မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်တွင် တရုတ်ထံမှ ဇိမ်ခံပစ္စည်းများ ဒေါ်လာသန်း ၆၄၀ ဖိုးထက်မနည်း ဝယ်ယူခဲ့

မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်တွင် တရုတ်ထံမှ ဇိမ်ခံပစ္စည်းများ ဒေါ်လာသန်း ၆၄၀ ဖိုးထက်မနည်း ဝယ်ယူခဲ့
၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြုံယမ်းရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo: AFP)
၂၀၁၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြုံယမ်းရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခု၌ စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo: AFP)
Published 22 October 2018
Ref: Reuters

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် ကုလသမဂ္ဂမှ ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို အာခံကာ ပြီးခဲ့သည့်နှစ်အတွင်းက တရုတ်ထံမှ ဒေါ်လာသန်း ၆၄၀ ခန့် တန်ဖိုးရှိသော ဇိမ်ခံပစ္စည်းများကို တင်သွင်းခဲ့သည်ဟု တောင်ကိုရီးယားလွှတ်တော် အမတ်တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ကမူ မြောက်ကိုရီးယားကို အမြင့်ဆုံးဖိအားပေးရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပိတ်ဆို့အရေးယူမှုများကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်ရန် တိုက်တွန်းနေသည်။ ယင်းအစီအစဉ်ကြောင့်ပင် ဆင်းရဲသော မြောက်ကိုရီးယားသည် ဆွေးနွေးပွဲ စားပွဲပေါ်သို့ ရောက်လာသည်ဟု အမေရိကန်က ဂုဏ်ယူပြောကြားနေသည်။ သို့သော် မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများကို ဆိုင်းငံ့ပြီး ခေါင်းဆောင်ကင်ဂျုံအွန်က နျူကလီးယား ဖျက်သိမ်းရေးကို ဦးတည်မည်ဟု ဇွန်လက စင်ကာပူထိပ်သီး၌ ကတိပြုပြီး နောက်ပိုင်း ထိုလုပ်ငန်းစဉ်၏ အရှိန်အဟုန်မှာ လျော့ကျလာခဲ့သည်။ ထို့ပြင် တရုတ်နှင့် ရုရှားတို့ကလည်း  ပြုံယမ်းကို ပိတ်ဆို့အရေးယူမှုများအား ဖြေလျှော့ပေးရန် တောင်းဆိုလျက်ရှိသည်။ 

“ကင်ဟာ တရုတ်နဲ့ အခြားနေရာတွေဆီက ရေယာဉ်ပျံကဲ့သို့ ဇိမ်ခံပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။ အဲဒီပစ္စည်းတွေဟာ သူ့မိသားစုအတွက်တင်မက သူ့အစိုးရအဖွဲ့ကို ကျားကန်ပေးထားတဲ့ အထက်တန်းလွှာ ပုဂ္ဂိုလ်တွေကို လက်ဆောင်ပေးဖို့တန်ဖိုးကြီး ဂီတတူရိယာတွေ၊ အကောင်းစားတီဗွီတွေ၊ ဆီဒင်ကားတွေ၊ အရက်နဲ့လက်ပတ်နာရီတွေလည်း ပါပါတယ်” ဟု အတိုက်အခံလွှတ်တော် အမတ်ယွန်ဆန်ဟွမ်က ပြောကြားခဲ့သည်။ 

“လွတ်ပေါက်ဟာ ကျယ်လာတာနဲ့အမျှ နျူကလီးယားလက်နက်ကို စွန့်လွှတ်စရာမလိုဘဲ ပိတ်ဆို့အရေးယူမှုတွေ ပျက်ပြယ်စေဖို့ ကင်ရဲ့ရည်မှန်းချက်ဟာလည်း နီးလာမှာဖြစ်ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယားသည် တရုတ်ထံမှ ဇိမ်ခံအသုံးအဆောင်များဝယ်ရန် ဒေါ်လာသန်းပေါင်း ၆၄၀ ထက်မနည်း သုံးစွဲခဲ့သည်ဟု ယွန်က ပြောကြားခဲ့သည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် တရုတ်အကောက်ခွန်ဌာနဘက်မှ ပြန်လည်ဖြေကြားခြင်းမရှိပေ။ တရုတ်အစိုးရကမူ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ကြပ်ကြပ်မတ်မတ် လိုက်နာမှုရှိသည်ဟု ဆိုသည်။ 

ယမန်နှစ်အတွင်းက မြောက်ကိုရီးယားသို့ တရုတ်ဘက်မှ ပို့ကုန်စုစုပေါင်း၏ ၁၇.၈ ရာခိုင်နှုန်းမှာ ဇိမ်ခံတန်ဖိုးကြီးပစ္စည်းများ ဖြစ်သည်ဟု ယွန်က ပြောခဲ့သည်။ ယင်းတို့အနက် အဆင့်မြင့်တီဗွီအစရှိသော လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမှာ ထက်ဝက်ကျော်ပါဝင်ပြီး ဒေါ်လာသန်း ၃၄၀ ဖိုးရှိသည်။ ကားဝယ်ယူမှုမှာ ဒေါ်လာ ၂၀၄ သန်းဖြင့် ဒုတိယလိုက်ကာ အရက်ဝယ်ယူမှုမှာ ဒေါ်လာ ၃၅ သန်းဖိုးရှိသည်။ 

ပြီးခဲ့သည့်သီတင်းပတ်က စင်ကာပူသည် မြောက်ကိုရီးယားသို့ တားမြစ်ထားသည့် ဇိမ်ခံပစ္စည်းများတင်ပို့မှုဖြင့် ၎င်း၏နိုင်ငံသားတစ်ဦး၊ မြောက်ကိုရီးယားတစ်ဦးနှင့် ကုမ္ပဏီသုံးခုတို့ကို တရားစွဲခဲ့သည်။ ဒေါ်လာထောင် ပေါင်းများစွာ တန်ဖိုးရှိသောရေမွှေးများ၊ ၀ိုင်များ၊ လက်ပတ်နာရီများ တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး အချက်အလက်များအရ သိရသည်။

Most Read

Most Recent