အညာတောင်သူတို့ ယာခင်းတွေဆီ ဘယ်အချိန် ပြန်လာနိုင်မှာလဲ

အညာတောင်သူတို့ ယာခင်းတွေဆီ ဘယ်အချိန် ပြန်လာနိုင်မှာလဲ
Published 23 October 2022
ကိုသက် (အညာမြေ)

''ဒီအချိန်က ပေါင်းသင်မြေဆွနဲ့ ကိုယ်စိုက်တာလေး ယုယရတဲ့ အချိန်'' လို့ မြိုင်မြို့နယ်က တောင်သူကိုစိန်ထွန်းက ဆိုပါတယ်။

မိုးနှောင်းသီးနှံ နှမ်း၊ ပဲတီစိမ်းနဲ့ မြေပဲတွေ စိုက်ထားသူရှိသလို မိုးဦးကာလကတည်းက သက်ရင့် ပဲစင်းငုံစိုက်ထားသူများလည်း ရှိပါတယ်။ အခုအောက်တိုဘာလအတွင်း အညာမှာ မိုးကောင်းသည်ဟု ဆိုရပါမယ်။ မိုးနှောင်းသီးနှံများ ဖြစ်ထွန်းမယ့်နှစ်လို့ သတ်မှတ်လို့ ရပါတယ်။ မြေပဲ အထွက်ကောင်းမယ်လို့ တွက်ဆနိုင်ပါတယ်။

ရာသီဥတုက တောင်သူဘက်မှာ ရှိနေတယ်ဆိုပေမဲ့ ပေါင်းသင်ခြင်း၊ မြေဆွခြင်း နဲ့ မြေဆီမြေသြဇာထည့်ခြင်း တွေ လုပ်ဆောင်ဖို့လိုသေးတယ်။ လုပ်နေကျအလုပ်တွေမို့ လုပ်ဆောင်ရမည်မှာ ခက်ခဲလှသည်တော့ မဟုတ်ပါ။ အရေးကြီးတာက လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး၊ ယာခင်းတွေဆီ ဘေးကင်းစွာ သွားနိုင်ရေး။ လက်ရှိတွင် စိုက်ထားသမျှ သီးနှံများကို ပြုစုရမည့်အချိန်တွင် ကိုစိန်ထွန်း တစ်ယောက် ယာထဲ မသွားနိုင်။ နယ်မြေက မအေးချမ်း။ ပစ်သံခတ်သံတွေ ကြားရင် ဘေးကင်းရာ ပြေးပုန်းရ ရှောင်ရ။

ပစ်သံခတ်သံကြားရင် ပြေးနေရတာ။ အိမ်ကို နေရတယ် မရှိဘူး လို့ မြိုင်မြို့နယ်က တောင်သူ ကိုစိန်ထွန်း ကပြောပါတယ်။

ပခုက္ကူခရိုင်အတွင်း ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာနဲ့အမျှ တိုက်ပွဲကြောင့် ကြုံရသည့် ဒုက္ခများလည်း များလွန်းပါတယ်။ သေနတ်သံ ပေါက်ကွဲသံကြားပြီဆိုတာနဲ့ အထုပ်ဆွဲ၊ ကလေးဆွဲ၊ လှည်းနဲ့ ပြေးသူက ပြေး၊ ဆိုင်ကယ်နဲ့ ပြေးသူက ပြေး။ တချို့လည်း လျှိုထဲချောက်ထဲ သွားနေရသလို တချို့လည်း ရွာနဲ့ အလှမ်းဝေးတဲ့ တောထဲ သွားနေရနဲ့။ စစ်ရှောင်ဆိုတော့ အစစအရာရာ ဖြစ်သလို နေရထိုင်ရ မလွယ်ကူလှပါ။ ပစ်ခတ်သံမကြားလို့ စိတ်ချရပြီဆိုမှ ကိုယ့်ရွာကိုယ့်အိမ်ကို ရင်တမမ ပြန်ရတဲ့ ဘဝ။ ငါ့အိမ်လေး အကောင်းအတိုင်း ရှိပါစေ။ ငါ့နွားတွေလည်း ရှိပါစေဆိုပြီး ဆုတောင်းရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးဟု စစ်ရှောင်တွေက ပြောပြပါတယ်။ တကယ်တော့ ပခုက္ကူခရိုင်ဆိုတာ အညာဒေသ။ မိုးခေါင်အရပ်ဆိုပေမဲ့ ထန်းပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ တမာပင်တန်းတွေနဲ့ စိမ်းစိုစိုလည်း ရှိပါတယ်။ ယခင်က တအုံးအုံးတဒိန်းဒိန်း ကြားဖို့မပြောနဲ့ သေနတ်သံတစ်ချက်တောင် ကြားဖို့မလွယ်လှပါ။ ယခုတော့ ကျေးသံငှက်သံပျောက်ပြီး သေနတ်သံညံလို့။

