စားနပ်ရိက္ခာလုံခြုံမှု (Food Security)

စားနပ်ရိက္ခာလုံခြုံမှု (Food Security)
Published 28 August 2022
ရဲကျော်စွာ

လူ့လုံခြုံရေး (Human Security) ၏ နယ်ပယ်ကဏ္ဍများတွင် စားနပ်ရိက္ခာလုံခြုံမှု (Food Security) သည် အရေးကြီးသော ပင်မနယ်ပယ်ကဏ္ဍတစ်ခု ဖြစ်သည်။

စားနပ်ရိက္ခာလုံခြုံမှု ဆိုသည်မှာ

စားနပ်ရိက္ခာလုံခြုံမှုဆိုသည်မှာ စားနပ်ရိက္ခာများကိုထုတ်လုပ်မှု၊ ဖြန့်ချိမှုနှင့် သိုလှောင်မှုပမာဏအရ ‘ရယူရန် အဆင်သင့်ရှိနေမှု’ (Availability) နှင့် ယင်းစားနပ်ရိက္ခာများကို လူတစ်ဦးချင်းအလိုက် သို့မဟုတ် အိမ်ထောင်စု တစ်ခုချင်းအလိုက် လက်လှမ်းမီဝယ်ယူ သို့မဟုတ် လက်တွေ့ရယူနိုင်မှု (Accessibility) ဆိုင်ရာ စွမ်းရည်များကို တိုင်းထွာသော တိုင်းတာမှုတစ်ရပ် ဖြစ်သည်။

‘စားနပ်ရိက္ခာ လုံခြုံမှု’ (Food Security) ကို ကျန်းမာရေး ရှုထောင့်အရ၊ ဆေးပညာ ရှုထောင့်အရ သတ်မှတ်ထားသော ‘စားသောက်ကုန် ဘေးကင်းစိတ်ချရမှု’ (Food Safety) နှင့် မရောထွေးရန် လိုအပ်သည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှုကော်မတီ၏ စံသတ်မှတ်ချက်

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံမှုကော်မတီ (UN Committee on World Food Security) က စံ သတ်မှတ်ထားသော အနက်ဖွင့်ဆို ချက်အရ ‘စားနပ်ရိက္ခာ လုံခြုံမှု’ ဆိုသည်မှာ အချိန်ကာလအားလုံး၌ ပြည်သူအားလုံး၏ တက်ကြွရွှင်လန်းပြီး ကျန်းမာသောဘဝတစ်ခုအတွက် (For An Active and Healthy Life)၊ သူတို့၏ အစားအစာ ဦးစားပေး နှစ်သက်မှုများ (Food Preferences) နှင့် နေ့စဉ် စားသောက်မြဲ အစားအစာလိုအပ်ချက်များ (Dietary Needs) နှင့် လိုက်လျောညီထွေ ကိုက်ညီမှုရှိသော၊ လုံလောက်ပြည့်စုံသော (Sufficient)၊ ဘေးကင်းစိတ်ချရသော (Safe)၊ အာဟာရပြည့်ဝသော (Nutritious) စားနပ်ရိက္ခာ များကို ရုပ်ပိုင်းအရ၊ လူမှုအဖွဲ့အစည်းအရ၊ စီးပွားရေးအရ ရယူစားသုံးနိုင်စွမ်းရှိမှု (Physical, Social and Economic Access) ရရှိထားခြင်းကို ဆိုလိုသည်။

(Food Security is defined as all people, at all times, have physical, social and economic access to sufficient, safe and nutritious food that meets their food preferences and dietary needs for an active and healthy life.)

