ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကိစ္စများအပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုလေးမှုတွက် လူကယ်ပြန်ညွှန်ကြားရေးမှူးအား စစ်ဆေး

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကိစ္စများအပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုလေးမှုတွက် လူကယ်ပြန်ညွှန်ကြားရေးမှူးအား စစ်ဆေး
Published 27 September 2022

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် တရားစွဲထားသည့် အမှု​လေးမှုအတွက် တရားလိုပြသက်​သေ လူကယ်ပြန် ညွှန်ကြာ​​ရေးမှူးအား စစ်​ဆေးခဲ့​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်​ပေါ်လာသည့်သတင်းများအရ သိရသည်။

စက်တင်ဘာ ၂၇ ရက်က နေပြည်​တော်​အချုပ်​ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတ​ဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်​အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်​ဆေးခဲ့​​​ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကိစ္စများ ဆောင်ရွက်မှုအ​ပေါ် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇ ၄၈ နှင့် ၄၉ တို့အတွက် တရားလိုပြသက်​သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဦးစီးဌာနမှ ညွှန်ကြား​ရေးမှူးအား စစ်​ဆေးခဲ့​ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ​ငွေ​ကြေး​​ပေး​ချေမှုများ၊ နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည့်အတွက် ဦးဝင်းမြင့်နှင့် ​​ဒေါ်​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​ကြောင်း သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​​အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားသည့်အမှုများအား ​​​အောက်တိုဘာ ၃ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်းသိရသည်။

Most Read

Most Recent