိုလိုဒီမာဇယ်လန်းစကီး၏ ကြားဝင်မှုဖြင့် သူ့အား ရုရှားစစ်သုံ့ပန်းကိုးဦး နှင့် လဲလှယ်ခဲ့ပြီး သိမ်းပိုက်ခံမြို့မှ နှင်ထုတ်ခံခဲ့ရသည်။
“ရုရှားတွေက သိမ်းပိုက်ထားတဲ့ မြို့တွေကို မအုပ်ချုပ်နိုင်ပါဘူး။ သူတို့မှာ ဝန်ထမ်းရော၊ အတွေ့အကြုံပါ မရှိဘူး”ဟု ဖီဒို ရော့ဗ်က ပြောသည်။ “တစ်ယောက်ယောက် က လမ်းတွေကို သန့်ရှင်းရေးလုပ်ပြီး ပျက်စီးနေတဲ့ အိမ်တွေကို ပြင်ပေးရမယ်”ဆိုသည် ကို ၎င်းတို့ သိရှိသောကြောင့် ယင်းတို့အတွက် ပြည်သူ့ဝန်ထမ်းများကို အတင်းအကျပ် ခိုင်းစေလိုကြသည်ဟု ဆိုသည်။
ယူကရိန်းနိုင်ငံတစ်ဝန်းရှိ ဒေသဆိုင်ရာ ခေါင်းဆောင်များအဖွဲ့ (AUC)၏ ပြော ကြားချက်အရ မြို့တော်ဝန် ၃၄ ဦးအပါအဝင် ဖမ်းဆီးခံထားရသော အရာရှိ ၅၀ ကျော်တွင် ၁၀ ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီး ထားဆဲဖြစ်ကြောင်း သိရသည်။
ရုရှားတာဝန်ရှိသူများက အဆိုပါ စွပ်စွဲချက်အပေါ် မှတ်ချက်မပေးပေ။ ယူကရိန်း အရှေ့ပိုင်းရှိ မော်စကိုက ကျောထောက် နောက်ခံပြုပေးထားသော အာဏာပိုင်များ သည် ဖီဒိုရော့ဗ်ကို အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုစွဲချက်ဖြင့် ရာဇ ဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ပင် ပြုလုပ်ခဲ့သေးသည်။
“အထူးသဖြင့် စစ်အတွင်း ရွာတွေ၊ မြို့ကြီးမြို့ငယ်တွေရဲ့ အကြီးအကဲတွေကို ပြန်ပေးဆွဲတာဟာ ရပ်ရွာမှာရှိတဲ့ နေထိုင် သူအားလုံးကို အန္တရာယ်ဖြစ်စေတယ်။ ဘာ ကြောင့်လဲဆိုတော့ ထောင်နဲ့ချီတဲ့ ဒေသခံတွေရဲ့ ကံကြမ္မာနှင့်ပတ်သက်တဲ့ အရေးကြီး တဲ့ စီမံခန့်ခွဲမှု၊ အခြေခံ သာယာဝပြောမှုတွေနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအားလုံးကို ရပ်ရွာရဲ့ခေါင်းဆောင်တွေကို အပ်နှင်းထား တာကြောင့်ပါ”ဟု AUC ၏ အကြီးအကဲဖြစ် သူ ကိယက်ဗ်မြို့တော်ဝန် ဗစ်တာလီကလစ်ရှကိုက ပြောကြားခဲ့သည်။
ရုရှားက ပထမဆုံး သိမ်းပိုက်ခဲ့သည့် မြို့တစ်မြို့လည်းဖြစ်၊ စတင်နေပြီဖြစ်သော တန်ပြန်ထိုးစစ်၏ အဓိကပစ်မှတ်လည်း ဖြစ်သော တောင်ပိုင်းရှိ ခါဆန်မြို့တွင် မြို့တော် ဝန်အီဟော ကိုလီခါအိဗ်က သူ့ဘာသာ အခိုင်အမာ ရပ်တည်ရန် ကြိုးစားခဲ့သည်။ သူသည် ကရင်မလင်က ကျောထောက် နောက်ခံပြုပေးထားသော ကြီးကြပ်ရေးမှူး အသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မည်ဖြစ်ကြောင်း ဧပြီလတွင် ပြောကြားခဲ့ သည်။