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ စံသတ်မှတ်ချက်

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO, Food and Agriculture Organization

) ၏ စံ သတ်မှတ်ချက်အရ စားနပ်ရိက္ခာ လုံခြုံမှု၏ ပင်မမဏ္ဍိုင် လေးရပ်အ ဖြစ်

(၁) ရယူရန် အဆင်သင့်ရှိမှု (Availability)၊

(၂) လက်တွေ့ ရယူနိုင်မှု (Access)၊

(၃) စားသုံးမှု (Utilization) နှင့်

(၄) တည်ငြိမ်မှု (Stability) မဏ္ဍိုင်လေးရပ်ကို စံသတ်မှတ်ထားသည်။

ထိုစံသတ်မှတ်ချက်အရ ‘ရယူရန် အဆင်သင့်ရှိမှု’ သည် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း အစရှိသော ထုတ်လုပ်မှုများနှင့် သက်ဆိုင်သည်။

‘လက်တွေ့ ရယူနိုင်မှု’ သည် ဝင်ငွေ၊ ထုတ်ကုန်ဖြန့်ချိရေးစနစ်၊ စီးပွားရေး၊ လူမှုရေးများနှင့် သက်ဆိုင်နေသည်။

‘စားသုံးမှု’ သည် လူတစ်ဦးချင်း နှင့် အိမ်ထောင်စုအလိုက် အပူအအေးမျှတစွာ ကြာရှည်ခံ သိုလှောင်နိုင်စွမ်း၊ စွမ်းအင်လောင်စာ အသုံးပြုနိုင်စွမ်း၊ နေ့စဉ်စားသုံးရန် အစားအစာပြင်ဆင်မှု ပြုလုပ်နိုင်စွမ်းနှင့် မီးခိုချောင်သုံးပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှုများနှင့် သက်ဆိုင်နေသည်။

‘တည်ငြိမ်မှု’ သည် နိုင်ငံအဆင့်၊ လူ့အဖွဲ့အစည်းအဆင့်မှ သည် လူတစ်ဦးချင်းအလိုက်နှင့် အိမ်ထောင်စုတစ်ခုချင်းအလိုက် အဆင့်အထိ အထွေထွေ လူမှုစီးပွား၊ အလုပ်အကိုင်နှင့် ဝင်ငွေဆိုင်ရာ တည်ငြိမ်မှုများနှင့် သက်ဆိုင်နေသည်။

၁၉၇၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ ကွန်ဖရင့်၏သတ်မှတ်ချက်

၁၉၇၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ ကွန်ဖရင့် (1974 World Food Conference) ၏ စံသတ်မှတ်ဖွင့် ဆိုချက်အရ စားနပ်ရိက္ခာလုံခြုံမှုဆု သည်မှာ ထုတ်လုပ်မှုနှင့် ကုန်စျေး နှုန်းများ၏ အတက်အကျများကို ကျော်လွန်၍ စားနပ်ရိက္ခာ စားသုံးမှုပမာဏ၏ ပုံမှန်တည်ငြိမ်သော တိုးချဲ့မှုကို ရေရှည်ခံထိန်းသိမ်းသယ်ဆောင်နိုင်စွမ်းရှိသော၊ အခြေခံစားသောက်ကုန်များ (Basic Food-stuffs) ၏ သင့်လျော်သော၊ အာဟာရပြည့်ဝသော၊ အမျိုးအစား စုံလင်သော၊ ဟန်ချက်ညီမျှတသော၊ အလယ်အလတ် ထိန်းညှိထားသော၊ ကမ္ဘာ့စားနပ်ရိက္ခာ ထုတ်လုပ်ထောက်ပံ့မှုများ (Supplies) ကို အချိန်ကာလအားလုံး၌  ရယူရန်အဆင်သင့်ရှိနေမှု (Availability) ကို စားနပ်ရိက္ခာလုံခြုံမှုဟု အနက်ဖွင့်ဆိုခဲ့သည်။

(Food Security is defined as the availability at all times of adequate, nourishing, diverse, balanced and moderate world food supplies of basic Foodstuffs to sustain a steady expansion of food consumption and to offset fluctuations in production and prices.