သေနတ်သံကြားရင် လှည်းနွားတပ်၊ လူကြီးတွေ တင်ပြီး မောင်းရတော့ပဲ။ လူငယ်လူလတ်ကတော့ ဆိုင်ကယ်နဲ့ ပြေးရတာ။ ဘေးကင်းလောက်တဲ့ တောထဲရောက်မှ မိုးကာလေးမိုး၊ ထမင်းချက်စားပြီး ရှောင်ရတာ။ မနက်စာဆိုလည်း နေမထွက်ဘဲ မချက်ရဲဘူး။ ညစာဆိုလည်း နေမဝင်ခင် အပြီးချက်ရတာ။ မီးရောင်မြင်လို့ သေနတ်နဲ့ပစ်မှာလည်း ကြောက်ရတယ်။ ဘေးကင်းလောက်မှ ရွာပြန်တာ။ ဒီနှစ်လလောက်အတွင်းကို ပြေးရတာ ငါးကြိမ်လောက်ရှိပြီ ‘ လို့ မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦး ကပြောပါတယ်။ 

အညာမြေမှာ တောင်သူလုပ်ငန်းက အဓိက အသက်သွေးကြော။ ယခုနှစ် တောင်သူလုပ်ငန်း လုပ်ကိုင်ရသည်မှာ အလျော်အစား ကြီးလှပါတယ်။  ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ မြေဆီမြေသြဇာစျေးတွေ အဆမတန်မြင့် တက်နေပါတယ်။  ယခင် နှစ်သောင်းကျပ်ကျော်ပဲ ပေးရသည့် မြေဆီက ယခုနှစ်မှာတစ်သိန်းကျော်နေပါတယ်။ သီးနှံ စျေးလည်း အနည်းငယ်တက်ပါတယ်။ နှစ်ကာလ အတန်ကြာ ကျဆင်းနေတဲ့ ပဲစင်းငုံတစ်တင်း ယခုနှစ်မှာ ခြောက်သောင်းကျပ်ကျော်ပေါက်စျေးရှိခဲ့ပါတယ်။

မြေပဲဆီ တစ်ပိဿာ ယခင်နှစ်က ငါးထောင်ကျော် ခြောက်ထောင်။ ယခုနှစ်မှာ မြေပဲဆီစစ် တစ်ပိဿာ ၁၂၀၀၀ ကျပ်။ တောင်သူ မြေပဲရဖို့က အရေးကြီးပါတယ်။  အရည်အသွေးပြည့်မီတဲ့ နှမ်းနက်တစ်တင်း တစ်သိန်းကျပ် ဝန်းကျင်ပေါက်စျေးရှိနေပါတယ်။ အနိမ့်ဆုံးပင်လျှင် တစ်တင်း ငါးသောင်းကျော် ခြောက်သောင်းကျပ် ပေါက်စျေးရှိပါတယ်။  တောင်သူတွေ  မိုးကောင်းတဲ့အတွက် အထွက်ကောင်းရန် ပြုစုပျိုးထောင်ဖို့နဲ့ ရိတ်သိမ်းနိုင်ဖို့ လိုပါတယ်။

၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါကြောင့် သီးနှံစျေးကောင်းကောင်း မရပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ သီးနှံအထွက်ကောင်းပြီး စျေးအသင့်အတင့်ရလိုက်ကြပါတယ်။ ထိုအတွက်ကြောင့်သာ ယခုနှစ်တွင် ပြေးရင်းရှောင်ရင်း စားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့သည်ဆိုလျှင် မမှားပါ။ သို့သော် ဝင်ငွေ မရှိတဲ့ ကာလကြာလာတော့ ကျပ်တည်းမှုက တစ်စတစ်စ ကြုံတွေ့လာပြီး စားဝတ်နေရေးအတွက် တောင်သူလုပ်ငန်းက အဆင်ပြေဖို့ မဖြစ်မနေ အရေး ကြီးလာပါတယ်။

 ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေ အရ ဝင်ငွေ မရှိလို့ မဖြစ်။ အညာမြေ တောအရပ် နေသူတွေ အဖို့ ယာခင်းပြင်ဆီကနေသာ ငွေရနိုင်ပါတယ်။         

ပထမတစ်သီးတုန်းက မိုးမကောင်းလို့ မရလိုက်ဘူး။ ဒီတစ်သီးကျပြန်တော့ ရမှ ရပါ့မလားပူနေရတာ။ လက်ရှိ စားဝတ်နေရေးက မနှစ်ကရတဲ့ သီးနှံရောင်းရငွေနဲ့ စားနေရတာ။ တချို့ဆို အဲဒီငွေကုန်လို့ ရွှေလေး ပေါင်နှံရောင်းချစားနေရတာ။ ဒီနှစ်က ကုန်စျေးနှုန်းကြီးလွန်းတယ်။ အရင် နှစ်သာင်းကျော် သုံးသောင်းတန် ဆန်က လေးသောင်းကျော်တယ်။ စားအုံးဆီတစ်ပိဿာ ကိုးထောင် တစ်သောင်း။ ဝင်ငွေရှိမှကို ဖြစ်တော့မှာ ဒီနှစ်ပဲနှမ်းတော့ ရချင်တယ်။ စိုက်စရိတ်ကလည်း တစ်ဧက နှစ်သိန်းကျော်ကနေ သုံးသိန်းလောက်အထိ ရှိတယ် ‘ လို့ တောင်သူ ကိုနိုင်ထွန်း ကပြောပြပါတယ်။ 

စက်တင်ဘာလ လလယ်ပိုင်းက စိုက်ပျိုးခဲ့တော့ ယခုအောက်တိုဘာလလလယ်ဆိုရင် စိုက်သက် တစ်လရှိပြီ။ ရိတ်သိမ်းရန် နောက်ထပ် ရက်ပေါင်း ၆ဝကျော်လိုသေးတယ်။  ကြားကာလမှာ ယာခင်းတွေကို ပြုပြင်ခြင်း၊ ပျိုး ထောင်ခြင်းများ လုပ်ဆောင်ရပါဦးမယ်။ အေးချမ်းလို့ ရွာပြန်ရောက်ရင် ယာခင်းပြင်ဆီ နွားတစ်ရှဉ်းနဲ့ သွားရပါဦးမယ်။ ယာခင်းတွေကို ပြုပြင်ပြီးလို့ ရိတ်သိမ်းချိန် ရိတ်သိမ်းနိုင်ဖို့ ဆုတောင်းရဦးမယ့် အခြေအနေ။ လက်ရှိတော့ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ရေစကြိုမြို့နယ်တွေမှာ ငြိမ်းချမ်းမှုမရှိသေး။ ပြေးသူ ပြေးနေဆဲ။

အညာက ယာခင်းရှင်တွေ သီးနှံအတွက် စားဝတ်နေရေးအတွက် ပူနေရသလို မြစ်ကမ်းဘေး ကျွန်းမြေတွေက တောင်သူတွေလည်း စိုက်မှ စိုက်နိုင်ပါ့မလား ပူနေရဆဲပါ။ မကြာခင် ဆောင်းသီးနှံ ပြောင်း၊ ပဲ၊ ငရုတ်နဲ့ ကြက်သွန်တွေ ကျွန်းမြေတွေမှာ စိုက်ချိန်ရောက်ပါပြီ။ ရေစကြိုမြို့နယ်ထဲက မြစ်ရေဝင် ကျွန်းမြေတွေမှာ  တိုက်ပွဲသံတွေ ကြားရဆဲ။ ပြေးသူ ပြေးနေရဆဲပါ။ ကုန်းယာတောင်သူလည်း သူ့အပူနဲ့ သူ။ ကျွန်းမြေက တောင်သူလည်း သူ့အပူနဲ့ သူ။ အညာမြေမှာ မိုးကုန်လို့ ဆောင်းဝင်တော့ပါမယ်။ ဒီဆောင်း အအေးဓာတ်နဲ့ တောင်သူတို့ ယာခင်းတွေဆီ လာနိုင်တဲ့နေ့လေး မဝေးစေချင်ပါ။

 

Most Read

Most Recent