ရုရှားက ဖွဲ့စည်းထားသော ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ လက်ထောက်အကြီး အကဲ ကီရယ်စထရီမူဆော့ဗ်က ကိုလီခါအိဗ် အား ‘နာဇီ’ အဖြစ် ထပ်ကာတလဲလဲ ရှုတ်ချခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်ခြင်းသည် နိုင်ငံအား ‘နာဇီရှင်း’ ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ မှားယွင်းသော ဇာတ်ကြောင်းကို သံယောင်လိုက်ခဲ့သည်။
ကိုလီခါအိဗ်သည် ဇွန်လ ၂၈ ရက် သူ အဖမ်းခံရချိန်အထိ ခါဆန်၏ ပြည်သူပိုင် ပစ္စည်းများကို ဆက်လက်ကြီးကြပ်ခဲ့သည်။ ကိုလီခါအိဗ် မည်သည့်နေရာ၌ ရှိနေသနည်း ဆိုသည်ကို ယခုထိ မသိရသေးပေ။
ယူကရိန်းရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးမစ်ရှင်က စစ် ပွဲပထမခြောက်လအတွင်း ရုရှားတို့ သိမ်းပိုက်ထားသော နေရာများတွင် အရပ်သားများ အတင်းအကျပ်ပြုခံရပြီးနောက် ပျောက်ဆုံးမှုနှင့် မတရားဖမ်းဆီးမှု ၄၀၇ မှု ရှိကြောင်း မှတ်တမ်းတင်ထားသည်။ အများစုမှာ အရပ် ဘက် ဝန်ထမ်းများ၊ ဒေသန္တရကောင်စီဝင် များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက် များ ဖြစ်ကြသည်။
လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် ရေးအဖွဲ့ (HRW) မှ အကြီးတန်း သုတေသီ ယူလီယာဂေါ်ဘူနိုဗာက အဆိုပါ အလွဲသုံးစားမှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက် ပြီး စစ်ရာဇဝတ်မှု ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။ ၎င်းက ရုရှားတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များသည် သတင်းအချက်အလက် ရယူရန်နှင့် ကြောက်ရွံ့မှု တိုးပွားစေရန်ရည် ရွယ်ပုံရသည်ဟုလည်း ဆိုသည်။
မတရားဖမ်းဆီးထိန်းသိမ်းမှုများနှင့် အတင်းအကျပ်ပျောက်ဆုံးစေမှုများသည် ယူကရိန်း၌ ကျူးလွန်နိုင်ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများထဲတွင် ပါဝင်နေသည်ဟု ကုလ သမဂ္ဂလူ့အခွင့်အရေးရုံးက ထပ်ကာတလဲလဲ သတိပေးထားသည်။
မြို့တော်ဝန်အများအပြား အသတ်ခံခဲ့ရပြီးနောက် ယူကရိန်းလူ့အဖွဲ့အစည်းကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ယူကရိန်းက ပြန်လည်သိမ်းယူခဲ့သည့် နယ်မြေများတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသော အလောင်းများကို တွေ့ရှိရပြီးနောက် ယူက ရိန်းနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးမှူးများက မြို့တော်ဝန်များကို တရားလက်လွတ် သတ်ဖြတ်မှုများနှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ထုတ်လျက် ရှိသည်။