အထက်ပါ အနက်ဖွင့်ဆိုချက် သည် စားနပ်ရိက္ခာလုံခြုံမှုအား ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုစွမ်းအား (Supply Power) အပေါ်တွင် အဓိက အားပြု၍ အနက်ဖွင့်ဆိုထားခဲ့ သော စံသတ်မှတ်ချက်ဖြစ်သည်။

နောက်ပိုင်းအနက်ဖွင့်ဆိုချက် များတွင် ဝယ်လိုအား သို့မဟုတ် ရယူ လိုမှုစွမ်းအား (Demand Power) နှင့် လက်တွေ့ရယူနိုင်မှု စွမ်းရည် (Access) ရေးရာ အကြောင်းအရာများကိုပါ ထည့်သွင်းပေါင်းစပ်တိုးချဲ့လာခဲ့ကြသည်။

 

၁၉၉၆ ပထမအကြိမ် ကမ္ဘာ့စားနပ်ရိက္ခာ ထိပ်သီးညီလာခံ

၁၉၉၆ ခုနှစ်တွင် ကျင်းပခဲ့သော ပထမအကြိမ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာထိပ်သီးညီလာခံ (1996 First World Food Summit) က ဆုံးဖြတ်ခဲ့သော အနက်ဖွင့်ဆိုချက် အရ စားနပ်ရိက္ခာလုံခြုံမှုဆိုသည်မှာ တက်ကြွရွှင်လန်းပြီး ကျန်းမာသော ဘဝတစ်ခုအတွက် သူတို့၏ နေ့စဉ် စားသောက်မြဲ အစားအစာလိုအပ် ချက်များနှင့် အစားအစား ဦးစားပေး နှစ်သက်မှုများနှင့် လိုက်လျောညီ ထွေ ကိုက်ညီမှုရှိသော၊ ပြည့်စုံ လုံ လောက်သော၊ ဘေးကင်းစိတ်ချရ သော၊ အာဟာရပြည့်ဝသော စား နပ်ရိက္ခာများကို အချိန်ကာလ အား လုံး၌ ပြည်သူအားလုံးက ရရှိထား သော၊ ရုပ်ပိုင်းအရနှင့် စီးပွားရေးအရ လက်တွေ့ရယူနိုင်မှုစွမ်းရည်ဟု ဆုံးဖြတ်ခဲ့သည်။

(Food security is defined as that exists when all people, at all times, have physical and economic access to sufficient, safe and nutritious food to meet their dietary needs and food preferences for an active and healthy life.)

ပြည်သူအားလုံးဟုဆိုရာ၌ လူ တန်းစားမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ဝင်ငွေ အဆင့်အတန်းမရွေး၊ ပိုင်ဆိုင်မှု အဆင့်အတန်း မရွေး၊ လူမှုအလွှာများအားလုံးနှင့် အသက်အရွယ် အုပ်စုများအားလုံးကို ဆိုလိုခြင်းဖြစ်သည်။

ရှေးအကျဆုံး အတွေ့အကြုံများ

လူ့သမိုင်း၏ ရှေးအကျဆုံး မြို့ပြယဉ်ကျေးမှုများဖြစ်ခဲ့သော ဆူမေးရီးယားနှင့် ဘေဘီလိုနီးယားတို့တွင် လူလုပ်အားထုတ်မှုများ၏ အကျိုးဆက်များအဖြစ် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်း၊ မြေဆီလွှာယိုယွင်းပြောင်းလဲခြင်းနှင့် နယ်မြေခံရာသီဥတု‌ပြောင်းလဲခြင်းများကြောင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုပြိုကွဲခြင်းနှင့်အတူ အင်ပါယာများ၊ လူမျိုးများနှင့် နန်းစဉ်မင်းဆက်များပါ ပြိုလဲကျဆုံးခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။

