ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်းကိစ္စများ​အတွက် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့်တရားစွဲဆိုထားမှုအား စွဲချက်တင် မတင် အောက်တိုဘာ ၁၈ ရက်​အမိန့်ချမည်

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း​စောင့်​​ရှောက်​ခြင်းကိစ္စများ​အတွက် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိဖြင့်တရားစွဲဆိုထားမှုအား စွဲချက်တင် မတင် အောက်တိုဘာ ၁၈ ရက်​အမိန့်ချမည်
Published 17 October 2022

ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲထားသည့် အမှုများနှင့်ပတ်သက်၍ အောက်တိုဘာ ၁၈ ရက် ရုံးချိန်းတွင် အမှုများဖြင့် စွဲချက်တင် မတင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အောက်တိုဘာ ၁၇ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​​ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှု အမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉နှင့် ၅၀ တို့အတွက် တရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အဂတိဖြင့်တရားစွဲဆိုထားသည့် အမှုများဖြင့် စွဲချက် တင်သင့် မသင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်းနှင့် အောက်တိုဘာ ၁၇ ရက် ရုံးချိန်းတွင် အမှုများဖြင့် စွဲချက်တင်သင့် မသင့် အမိန့်ချမှတ်ရန် ချိန်းဆိုထားကြောင်း သိရသည်။

အထက်ပါအမှုများသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခဲ့မှုစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုများဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စင်း ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေမှုစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ​​ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​သည်။

Most Read

Most Recent