ကိယက်ဗ်မြို့အနီးရှိ မိုတီဇင်းရွာကို အုပ်ချုပ်ခဲ့သော အော်လ်ဂါဆူခန်ကို၏ ရုပ် အလောင်းကို ရုရှားတပ်များ ဆုတ်ခွာသွားပြီးနောက် အစုလိုက်အပြုံလိုက် မြှုပ်နှံထား သော သချႋုင်းတစ်ခုတွင် သူ၏ခင်ပွန်းနှင့် သားများ၏ အလောင်းများဘေး၌ တွေ့ရှိ ခဲ့ရသည်။ ဘူချာမှကားဖြင့် ခဏလေးသာ မောင်းရသည့် စစ်မဖြစ်မီက လူဦးရေ ၁၀၀၀ ခန့်ရှိသော အဆိုပါရွာ၌ ရုရှားသိမ်းပိုက်မှု အောက်တွင် အရပ်သားရာနှင့်ချီ သေဆုံးခဲ့ ရသည်။
ဆူခန်ကိုသည် ရုရှားများနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ကြောင်း ဒေသခံများက ပြော ပြကြသည်။ မိုတီဇင်းရွာ၏ အစွန်အဖျားတွင် သူ၏အလောင်းကို ရှာဖွေတွေ့ရှိသောအခါ သူ၏ နောက်ကျောတွင်လက်များအား ကြိုးတုပ်ထားသည်ကို တွေ့ရှိခဲ့ရသည်။
အနီးနားရှိ ဟိုစတိုမယ်၏ မြို့တော်ဝန် ယူရီပရီလစ်ကိုသည် မတ်လတွင် အစားအ သောက်နှင့် ဆေးဝါးများ ထုတ်ပေးစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ သူ၏အလောင်းအား ဖောက်ခွဲရေးပစ္စည်းများဖြင့် တွဲချည်ထားကြောင်း နောက်ပိုင်းတွင် အစိုးရရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရသည် ဖမ်းဆီးခံထားရသော အရာရှိများကို ရုရှားစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် ကြိုးပမ်းခဲ့သော်လည်း မော်စကိုက တစ်ခါတစ်ရံတွင် ယူကရိန်းအား ရာထူးရှိ သူတစ်ဦးစီအတွက် သူတို့၏ ရာနှင့်ချီသော လူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ညှိနှိုင်းမှုများကို ရှည်ကြာစေခဲ့သည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက အစီရင်ခံခဲ့သည်။
ယူကရိန်းလူ့အခွင့်အရေးကော်မရှင်နာ ဒီမီထရို လူဘီနက် က “ကျွန်တော်တို့ရဲ့ ဖလှယ်မှုနည်းလမ်းက မလိုလားအပ်တဲ့ စကားလုံးတွေ ဝင်လာနိုင်တဲ့ ခက်ခဲတဲ့အလုပ် တစ်ခုပါ“ဟု ပြောကြားခဲ့သည်။ “အကျဉ်း သားတွေ ထားရှိရာ နေရာတွေအပြင် သူတို့ ကို ထိန်းသိမ်းထားတဲ့ အခြေအနေတွေကိုပါ ကျွန်တော်တို့ သိထားပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဇာပိုရီယေးရှား နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ရှိရာဖြစ်သော အန်နာဟိုဒါ၏ လက်ထောက်မြို့တော်ဝန် အိုင်ဗင်ဆမ်မေယက်၏ ကံကြမ္မာနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရသေးပါ။ မတ်လတွင် ပြန်ပေးဆွဲခံခဲ့ရသည့် ဆမ်မေယက် သည် အကျဉ်းသားလဲလှယ်မှုအတွက် ထပ်ကာတလဲလဲ စဉ်းစားခံရသော်လည်း အကြိမ် တိုင်းတွင် သူ၏အမည်သည် စာရင်းမှ ပယ်ဖျက်ခံခဲ့ရကြောင်း မြို့တော်ဝန် ဒီမီထရို အော်လော့ဗ်က AP သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။
