အမေရိကန် မိုက်ခရိုချစ်ပ် (Microchip) ထုတ်လုပ်သော ပစ္စည်းများကို တရုတ်ထံ တင်ပို့ပေးနေခြင်းအား ကန့်သတ်ရန် အမေရိကန်အစိုးရက စဉ်းစားနေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာ နယ်ပယ်တွင် မိုက်ခရိုချစ်ပ်ခေါ် ချစ်ပ် (Chip) သည် အလွန်အရေးပါသည်။ တရုတ်၌ အမေရိကန်ပစ္စည်းများသုံး၍ ချစ်ပ်ထုတ်လုပ်နေသော ကုမ္ပဏီများထဲတွင် Yangtze Memory Technologies Co Ltd (YMTC) လည်းပါဝင်သည်။ တရုတ်၏ တစ်ပိုင်းလျှပ်ကူး (semiconductor) နယ်ပယ်၌ တိုးတက်နေမှုများကို ဟန့်တားရန်လည်းကောင်း၊ အမေရိကန်ကုမ္ပဏီများကို အကာအကွယ်ပေးရန်လည်းကောင်း အမေရိကန်အစိုးရက ချစ်ပ်ထုတ်လုပ်သည့် ပစ္စည်းအစိတ်အပိုင်းများ တင်ပို့ခြင်းကို ကန့်သတ်ရန် စဉ်းစားလာခြင်းဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒင်၏အစိုးရက ချစ်ပ်ပစ္စည်းအစိတ်အပိုင်းများ တင်ပို့မှုပိတ်ပင်ခြင်းကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက တောင်ကိုရီးယား memory chip ထုတ်လုပ်သော ကုမ္ပဏီများဖြစ်သည့် Samsung နှင့် SK Hynix တို့ပါအထိနာနိုင်သည်။ Samsung က တရုတ်တွင် ချစ်ပ်စက်ရုံကြီးနှစ်ခုရှိသည်။ SK Hynix u Intel Corp ၏ တရုတ်ရှိ NAND Flash memory ချစ်ပ်ထုတ်လုပ်သောစက်ရုံကို ဝယ်ထားသည်။ Intel Corp သည် အမေရိကန်ကုမ္ပဏီဖြစ်သည်။
ချစ်ပ်ပစ္စည်းတင်ပို့မှု ပိတ်ပင်းခြင်းကို အမေရိကန်အစိုးရက အတည်ပြုမည်ဆိုပါက တရုတ်တွင် ပိုမိုအဆင့်မြင့်သော NAND ချစ်ပ်များကို ထုတ်လုပ်နေသည့် စက်ရုံများထံ အမေရိကန်ချစ်ပ်ထုတ်လုပ်ရေး ပစ္စည်းများတင်ပို့ခြင်းမှုကို ပိတ်ပင်ခြင်းလည်း ပါဝင်မည်ဖြစ်သည်။
၎င်းသည် အဓိကစစ်ဘက်သုံးချစ်ပ်များ မပါဝင်ဘဲ တရုတ်ချစ်ပ်ထုတ်လုပ်မှုကို ပစ်မှတ်ထားရန် အမေရိကန်က ပို့ကုန်ထိန်းချုပ်မှုများမှ တစ်ဆင့်ပထမဆုံးလုပ်ဆောင်မှုဖြစ်လာမည်ဖြစ်ရာ အမေရိကန်အမျိုးသားလုံခြုံရေးနှင့် ပတ်သက်၍ပိုမိုကျယ်ပြန့်သည့် သဘောထားအမြင်တစ်ရပ်ဖြစ်လာမည်ဟု ပို့ကုန်ထိန်းချုပ်ရေးနယ်ပယ်မှ ပညာရှင်များက ပြောသည်။
အမေရိကန်အစိုးရက အမေရိကန်ချစ်ပ်ထုတ်လုပ်သော ကုမ္ပဏီများဖြစ်သည့် Westerm Digital Corp နှင့် Micron Technologty တို့ကို အကာအကွယ်ပေးရန် ကြိုးစားနေခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။ အဆိုပါကုမ္ပဏီနှစ်ခုသည် NAND ချစ်ပ်စျေးကွက်၏ လေးပုံတစ်ပုံခန့်ကို ကိုယ်စားပြုနေသည်။
NAND ချစ်ပ်များသည် ဆမတ်ဖုန်းများနှင့် ပီစီကွန်ပျူတာများလို ပစ္စည်းကိရိယာများတွင် အချက်အလက်များကို သိမ်းဆည်းပေးရုံသာမက Amazon Facebook နှင့် Google တို့လို Data center များအတွက်လည်း အချက်အလက်များကို သိုလှောင်ပေးသည်။
ပိတ်ပင်ရန်စဉ်းစားနေသည့် အချက်များထဲတွင် အလွှာ ၁၂၈ လွှာဖြင့်တည်ဆောက်ထားသော NAND ချစ်ပ်များထုတ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများကို တရုတ်ထံတင်ပို့ပေးခြင်းအား ပိတ်ပင်မည့်အချက်ပါဝင်မည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောသည်။ NAND ချစ်ပ်ထုတ်လုပ်ရာ၌ အရေးပါသောပစ္စည်းများကို မူလပံ့ပိုးပေးသော ကုမ္ပဏီများမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန်ဗယ်လေအခြေစိုက် LAM Research Corp နှင့် Applied Materials ကုမ္ပဏီတို့ဖြစ်သည်။
