အထပ်မြင့်အဆောက်အအုံများနှင့် သူ၏နေအိမ်ပြတင်းပေါက်များ၊ တံခါးများနှင့် သူဖက်တွယ်နေရသည့် အားကိုးအားထား ပြုစရာမှန်သမျှကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ခဲ့သည့် ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများအကြောင်း ပြန်ပြောင်းပြောဆိုနေချိန်တွင် ဂလီနာချော်နာတစ်ယောက် မျက်ရည်များဖြင့် ဆို့နင့်လာခဲ့သည်။
အသက် ၇၅ နှစ် ရှိပြီဖြစ်သည့် ဂလီနာသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးကတည်းက ရုရှား၏ လက်နက်ကြီးများဖြင့် အညှာအတာမဲ့စွာ မရပ်မနား ပစ်ခတ်မှုကို ခံခဲ့ရသော ဥရောပ၏ အကြီးဆုံး အိမ်ရာစီမံကိန်းမြေနေရာတစ်ခုဖြစ်သည့် ဆာလ်တစ်ကာဒေသရှိ ကိုးထပ်အဆောက်အအုံတစ်ခုလုံးတွင် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
“ဒီမှာတစ်ယောက်တည်းနေရတော့ အရမ်းကိုကြောက်မိတယ်။ ကျွန်မ တကယ်ပဲအဖော်မဲ့နေပါတယ်။ ကျွန်မမှာ သမီးတစ်ယောက်ရှိပေမဲ့ သူက အရက်အလွန်အကျွံသောက်လို့ လွန်ခဲ့တဲ့တစ်နှစ်ကပဲ ဆုံးသွားပါပြီ” ဟု နွေးထွေးသော နေရောင်ခြည်ကို နောက်ခံပြုလျက် ၎င်းက တုန်ယင်စွာဖြင့် ပြောပြသည်။
“အခု ကျွန်မအဲဒီရေဆွဲပုံးပေါ်မှာပဲ ထိုင်ရတယ်။ ဒုံးကျည်ပစ်လိုက်တဲ့အသံ ကြားရပြီဆိုရင် ကျွန်မအရှေ့က ကြမ်းပြင်ပေါ်ကို ကပျာကယာနဲ့ ဝပ်ချလိုက်ရတယ်။ အဲဒါကြောင့်လည်း ကျွန်မ အခုအချိန်ထိ အသက်ရှင်နေသေးတာထင်တယ်” ဟု ၎င်းက ဆိုသည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် အနီးနားမြို့များသို့ သွားရောက်အလုပ်ဆင်းသည့် ဆိုဗီယက်စက်မှုလုပ်သားများ နေထိုင်ရာ အရပ်ဒေသတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည့် ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်မြို့ရှိ ဆာလ်တစ်ကာဒေသသည် တစ်ချိန်က စည်ပင်ဝပြောခဲ့သည့် အရပ်ဒေသတစ်ခုဖြစ်ခဲ့ပြီး နေထိုင်သူဦးရေ ငါးသိန်းကျော်ရှိခဲ့သည်။
ထိုအရပ်ဒေသသည် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ ရုရှား၏ အစ္စကန်ဒါဒုံးကျည်များ၊ ပဲ့ထိန်းစနစ်မပါသည့် ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်မှုဒဏ်ကို အလူးအလဲခံခဲ့ရပြီး လူနေအဆောက်အအုံများ ထိမှန်ပျက်စီးခဲ့သည်။ စစ်ပွဲကာလကြာညောင်းလာသည်နှင့်အမျှ အဆိုပါဒေသရှိ နေရာအများအပြားသည် စစ်ဒဏ်ကြောင့် မရှုမလှ ပျက်စီးခဲ့ရသည်။
နွေဦးရာသီအစောပိုင်းကာလဖြစ်သည့်အတွက် ရာသီဥတုမှာ အလွန်အေးခဲနေဆဲဖြစ်ရာ ဂလီနာ၏ လက်သည်းခြေသည်းများသည် အနက်ရောင်အဖြစ် ပြောင်းသွားပြီး နှင်းကိုက်နာများပင် ဖြစ်ပွားနေပြီဖြစ်သည်။
စစ်ပွဲ၏ပထမဆုံး သီတင်းပတ်ခြောက်ပတ်အတွင်း အဆိုပါဒေသတွင် ရေပေးဝေမှုများ ရပ်ဆိုင်းသွားခဲ့ပြီး ယခင်လမတိုင်မီအထိ လျှပ်စစ်ဓာတ်အား မရရှိခဲ့ဘဲ ဓာတ်ငွေ့ကိုလည်း ယခုသီတင်းပတ်ထဲ ရောက်မှသာ ပြန်လည်ရရှိခဲ့သည်။
လူသွားစင်္ကြံပေါ်သို့ တဖြုတ်ဖြုတ် ကြွေကျနေသည့် ချယ်ရီသီးများ