အသက် ၅၈ နှစ်အရွယ်ရှိ လက်ထောက်မြို့တော်ဝန်သည် ဖမ်းဆီးခံရချိန်တွင် အပြင်းဖျားနေခဲ့သည်ဟု အော်လော့ဗ်က ပြောကြားခဲ့ပြီး “သူ အသက်ရှင်နေသေး သလားဆိုတာ ကျွန်တော်တို့တောင် မသိပါဘူး”ဟု ဆိုသည်။ အကောင်းဆုံးမှာ ဆမ် မေယက်တစ်ယောက် တစ်နေရာရာရှိ မြေအောက်ခန်းထဲတွင် ထိုင်နေခြင်းဖြစ်ပြီး “သူ့ ဘဝသည် သေနတ်ရှိသူများ၏ စိတ်ဆန္ဒအပေါ်တွင် မူတည်နေသည်”ဟု သူက ထပ် လောင်းပြောကြားခဲ့သည်။
ဥရောပ၏ အကြီးဆုံးနျူကလီးယားစက်ရုံဖြစ်သော ဇာပိုရီယေးရှားတွင် အလုပ် သမားဒါဇင်ပေါင်းများစွာအပါအဝင် အန်နာဟိုဒါ၌ နေထိုင်သူ ၁,၀၀၀ ကျော်ကို ရုရှား များက တစ်ချိန်မဟုတ် တစ်ချိန်ချိန်က ဖမ်းဆီးခဲ့သည်။
“ရုရှားတွေရဲ့ အကျဉ်းခန်းထဲကနေ ထွက်လာသူအများစုဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရိုက်နှက်မှုတွေနဲ့ လျှပ်စစ်ရှော့တိုက်တာတွေအကြောင်း ပြောကြတယ်”ဟု ၎င်းက ဆိုသည်။
HRW ၏ အကြီးတန်း သုတေသီ ဂေါ်ဘူနိုဗာက “ညှဉ်းပန်းနှိပ်စက်မှုသည် နိုင်ငံ တကာဥပဒေအရ အခြေအနေအရပ်ရပ်တွင် တားမြစ်ထားပြီး လက်နက်ကိုင်ပဋိပက္ခ တစ်ခုနှင့် ဆက်နွှယ်နေပါက စစ်ရာဇဝတ်မှုဖြစ်ပြီး လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှုလည်း ဖြစ်နိုင်သည်”ဟု ဆိုသည်။
သီတင်းပတ်တိုင်းသည် ရုရှားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော အရာရှိများ၊ အင်ဂျင်နီယာများ၊ ဆရာဝန်များနှင့် ဆရာများ ပြန်ပေးဆွဲခံရခြင်းသတင်းများကို ယူဆောင်လာတတ်သည်။
တောင်ပိုင်း ခါဆန်ဒေသရှိ စတာရာ ဇဘူရစ်ကာရွာ၏ အကြီးအကဲ ဗစ်တာမာရု ညက်သည် ရိုမန်ဘွန်ဒါချော့၏ အကယ်ဒမီ ဆန်ကာတင်စာရင်းဝင်သည့် ၂၀၁၅ ခုနှစ် က မှတ်တမ်းရုပ်ရှင် Ukrainian Sheriffs တွင် ပါဝင်ခဲ့သောကြောင့် ထင်ရှားကျော် ကြားလှသည်။ ရုပ်ရှင်သည် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ယူကရိန်းအရှေ့ပိုင်း ခွဲထွက် ရေးပဋိပက္ခအကြောင်း ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းဇာတ်ကားသည် အော်စကာဆု ရရှိခဲ့ခြင်းမရှိသော်လည်း မာရုညက်ကို ကမ္ဘာကျော်စေခဲ့သည်။
နွေဦးရာသီတွင် ရုရှားတပ်များက စတာရာဇဘူရစ်ကာရွာကို သိမ်းပိုက်ပြီး နောက် မာရုညက်သည် ယူကရိန်းလိုလားသော လူထုစုဝေးပွဲများကို ကျင်းပပြီး တက် ကြွလှုပ်ရှားသူအချို့ကို ၎င်း၏ နေအိမ်တွင် ဝှက်ထားခဲ့သည်။ နောက်ဆုံးတွင် သူသည် လည်း အကျဉ်းသားဖြစ်ခဲ့ရတော့သည်။
