ယူကရိန်းစိတ်ဓာတ်နှင့် ထိုင်ဝမ်စိတ်ဓာတ်

ယူကရိန်းစိတ်ဓာတ်နှင့် ထိုင်ဝမ်စိတ်ဓာတ်
(Photo-AFP)
(Photo-AFP)
Published 27 August 2022
ခက်ဝေ

စစ်တပ်အရန်တပ်သားတစ်ဦးဖြစ်သူဟင်နရီချန်သည် တိုင်ပေဘုရားရှိခိုးကျောင်းတစ်ခု၏ ခုံတန်းရှည်တွင်ထိုင်ကာ အမိထိုင်ဝမ်ကျွန်းကို တရုတ်စစ်သင်္ဘောများနှင့် ဂျက်လေယာဉ်များ ၀ိုင်းထားခဲ့သည့်ဖြစ်ရပ်ကို တွေးဆမိရင်း စစ်ပွဲအတွက် အသင့်မဖြစ်သေးသည့်ခံစားချက်လည်း ဖြစ်လာခဲ့သည်။

ယခုလအတွင်း တရုတ်၏အကြီးအကျယ် စစ်ရေးလေ့ကျင့်မှုများက ထိုင်ဝမ်ရေလက်ကြားအတွင်း တင်းမာမှုများကို အမြင့်ဆုံးအခြေအနေထိ တွန်းပို့ပေးခဲ့ပြီး တရုတ်က ၎င်းအပိုင်ဟု တစ်ထစ်ချကြုံးဝါးထားသည့် ထိုင်ဝမ်ကို အတင်းအကျပ်သိမ်းလိုက်နိုင်သည်ဆိုသည့် စိုးရိမ်မှုများကို ပိုကြီးထွားစေခဲ့သည်။

ယူကရိန်းကို ရုရှားကကျူးကျော်လိုက်ပြီးနောက် တရုတ်ခြိမ်းခြောက်မှုအပေါ်ထိုင်ဝမ်စစ်တပ်၏ အသင့်ရှိမှုအနေအထားသည်  ထိုင်ဝမ်နှင့် အနောက်မဟာမိတ်နိုင်ငံများ အကြား ပြန်စဉ်းစားစရာဖြစ်လာတော့သည်။

သို့သော် အသက် ၂၅ နှစ်အရွယ် အာမခံအရောင်းကိုယ်စားလှယ် ဟင်နရီချန်ကသိပ်စိုးရိမ်ပုံမရဘဲ သူ ငယ်စဉ်ကတည်းက စစ်ပွဲအကြောင်းကို လူများက ပြောဆိုနေကြသော်လည်း ယနေ့အထိ မဖြစ်သေးဟု AFP သတင်းဌာနကို ပြောသည်။

ချန်သည် မနှစ်က (မဖြစ်မနေ) စစ်သင်တန်းကာလ လေးလကို တက်ရောက်ထားပြီး ကျူးကျော်စစ်ဖြစ်လာပါက တိုက်ပွဲအတွက် အသင့်ခေါ်ယူနိုင်မည့်  အရန်တပ်ဖွဲ့ဝင် ၂.၅ သန်းခန့်ထဲတွင် တစ်ဦးအပါအဝင် ဖြစ်ထားသည်။

သို့သော် အရောင်းဖောက်သည်များနှင့် တွေ့ဆုံခြင်း၊ ခရစ်ယာန်ဓမ္မသီချင်းများကို ဇာတ်တိုက်ခြင်းများကဲ့သို့ ပုံမှန်လုပ်ရိုးလုပ်စဉ်များနှင့်ယှဉ်လျှင် စစ်ပွဲအရေးသည် ဟင်နရီချန်အတွက် လက်တွေ့ဘဝနှင့်အလှမ်းဝေးလွန်းသည်ဟု ခံစားရစေသည်။

“စစ်ပွဲအတွက် ကျွန်တော် တကယ်တမ်း အဆင်သင့်မဖြစ်သေးဘူး။ ဘာလို့လဲဆိုတော့ လေးလဆိုတဲ့ ထရိန်နင်ကာလဟာ သွားဆော့နေသလိုပါပဲ။ စစ်နဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်တော်သေရင် သေသွားနိုင်တယ်”ဟု ချန်က ပြောသည်။

 