လမ်းများကို အပေါ်စီးမှ မိုးထားသော လောင်ကျွမ်းပျက်စီးနေသည့် အဆောက်အအုံကြီးများနှင့် ၎င်းတို့၏ ပြတင်းပေါက်မှန် အပျက်အစီးများ၊ ဟောင်းလောင်းပေါက်ဖြစ်နေသည့် အင်္ဂတေအပျက်အစီးများက ပြင်းထန်လွန်းလှသည့် လက်နက်ကြီးဒဏ်သင့်မှုအခြေအနေကို သက်သေပြုနေသည်။
အဆောက်အအုံ အများအပြားသည် အက်ကြောင်းကြီးများ ဖြစ်ပေါ်လျက် ရုပ်ပျက်ဆင်းပျက် ပျက်စီးနေကာ မကြာမီပြိုကျတော့မည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။ လမ်းမများထက်တွင် ပြိုကျလာသည့် အုတ်ကျိုးအုတ်ပဲ့များကြောင့် အမိုးပိန်ချိုင့်ကာ သံချေးတက်နေသည့် ကားများနှင့် တွန့်လိမ်ပျက်စီးနေသည့် သတ္တုအပိုင်းအစများ ပြန့်ကျဲလျက်ရှိသည်။
ထိုဒေသမှ လူနေအဆောက်အအုံအချို့သည် လက်နက်ကြီးဒဏ်မှ လွတ်မြောက်နေဆဲဖြစ်သော်လည်း ကြုံသလိုပစ်ခတ်နေသည့် လက်နက်ကြီးဒဏ်မှ မုချဘေးကင်းစိတ်ချရသည့်နေရာဟူ၍ မရှိနိုင်ပေ။
တိုက်ခိုက်မှုအများအပြားတွင် တား မြစ်ထားသည့် ကလက်စတာဗုံး (လေယာဉ်မှ ကြဲချသည့် ပြွတ်ခဲဗုံး) များ အသုံးပြုနေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) တို့က စွပ်စွဲထားပြီး ရုရှားအစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆန်ထားသည်။
လက်ရှိတွင် အဆိုပါဒေသ၏ နေရာအချို့၌ သဘာဝ၏ အငွေ့အသက်များကို ပြန်လည်မြင်တွေ့လာရပြီး လမ်းနံဘေးရှိ မြက်ခင်းများသည်ပင် ခါးလောက်အထိ ရှိလာခဲ့ပြီဖြစ်သည်။
ကလေးငယ်အများစု နေထိုင်ခြင်းမရှိတော့သည့်အတွက် ထိုဒေသမှ ချယ်ရီပင်များသည် ချယ်ရီသီး ခူးဆွတ်မည့်သူ မရှိတော့သဖြင့် ချိုင့်ခွက်များဖြစ်ပေါ်နေသည့် လူသွားလမ်းပေါ်သို့ ချယ်ရီသီးများ တဖြုတ်ဖြုတ် ေကြွကျလျက်ရှိသည်။
အဆိုပါဒေသမှ ဒေသခံများသည် တစ်လလျှင် ဒေါ်လာတစ်ရာပင် မပြည့်သည့် အစိုးရထောက်ပံ့ကြေးနှင့် ရဲတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များက ဝေငှပေးသည့်အသင့်စား စားသောက်ဖွယ်ရာများဖြင့် အသက်ဆက်နေရသည်။
ချော်နာ၏ အိမ်နီးချင်းအချို့ကမူ ဒေသတွင်း စာသင်ကျောင်းတစ်ကျောင်း၏အောက်ဘက်ရှိ လိုဏ်ဂူကဲ့သို့ မှောင်မိုက်နေသော ပုန်းခိုစရာနေရာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်နေရသည်။ ၎င်းနေရာတွင်ရှိသော ခုတင်များကို ကျောင်းမှစာသင်ခုံများ၊ ကုလားထိုင်များနှင့် သစ်သားကွပ်ပျစ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
စစ်ပွဲစတင်ဖြစ်ပွားချိန်တွင် အသက် ၇၁ နှစ်အရွယ် အန်တိုနီနာမိုင်ကိုလေဗာသည်လည်း ၎င်းနေရာသို့ သူ၏ခင်ပွန်းနှင့်အတူ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အခြားပြောင်းရွှေ့လာသူ ၄၀ ခန့်နှင့် အတူနေထိုင်ခဲ့သည်။ သို့ရာတွင် သူ၏ခင်ပွန်းမှာ တစ်လအကြာတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