အမေရိကန်အစိုးရက ပိတ်ပင်မည့်ကိစ္စကို စဉ်းစားနေသည်မှာ အစောပိုင်းအဆင့်သာ ရှိနေသေးသောကြောင့် အဆိုပြုမည့်စည်းမျဉ်းဥပဒေများကိုကား ရေးဆွဲခြင်းမပြုရသေးဟု အမည်မဖော်လိုသော အမေရိကန်တာဝန်ရှိသူများက ရိုက်တာကို ပြောသည်။
ကန့်သတ်ဖွယ်ရှိသည့်အနေအထားနှင့် စပ်လျဉ်း၍ ရိုက်တာသတင်းဌာနက မေးမြန်းသည့်အခါ ပို့ကုန်ထိန်းချုပ်မှုများကို ကြီးကြပ်သော ကူးသန်းရောင်းဝယ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ကန့်သတ်ချက်များ လုပ်ဆောင်နိုင်သည့်အနေအထားကို ဆွေးနွေးခြင်းမပြုရသေးကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်ထောင်စုအတွက် ထင်သာမြင်သာရှိသော အမျိုးသားလုံခြုံရေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင််းရန် တရုတ်ကပိုမို အဆင့်မြင့်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရန် ကြိုးပမ်းမှုများအား ဟန့်တားရေးအတွက်ဘိုင်ဒင်အစိုးရက အလေးပေးလုပ်ဆောင်နေကြောင်း ပြောကြားသည်။
တိုးတက်မှုမြန်ဆန်လာသောကုမ္ပဏီ
YMTC ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းကုမ္ပဏီသည် NAND ချစ်ပ်ထုတ်လုပ်ရာ၌ ဆရာကြီးဖြစ်နေသည်။ YMYC ၏စျေးနှိမ်မှုဒဏ်ကို အမေရိကန်ကုမ္ပဏီများဖြစ်သော Micron နှင့် Western Digital တို့ခံနေရနေသည်ဟု ၂၀၂၁ ခုနှစ် ဇွန်လထဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ အိမ်ဖြူတော်က ဖော်ပြခဲ့သည်။ YMTC ကုမ္ပဏီ၏ တိုးတက်မှုနှင့် စျေးနှိမ်မှုတို့က Micron နှင့် Western Digital တို့ကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ YMTC ကုမ္ပဏီကို တရုတ်၏ အမျိုးသားချန်ပီယံအဖြစ် အိမ်ဖြူတော်အစီရင်ခံစာ၌ ခိုင်းနှိုင်းထားပြီး YMTC သည် တရုတ်အစိုးရထံ မှ ထောက်ပံ့ကြေးအမေရိကန်ဒေါ်လာ ၂၄ ဘီလျံရရှိထားသည်ဟု ဖော်ပြခဲ့သည်။
တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei ထံ ချစ်ပ်များရောင်းချပေးခြင်းဖြင့် အမေရိကန်ပို့ကုန်ထိန်းချုပ်ရေးဥပဒေများကို ဖောက်ဖျက်ခြင်းရှိမရှိ ကိစ္စနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်ရေးဌာန၏ စုံစမ်းစစ်ဆေးခြင်းခံနေရသော YMTC သည် အမေရိကန်ထိပ်တန်း ဆမတ်ဖုန်းကုမ္ပဏီ Apple Inc ထံလည်း ချစ်ပ်များရောင်းချရန် ဆွေးနွေးနေသည်ဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
အမေရိကန်မူဝါဒနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာနက မေးမြန်းသည်ကို LAM Research Corp၊ SK Hynix နှင့် Micron တို့က ဖြေကြာခြင်းမရှိဟု ဆိုသည်။ Samsung၊ Applied Materials Inc၊ YMTC နှင့် Western Digital Corp တို့ကလည်း ဖြေကြားပေးရန် မေတ္တာရပ်ခံမှုများကို ချက်ချင်းဖြေကြားပေးခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ကွန်ဂရက်ကအတည်ပြု
နည်းပညာကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့အကြား တင်းမာမှုများသည် ဘိုင်ဒင်မတိုင်မီ သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်ခဲ့သည်။ ယခုအထိလည်း တင်းမာမှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေုးကုမ္ပဏီ SMIC ကို ထိခိုက်စေလိုသဖြင့် အဆင့်မြင့်ချစ်ပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းအစိတ်အပိုင်းများကို တရုတ်ထံ တင်ပို့ခြင်းအား ဘိုင်ဒင်အစိုးရအဖွဲ့က စဉ်းစားသုံးသပ်နေသည်ဟု ဇူလိုင် ၈ ရက်တွင် ရိုက်တာက သတင်းဖော်ပြခဲ့သည်။