“ပထမ သူတို့ (လျှပ်စစ်) ကြိုးတွေကို ကျွန်တော့်လက်မတွေမှာ ထားတယ်။ အဲဒီ နောက် သူတို့အတွက် မလုံလောက်သေးသလိုပဲ၊ သူတို့က ကျွန်တော့်ခြေမတွေပေါ် ထားကြပြန်တယ်။ ပြီးတော့ သူတို့က ကျွန်တော့်ခေါင်းပေါ်ကို ရေတွေလောင်းပြီး ကျွန် တော့်ကျောပေါ်စီးကျစေတယ်“ဟု သူက AP သတင်းဋ္ဌာနကို ပြောပြခဲ့သည်။ “ရိုးရိုး သားသားပြောရရင်တော့ ကျွန်တော် အရိုက်ခံရလွန်းလို့ ဓာတ်လိုက်တာတောင် ဘယ် လိုမှ မနေတော့ဘူး”ဟု သူက ဆိုသည်။
၂၃ ရက်အကြာတွင် မာရုညက်ကို “သေဖို့ရန်သာ လွှတ်ပေးခဲ့ခြင်းဖြစ်သည်”ဟု သူက ပြန်ပြောပြသည်။ သူသည် အဆုတ်ရောင်ရောဂါနှင့် နံရိုးကိုးချောင်းကျိုးခြင်းတို့ကြောင့် ဆေးရုံတက်နေခဲ့ရပြီး နောက်ဆုံးတွင် ကိယက်ဗ်က ထိန်းချုပ်ထားသော နယ်မြေသို့ ထွက်ခွာလာခဲ့သည်။
ကိန်းဘရစ်ခ်ျတက္ကသိုလ်မှ သမိုင်းပါမောက္ခ ဟူဘာတက်ယွန်းက ပီတာဘုရင် ကြီးလက်ထက်မှစ၍ ယခုထိ နယ်ချဲ့ဝါဒီရုရှားတို့၏ နည်းဗျူဟာသည် အီလစ်များကို ပစ်မှတ်ထားလျက် ဒေသခံများကို လက်အောက်ခံအဖြစ် ရာထူးခန့်ထားခြင်းဖြစ်ပြီး လက်မခံသူများအား ဆိုက်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ပေးလေ့ရှိသည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဒေသခံများ အညံ့ခံလာစေရေး ဖိအားပေးရန် အတွက် ဒေသခံအုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားခြင်းဖြင့် “ဂျာမန် အက်စ်အက်စ် ယူနစ်များက အလားတူပုံစံကို ကျင့်သုံးခဲ့သည်”ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒေသတစ်ခုလုံးအား လုံးလုံးလျားလျား လက်အောက်ခံလာရန် ပြုလုပ်ရေးအတွက် အင်အား မရှိပါက ၎င်းကို “သိသာထင်ရှားသော ဗျူဟာ”ဟု ယွန်းက ခေါ်ဆိုခဲ့သည်။
ကိယက်ဗ်၏ Taras Shevcenko National University မှ သမိုင်းပညာရှင် အိုင်ဗင် ပက်ထရီလက်က ဆိုဗီယက်ယူကရိန်းရှိ မြူနီစီပယ်အာဏာပိုင်များသည် နာဇီသိမ်းပိုက်ရေးတပ်များ ရောက်ရှိမလာမီ ထွက်ပြေးတိမ်းရှောင်သွားတတ်ပြီး အရာရှိ များ အစုလိုက်အပြုံလိုက် ကွပ်မျက်ခံရခြင်းကို ရှောင်ရှားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ သည်။
“ရုရှားတွေ အခုကျူးလွန်နေတဲ့ မြို့ရဲ့ ခေါင်းဆောင်တွေကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရှက်ရစေမှုမျိုးတွေဟာ... လက်ရှိစစ်ပွဲရဲ့ အမှောင်မိုက်ဆုံးနဲ့ ရှက်စရာအကောင်းဆုံး စာမျက်နှာတစ်ခုပါပဲ”ဟု ပက်ထရီလက်က ပြောကြားခဲ့သည်။
Ref: AP