ရှေးဟောင်းခေတ် အီဂျစ်အင်ပါယာများနှင့် ရှေးဟောင်းခေတ် တရုတ်အင်ပါယာများအတွင်း အငတ်ဘေး ကျရောက်သောအချိန်များတွင် အရန်သိုလှောင်ထားသော စားနပ်ရိက္ခာများကို ထုတ်ယူဖြန့်ချိ ဝေငှပေးခြင်းကို ဗဟိုအစိုးရများက တိုက်ရိုက်တာဝန်ယူဆောင်ရွက်ပေးခဲ့ကြကြောင်းကို သမိုင်းမှတ်တမ်း အထောက်အထားများအတွင်း တွေ့ရှိခဲ့ရသည်။

ကျွန်ပြုမှုနှင့် သွေးစုပ်ခြယ်လှယ်မှု၏ လက်နက်ကိရိယာ

လူ့သမိုင်းတစ်လျှောက်တွင် ‘စားနပ်ရိက္ခာမလုံခြုံမှု’ (Food Insecurity) ကို ကျွန်ပြုမှု (Slavery) နှင့် လူတန်းစား သွေးစုပ်ခြယ်လှယ်မှု (Class Exploitation) ၏ လက်နက်ကိရိယာများအဖြစ် ထောင်စုနှစ် ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။

ကြွေးတင် ကျွန်ဖြစ်စနစ်၊ ငွေဝယ်ကျွန်များ၊ ဇနီးမယားဝယ်ယူမှု ဓလေ့များနှင့် ပြည့်တန်ဆာစနစ်များသည် ကြီးမားသောအတိုင်းအတာအားဖြင့် စားနပ်ရိက္ခာ မလုံခြုံမှုအပါအဝင် အခြေခံစားဝတ်နေရေး ချို့ယွင်းအားနည်းချက်များအပေါ် အဓိကအမြတ်ထုတ် ထူထောင်လာသော စနစ်များဖြစ်သည်။

ပြည်တွင်းစစ်၏ လက်နက်ကိရိယာ

၂၀ ရာစုအတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်များတွင်လည်း စားနပ်ရိက္ခာကို လက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။

အီသီယိုပီးယား ပြည်တွင်းစစ်နှင့် ဆူဒန်ပြည်တွင်းစစ် အပါအဝင် ပြည်တွင်းစစ်များစွာတွင် သူပုန်များက မိမိတို့ထိန်းချုပ်ထားသော နယ်မြေများကို ဖြတ်သန်း၍ ဗဟိုအစိုးရ ထိန်းချုပ်ထားသော နယ်မြေများထံသို့ စားနပ်ရိက္ခာများ မရောက်ရှိစေရန် ပိတ်ပင်ခဲ့သည်။

၂၀ ရာစုအတွင်း အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက ပြည်တွင်းစစ်များအတွင်း ကွန်မြူနစ်နှင့် အခြားလက်ဝဲပြောက်ကျားတပ်ဖွဲ့များကို နှိမ်နင်းတိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရ အေဂျင်စီများက ဒေသခံအမျိုးသားတပ်မတော်များကို လေ့ကျင့်သင်တန်းပေးရာတွင် စားနပ်ရိက္ခာဖြတ်တောက်မှုအပါအဝင် အထွေထွေဖြတ်တောက် ပိတ်ဆို့မှုများကို ‘သောင်းကျန်းမှု တိုက်ဖျက်ရေး’ (Counter Insurgency) နည်းဗျူဟာများအဖြစ် လေ့ကျင့်သင်တန်းပေးခဲ့သည်။

 

အနုနည်း စစ်ပွဲများ၏လက်နက်ကိရိယာ

စားနပ်ရိက္ခာလုံခြုံရေးနယ်ပယ်တွင် အသက်သွေးကြောဖြစ်သော ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှုကဏ္ဍများသည် အနုနည်းဖြင့် စစ်ဆင်မှုများ၏ အရေးကြီး လက်နက်ကိရိယာများ ဖြစ်နေခဲ့ကြသည်။