အမေရိကန်အနေဖြင့် ပြည်တွင်းချစ်ပ်ထုတ်လုပ်မှုတွင် ဒေါ်လာဘီလျံများစွာ ရင်းနှီးမြုပ်နှံစေခြင်းဖြင့် တရုတ်ကို ပြိုင်ဆိုင်ရာ၌ အထောက်အကူပြုစေရန် ရည်ရွယ်သော ဥပဒေကို လွန်ခဲ့သောသီတင်းပတ်တွင် ကွန်ဂရက်က အတည်ပြုခဲ့သည်။
အဆိုပါဥပဒေအရ အမေရိကန်အစိုးရထံမှ ငွေကြေးရယူမည့် ချစ်ပ်ကုမ္ပဏီများအနေဖြင့် တရုတ်အပါအဝင် အခြားနိုင်ငံများတွင် တချို့အဆင့်မြင့်ချစ်ပ်များ ထုတ်လုပ်ရေးအတွက် စက်ရုံတည်ဆောက်ခြင်း သို့မဟုတ် လုပ်ငန်းတိုးချဲ့ခြင်းကိစ္စတို့ကို ဆောင်ရွက်ခြင်းမှ တားမြစ်ခံရမည်ဖြစ်သည်။ ထို့အပြင်အဆင့်မြင့် Memory ချစ်ပ်များ ထုတ်လုပ်ခြင်းကိုလည်း အမေရိကန်အစိုးရက ဆုံးဖြတ်ပေးသည့် အနေအထားအတိုင်းသာ ထုတ်လုပ်ရန်လည်း ကန့်သတ်ခံရမည်ဖြစ်သည်။
YMTC သည် ကမဧာတစ်ဝန်း NAND ချစ်ပ်ထုတ်လုပ်မှု၏ ငါးရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည်ဟု အတိုင်ပင်ခံကုမ္ပဏီ Yole Intelligence မှ ဝေါ့ကွန်းကပြောကြားသည်။ Western Digital က ၁၃ ရာခိုင်နှုန်းနှင့် Micron က ၁၁ ရာခိုင်နှုန်းအသီးသီးရှိနေသည်ဟု ၎င်းက ပြောသည်။ သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရကသာ ချပ်စ်ပစ္စည်းများတင်ပို့မှု ကန့်သတ်ချက်ကို အကောင်အထည်ဖော်မည်ဆိုပါက YMTC သည် အကြီးအကျယ် အထိနာမည်ဟု ဝေါ့ကွန်းက ပြောသည်။
“သူတို့ဟာ အလွှာ ၁၂၈ ခုပါတဲ့ NAND ချစ်ပ်တွေ ထုတ်လုပ်ရာမှာ အကျပ်ရိုက်နေမယ်ဆိုရင် သူတို့(YMTC)အနေနဲ့ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ မပြောတတ်တော့ပါဘူး” ဟု ဝေါ့ကွန်းက ရိုက်တာကို ပြောသည်။
တရုတ်တွင် NAND ချစ်ပ်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးထုတ်လုပ်မှု၏စုစုပေါင်း ၁၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာလုံး ထုတ်လုပ်မှု၏စုစုပေါင်း ၂၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။ အလားတူကာလတွင် အမေရိကန်၌ NAND ချစ်ပ်ထုတ်လုပ်မှုသည် ၂.၃ ရာခိုင်နှုန်းမှ ၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟု အတိုင်ပင်ခံကုမ္ပဏီ Yole Intelligence ကပြုစုသော အချက်အလက်များအရ သိရသည်။ အမေရိကန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ချစ်ပ်ထုတ်လုပ်မှု အားလုံးနီးပါးကို နိုင်ငံရပ်ခြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။
အမေရိကန်အစိုးရက ကန့်သတ်ဖွယ်ရှိသည့်အနေအထားက တရုတ်ရှိ အခြားသောချစ်ပ်ကုမ္ပဏီများအပေါ် ထိခိုက်မှုရှိမရှိဆိုသည်ကို တိတိကျကျမပြောနိုင်သေးပေ။ တရုတ်ရှိ ချစ်ပ်စက်ရုံကို တောင်ကိုရီးယား ကုမ္ပဏီ SK Hynix ထံရောင်းချကာ စက်ရုံ၏လုပ်ငန်းလည်ပတ်မှုများကို ကန်ထရိုက်ဖြင့် စီမံဆောင်ရွက်ပေးနေသော အမေရိကန်ကုမ္ပဏီ Intel သည် တရုတ်ရှိ အဆိုပါစက်ရုံမှ ၁၄၄ လွှာဖြင့် တည်ဆောက်ထားသော memory ချစ်ပ်များကို စတင်ထုတ်လုပ်နေပြီဟု Intel ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Ref:Reuters