စစ်သင်တန်းကာလ တိုလွန်းခြင်း

အာဏာရှင်နိုင်ငံအဖြစ်မှ တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ကူးပြောင်းလာခဲ့သည့် ထိုင်ဝမ်တွင် စစ်သင်တန်းပေးခြင်းသည် အလွန်ပင် လူထောက်ခံမှုမရခဲ့ဘဲ ယခင်ထိုင်ဝမ်အစိုးရက သင်တန်းကာလကို တစ်နှစ်မှ လေးလသို့ လျှော့ချခဲ့သည်။

သို့သော် ခေတ်တစ်ခေတ်၏ အာဏာရှင်အဆန်ဆုံး တရုတ်ခေါင်းဆောင်ဖြစ်လာသည့် သမ္မတရှီကျင်းပင်လက်ထက်တွင် စစ်လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှုက ပိုကြီးထွားလာခဲ့ပြီး ရုရှားက ယူကရိန်းကိုကျူး ကျော်လိုက်သည့်ကိစ္စက တရုတ်၏နှုတ်ဖြင့် ခြိမ်းခြောက်နေမှုများ အမှန်တကယ်ဖြစ်လာ နိုင်သည့်အလားအလာကို ထောက်ပြလိုက်သည်။

အကျိုးဆက်အနေဖြင့် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်အစိုးရက တင်းကျပ်သည့်စစ်သင်တန်းပေးခြင်းကို ပြန်လည်အကောင်ထည် ဖော်သင့်၊မသင့်ဆွေးနွေးနေပြီးဆုံးဖြတ်ချက်ချမည့်အချိန်ကို မသိရသေးပေ။ လူထုစစ်တမ်းကောက်ယူမှုအရလည်း လက်ရှိထိုင်ဝမ် လူဦးရေ လေးပုံသုံးပုံကျော်က စစ်သင်တန်း ကာလမှာ တိုတောင်းလွန်းသည်ဟုယူဆနေကြသည်။

အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်၏ခန့်မှန်းချက်အရ တရုတ်၏မြေပြင်စစ်သည် အရေအတွက်မှာတစ်သန်း ရှိပြီး ထိုင်ဝမ်ဘက်က အရေအတွက် ၈၈,၀၀၀ နှင့် အင်အား အ ပြတ်အသတ် ကွာဟနေသည်။

ထိုင်ဝမ်အစိုးရက  အရန်စစ်သည်များအား ထရိန်နင်ပေးခြင်းကို အရှိန်မြှင့် လုပ်ဆောင်ခြင်း၊ ဂျက်လေယာဉ်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို ပိုမိုဝယ်ယူခြင်းများရှိလာသော်လည်း ထိုမျှဖြင့် မလုံလောက်ဟု ကျွမ်းကျင်သုံးသပ်သူများက ဆိုသည်။

အားလပ်ချိန်တွင် စစ်ပွဲဂိမ်းများ ဆော့လေ့ရှိသူ အင်ဂျင်နီယာပီတာယန်ကသူ စစ် သင်တန်းတက်ခဲ့စဉ်က အချိန်အများစုသည် စာရွက်စာတမ်းများလုပ်ရခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်ဟု ဆိုသည်။

“ထရိန်နင်ပေးခဲ့တဲ့အချိန်က များများစားစား မရှိဘူး။ အခြေခံကာယလေ့ကျင့်ခန်းလောက်နဲ့ သေနတ်ပစ်သင်ပေးတာလောက်ပဲ။ တကယ်တော့ ကျွန်တော်တို့ရဲ့အလုပ်က စစ်မြေပြင်မှာ သေဖို့ပဲ မဟုတ်လား။ ဒီတော့ သေနတ်ပစ်နည်း သိရင်ပဲ လုံလောက်ပါပြီ” ဟု အသက် ၂၄ နှစ်အရွယ်ပီတာယန်က AFP ကို ပြောသည်။ သူ့အဆိုအရ အရန်တပ်သားများသည် သေနတ်ပစ်လေ့ကျင့်မှုတစ်ခုစီတွင် ကျည်ဆန် ၁၂ တောင့်စီရကြသည်။

အမေရိကန်စစ်တပ်အကြီးအကဲဟောင်း မာ့ခ်အက်စပါက ထိုင်ဝမ်၏ စစ်သင်တန်းကာလကို သုံးဆတိုးကာ အချိန်တစ်နှစ်သတ်မှတ်ရန်နှင့် အမျိုးသမီးများအား လက်ခံမှုကို တိုးသင့်သည်ဟု ပြီးခဲ့သည့်လက တိုက်တွန်းထားသည်။

 

