မန်ယူနည်းပြ တန်ဟက်ဂ်က ဗယ်လက်ကာနိုအသင်းနှင့်ကစားခဲ့သည့်ခြေစမ်းပွဲတွင် ပွဲမပြီးမီ ကွင်းအတွင်းမှထွက်ခွာသွားသည့် အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏လုပ်ရပ်ကို ဒေါသထွက်နေပြီး ၎င်း၏အပြုအမူမှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ဇူလိုင် (၃၁) ရက်(တနင်္ဂနွေ နေ့)က စပိန်ကလပ် ဗယ်လက်ကာနိုအသင်းနှင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ခြေစမ်းပွဲကစားခဲ့ပြီး စီရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ်တွင် ယခုရာသီ ခြေစမ်းပွဲများတွင် ပထမဆုံးအကြိမ် ပါဝင်ကစားခဲ့သည်။
သို့သော် တန်ဟက်ဂ်သည် ဒုတိယပိုင်းပြန်စချိိန်တွင် စီရော်နယ်လ်ဒိုတစ်ဦးတည်းကိုသာ လူစားလဲခဲ့ပြီးနောက် ကစားသမားသည် ပွဲမပြီးမှာပင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဗယ်လက်ကာနိုအသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျခဲ့သည့် ခြေစမ်းပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာသွားသည်မှာ စီရော်နယ်လ်ဒိုတစ်ဦးတည်းမဟုတ်ဘဲ အခြားကစားသမားများလည်းရှိကြောင်း သိရသည်။
ဗယ်လက်ကာနိုနှင့်ပွဲတွင် ပွဲမပြီးမီ ကွင်းအတွင်းမှ စီရော်နယ်လ်ဒို ထွက်ခွာသွားခြင်းနှင့်ပတ်သက်ပြီး အသင်းပရိသတ်များ ဒေါသထွက်ခဲ့ကြရာ မန်ယူအသင်းက ပြဿနာမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ယခုအခါ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ပွဲမပြီးမီ ကွင်းအတွင်းမှ ထွက်ခွာသွားသည့် စီရော်နယ်လ်ဒို၏လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
၎င်းက ''ဒီအဖြစ်အပျက်ကို ကျွန်တော် ခွင့်မလွှတ်နိုင်တာ သေချာပါတယ်။ ဒါကို လက်မခံနိုင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့က အသင်းတစ်သင်းဖြစ်တဲ့အတွက် လူတိုင်း ပွဲပြီးတဲ့အထိ ရှိနေရမှာပါ''ဟု ဆိုခဲ့သည်။
တန်ဟက်ဂ်၏ ယခုပြောဆိုမှုထွက်လာပြီးနောက် စီရော်နယ်လ်ဒို အသင်းမှထွက်ခွာမည့်သတင်းမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။















