စပါးအသင်းအနေဖြင့် အပြောင်းအရွှေ့ ဈေးကွက်တွင် ကစားသမားသစ်များ ခေါ်ယူရန် လိုအပ်နေသေးသည်ဟု ဖရန့်ဖတ်အသင်းနှင့် ဂိုးမရှိသရေကျသည့် ချန်ပီယံလိဂ်ပွဲအပြီးတွင် အသင်းနည်းပြ ကွန်တီက ပြောကြားခဲ့သည်။
အမြင့်ဆုံးအဆင့်တွင် တန်းတူရည်တူယှဉ်ပြိုင်လိုလျှင် အင်အားဖြည့်တင်းရန် လိုအပ်နေသေးကြောင်း ကွန်တီက အသင်းအား သတိပေးခဲ့သည်။ ဖရန့်ဖတ်နှင့်ပွဲတွင် စပါး အသင်းသည် မြောက်လန်ဒန်ဒါဘီပွဲထက် ခြေစွမ်းပိုကောင်းခဲ့သော်လည်း ဖရန့်ဖတ်အသင်းနောက်တန်းကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရသည်။
စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရစ်ချာလီဆန်၊ ဘစ်ဆူးမားအပါအဝင် ကစားသမားသစ် ခုနစ်ဦး ခေါ်ယူမှုအတွက် ပေါင်သန်း ၁၇၀ ဝန်းကျင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
"ပြိုင်ပွဲ နှစ်ခုကို ယှဉ်ကစားဖို့ ပြီးခဲ့တဲ့ရာသီကလည်း ကျွန်တော်တို့ မတတ်နိုင်ခဲ့ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် သွားရပါမယ်။ ပြီးတော့ စိတ်ရှည်သည်းခံရမယ်။ အချိန်ယူရမယ်။ ချန်ပီယံလိဂ်လို ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့ အရေးကြီးတဲ့ လူစာရင်းကို စုဖွဲ့နိုင်ဖို့ အချိန်လိုအပ်ပါတယ်။ ခင်ဗျားတို့ တွေးထားသလို အလှည့်ကျကစားတာတချို့ကို ပြုလုပ်ချင်ပါတယ်။ ဒါပေမဲ့ ဒီအရာက အနည်းငယ်တော့ ခက်ခဲပါတယ်" ဟု ကွန်တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ကွန်တီသည် ပြီးခဲ့သည့်လကလည်း ဆုဖလားများကို စိန်ခေါ်နိုင်ရန် အနည်းဆုံးကစားသမားသစ် သုံးဦးခန့် လိုအပ်သည်ဟုလည်း ဝန်ခံခဲ့သည်။