ဖြူကောင်ကဲ့သို့ တုံ့ပြန်မှု

ယူကရိန်းကို ဥပမာယူကာ အင်အားချင်းမမျှသည့် တရုတ်၏ကျူးကျော်မှုကို တွန်းလှန်ရန် ဆူးချွန်များပါသည့် ဖြူကောင်များအတိုင်း ရန်သူကို အထိနာစေမည့် မဟာဗျူဟာတစ်ရပ်ကို ထိုင်ဝမ်အစိုးရအနေဖြင့် ကျင့်သုံးရန် အမေရိကန်နှင့်ထိုင်ဝမ်စစ်ဗျူဟာကျွမ်းကျင်သူများက တိုက်တွန်းထားပြီးဖြစ်သည်။

သို့သော် ထိုင်ဝမ်လူထုသည် ယူကရိန်းမြို့ကြီးများ၏ လမ်းပေါ်တွင်  မြင်နေရသည့်   အသေအကျေခုခံမှုမျိုးအတွက်  အသင့်ဖြစ်မနေကြဟု နိုင်ငံအတွက် ၂၁ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားလေတပ်ဗိုလ်မှူးကြီး ရစ်ချတ်ချိုက ပြောသည်။

“ကျွန်တော့်အမြင်အရဆို ထိုင်ဝမ်စစ် တပ်ရဲ့ပြင်ဆင်ထားမှုက မလုံလောက်သေးဘူး။ ပြန်သာခေါ်မယ်ဆိုရင် ကျွန်တော်လိုလိုလားလားနဲ့ တိုင်းပြည်တာဝန်ပြန်ထမ်းဆောင်မှာပါ။ အဓိကက လူတစ်ဦးက ရိုင်ဖယ်ဘယ်လိုကိုင်ပစ်ရမလဲဆိုတာ မဟုတ်ဘူး။ အဖွဲ့အစုအနေနဲ့ ပြဿနာကို ဘယ်လိုကိုင်တွယ် တတ်ရမယ်ဆိုတာကို  စစ်သင်တန်းမှာ သင်ယူရမှာ။ ဒါမှသာ အနာဂတ်မှာ တိုင်းပြည်အတွက် ခုခံတွန်းလှန်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာမှာ”ဟု အသက် ၅၂ နှစ်အရွယ် ဗိုလ်မှူးကြီး ဟောင်းက ပြောသည်။

တရုတ်၏ခြိမ်းခြောက်မှု၊ ကျူးကျော်နိုင် မှုရန်ကို  ထိုင်ဝမ်လူထုက အလေးထားပုံမရသည်ကို ပြသည့်အနေဖြင့် အသက် ၇၅ နှစ် အရွယ် ဂျက်စပါလီဆိုသူကလည်း မြို့လယ်ရှိ ထိုင်ဝမ်ပန်းခြံတစ်ခုကို လက်ညှိုးထိုးပြရင်း ပြောသည်။

“တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေလုပ်တယ်။ ဒါပေမဲ့ ဒီကလူတွေက ကလိုက် ပျော်လိုက်၊ သောက်စားလိုက်၊ လေ့ကျင့်ခန်းတွေ လုပ်လို့နေပါလား”ဟု ဆိုသည်။

တရုတ်၏ဒေါသကိုမပြတ်တမ်းဆွနေသည့် အမေရိကန်က ယခုလည်း အထက်လွှတ်တော်အမတ် မာရှာဘလက်ခ်ဘန်းကို ထိုင်ဝမ်သို့ စေလွှတ်လိုက်ပြီး သြဂုတ် ၂၅ ရက် နှောင်းပိုင်းက ထိုင်ဝမ်ကို ရောက်လာသည့် အမျိုးသမီးအမတ် ဘလက်ခ်ဘန်းသည် သြဂုတ်လအတွင်း ထိုင်ဝမ်ကို ရောက်လာသည့် စတုတ္ထမြောက်အမေရိကန်နိုင်ငံရေးသမား ဖြစ်လာသည်။

ထိုခရီးစဉ်နှင့်ပတ်သက်ပြီး သူက ဒီကို ရောက်လာတဲ့အကြောင်းက တရုတ်ကို မက် ဆေ့တစ်ခုပေးချင်လို့ပါ။ အဲဒါက ကျွန်မတို့ အနေနဲ့ အနိုင်ကျင့်ခံနေမှာမဟုတ်ဘူးဆိုတာပါပဲ။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း လွတ်လပ်မှုကို ထိန်းသိမ်းသွားဖို့ အမြဲတမ်း ရှိနေမှာပါ” ဟု တွစ်တာတွင် ရေးသားထားသည်။

Most Read

Most Recent