၎င်းတို့၏သားဖြစ်သူမှာ ဆိုဗီယက်စစ်တပ်မှ စစ်သားတစ်ဦးဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်တွင် တိုက်ပွဲ၌ ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရုရှားတို့၏ လက်နက်ကြီးဒဏ်ကြောင့် သချႋုင်းပျက်စီးသွားသည့်အတွက် ခင်ပွန်းဖြစ်သူကို သားဖြစ်သူနှင့် သချႋုင်းတစ်ခုထဲတွင် မြှုပ်နှံရန် မဖြစ်နိုင်တော့ပေ။
“ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေကြားတိုင်း ကျွန်မ အမြဲတမ်းထိတ်လန့်နေရတယ်။ ကျွန်မတို့အပေါ်ကို အဆောက်အအုံကြီး ပြိုကျလာမှာကို စိုးရိမ်မိပါတယ်” ဟုလည်း သူက ပြောကြားခဲ့သည်။
တစ်ရက်ကို ဗုံးအလုံး ၇၀ ကြဲချခံခဲ့ရ
ခါကိဗ် အုပ်ချုပ်ရေးမှူး အိုလက်ဆီနီဂူဘော့ဗ်ကမူ ဆာလ်တစ်ကာဒေသသည် အလုံးစုံနီးပါး ပျက်သုဉ်းခဲ့ရပြီဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရှေ့တွင်ကြိုလင့်နေသည့် အရေးအကြီးဆုံးတာဝန်မှာ ညအပူချိန်ပျမ်းမျှ အနုတ်ခုနစ်ဒီဂရီ ဆဲစီးယပ်ခန့်ရှိတတ်သည့် ဆောင်းရာသီကာလမတိုင်မီ အပူပေးစနစ်များ ပြန်လည်ရရှိနိုင်ရေးပင် ဖြစ်သည်ဟုလည်း သူက ဆိုသည်။
“ဒါပေမဲ့လည်း အဲဒီဒေသက အပျက်အစီးတွေ၊ ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိသေးတဲ့ အဆောက်အအုံ အပျက်အစီးတွေကြောင့် အရင်က အခြေအနေအတိုင်း ပြန်လည်ပြုပြင်ပေးလို့ ခက်ခဲနေပါတယ်” ဟု ဆီနီဂူဘော့ဗ်က ပြောကြားသည်။
ဒေသခံများအား သဘာဝဘေးဒဏ်မှ ကာကွယ်စောင့်ရှောက်ရမည့် တာဝန်မှာ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ အသက် ၅၇ နှစ်အရွယ် ပိုက်ပြင်ဆရာ ဗိုလိုဒီမာမန်ဇိုဆော့ဗ်၏ ပခုံးပေါ်သို့ ကျရောက်နေပြီး ၎င်း၏အဖွဲ့သည် ဗုံးကြဲခံရခြင်းကြောင့် ပျက်စီးနေသည့် ပိုက်များကို အစားထိုးလဲလှယ်ရန် အပူတပြင်း လုပ်ဆောင်နေရသည်။
ဇနီးဖြစ်သူနှင့် ကလေးနှစ်ဦးကို ပိုမိုဘေးကင်းလုံခြုံသည့် နိုင်ငံအနောက်ပိုင်း လဗီမြို့သို့ ပို့ဆောင်ထားပြီး ဆာလ်တစ်ကာဒေသတွင် သူတစ်ဦးတည်းနေထိုင်ကာ ၁၅ ထပ် အဆောက်အအုံတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ထိုအဆောက်အအုံတစ်ခုလုံးတွင် လက်ရှိနေထိုင်လျက်ရှိသူမှာ ၎င်းအပါအဝင် ငါးဦးသာရှိသည်။
“အခက်ခဲဆုံးအချိန်ကာလကတော့ မတ်လဝန်းကျင်လောက်ကပါပဲ။ အဲဒီတုန်းကဆိုရင် ရာသီဥတုက အေးခဲနေပြီး ဒေသအနှံ့မှာ တစ်ရက်ကို ဗုံးအလုံး ၇၀ လောက် ကြဲချခံခဲ့ရပါတယ်” ဟု မန်ဇိုဆော့ဗ်က ဆိုသည်။
သို့ရာတွင် ၎င်းဒေသ၌ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် စျေးဆိုင်အချို့ ပြန်ဖွင့်နေပြီဖြစ်ရာ ၎င်းအနေဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်အခြေအနေတစ်ခုကို မျှော်လင့်ထားဆဲဖြစ်သည်။
“ကျွန်တော်က မြေညီထပ်မှာနေတော့ ကျွန်တော်နေတဲ့ အဆောက်အအုံ ထိမှန်သွားရင်တောင် သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။ တစ်ခုခုဖြစ်လာလို့ အပျက်အစီးတွေကြားထဲ ရောက်သွားခဲ့ရင်တောင် ကျွန်တော့်အိပ်ရာဘေးမှာ ရေတစ်ဘူးနဲ့ လက်နှိပ်ဓာတ်မီး အမြဲဆောင်ထားပါတယ်” ဟုလည်း သူက ပြောကြားခဲ့သည်။ Ref:AFP