နိုင်ငံရေးပြိုင်ဘက်၊ စီးပွားရေး ပြိုင်ဘက်၊ လူမှုရေးပြိုင်ဘက်၊ ယဉ်ကျေးမှုပြိုင်ဘက်များဖြစ်နေကြသော ]နိုင်ငံများအချင်းချင်းနှင့် လူမျိုးများအချင်းချင်းအကြား ဖြစ်ပွားနေသော အနုနည်းစစ်ပွဲများ’ ( Interstate and Interracial Soft Wars) အတွင်း ဘေးကင်းလုံခြုံမှုမရှိသော၊ ကျန်းမာရေးအရ အန္တရာယ်ရှိသော စားနပ်ရိက္ခာထုတ်လုပ်ရေး ကုန်ကြမ်းများနှင့် စားသောက်ကုန်များကို ဖြန့်ချိရောင်းချပေးခြင်းကို ပြုလုပ်လေ့ရှိကြသည်။

မျိုးဗီဇပြုပြင်ထားသော စားသောက်ကုန်များ (GM Foods / Genetically Modified Foods)၊ မျိုးရိုးလိုက်မျိုးဗီဇ၊ အာရုံကြောနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်း အထွေထွေချို့ယွင်းမှုဖြစ်စေသော၊ မသင့်လျော်သော၊ လွန်ကဲဓာတုဗေဒ အသားတိုး ဟော်မုန်းဆေးများ၊ ဥတိုး/နို့တိုး ဓာတုဟော်မုန်းဆေးများ၊ ဓာတုဓာတ်မြေသြဇာများ၊ ဓာတုဟင်းခတ် အမွှေးအကြိုင်များ၊ အခြားသော ဓာတုစားသောက်ကုန်, ကုန်ကြမ်းများကို စျေးနှုန်းသက်သာစွာဖြင့် အစုလိုက်အပြုံလိုက် ဖြန့်ချိရောင်းချ တင်သွင်းပေးခြင်း၊ လွဲမှားနေသော ထုတ်လုပ်မှုနည်းပညာများနှင့် ထုတ်လုပ်ရေးကုန်ကြမ်းများကို လွှဲပြောင်းရောင်း‌ချပေးခြင်းများသည် အဆိုပါ အနုနည်းဖြင့် ဆင်နွှဲနေသောစစ်ပွဲ များအတွင်း အသုံးပြုလေ့ရှိသော သမားရိုးကျနည်းလမ်းများဖြစ်သည်။

လတ်တလောတွင် ဥရောပသမဂ္ဂ အီးယူအပါအဝင် နိုင်ငံများစွာတွင် မျိုးဗီဇပြုပြင်ထားသော စားသောက်ကုန်များနှင့် အန္တရာယ်ရှိ လွန်ကဲဓာတုဇီဝကုန်ကြမ်းများကို လုံးဝပိတ်ပင်တားမြစ်ထားသည်။

အနုနည်းစစ်ပွဲ၏ နောက်ထပ် နည်းလမ်းတစ်ခုမှာ ပစ်မှတ်ထားသော နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာ ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းရှင်များက စျေးကွက်အပေါ် အလွန်အကျွံအမြတ်ထုတ်စျေး ကစားရန်နှင့် နယ်မြေခံ အမျိုးသားအစိုးရများ၏ မူဝါဒများနှင့် အစီအမံများကို ယင်းလုပ်ငန်းရှင်များက အတွင်းလှိုက်ဖျက်ဆီးပစ်စေရန် အသွင်ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အသွင်ယူထားသော လျှို့ဝှက်အေးဂျင့်များမှတစ်ဆင့် စနစ်တကျ အကွက်ဆင်၍ တွန်းပို့၊ တိုက်တွန်း၊ အားပေး၊ လှုံ့ဆော်မှုများကို နည်း အမျိုးမျိုးဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

စားနပ်ရိက္ခာစစ်ပွဲများ (Food Wars) သည် ထင်သာမြင်သာခြင်း မရှိသော အနုနည်းစစ်ပွဲများအနက် အလွန်ထိရောက်သော စစ်ပွဲအမျိုးအစားတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေကြဆဲဖြစ်သည်။ 

Most Read

Most Recent