အတက်ကြမ်းနေတဲ့ ဒေါ်လာနဲ့ ရွှေ၊ အတက်အဆင်းမငြိမ်တဲ့ စက်သုံးဆီ

အတက်ကြမ်းနေတဲ့ ဒေါ်လာနဲ့ ရွှေ၊ အတက်အဆင်းမငြိမ်တဲ့ စက်သုံးဆီ
စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မော်တော်ယာဉ်အချို့နှင့် စက်သုံးဆီစျေးနှုန်းဆိုင်းဘုတ်ကို ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
စက်သုံးဆီဆိုင်တစ်ဆိုင်တွင် မော်တော်ယာဉ်အချို့နှင့် စက်သုံးဆီစျေးနှုန်းဆိုင်းဘုတ်ကို ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 1 August 2022
ဇော်မင်းနိုင်

ဇူလိုင်လလယ်ပိုင်းက စတင်ပြီး ဒေါ်လာနဲ့ ရွှေစျေးနှုန်းတွေက မြင့်တက်လာခဲ့ပြီးတော့ စက်သုံးဆီစျေးနှုန်းတွေကတော့ ငြိမ်သက်မှုမရှိသေးဘူးလို့ စျေးကွက်အတွင်းမှ သိရပါတယ်။

ဇူလိုင်လဆန်းပိုင်းက တစ်ကျပ်သားကို ကျပ်သိန်း ၂၀ ကျော်သာရှိခဲ့တဲ့ ရွှေစျေးနှုန်းက လလယ်ပိုင်းကစပြီး ကျပ် ၂၁ သိန်းကို စတင်ရောက် ရှိခဲ့ပြီး လကုန်ပိုင်းမှာ ဆိုရင်တော့ ကျပ် ၂၂ သိန်းကျော်ကို ရောက်ရှိလာပါတယ်။ အလားတူပဲ ဒေါ်လာစျေးနှုန်းမှာလည်း လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ဝန်းကျင်မှာပဲ ရှိနေတာကနေ လလယ်ပိုင်းမှာဆိုရင်တော့ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး လကုန်ပိုင်းမှာ ကျပ် ၂၅၀၀ ကျော်မှာရှိနေတာပဲဖြစ်ပါတယ်။

စျေးနှစ်မျိုးဖြစ်တဲ့ ဒေါ်လာနဲ့ ရွှေ

ရွှေစျေးနှုန်းဆိုရင်တော့ ရန် ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ စျေးတစ်မျိုးရှိ ပြီးတော့ ပြင်ပစျေးကွက်မှာက စျေး နှုန်းတစ်မျိုးဖြစ်နေပါတယ်။

“အန်ကယ်တို့ကကျတော့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ တစ်ဒေါ်လာ ကို ၁၈၅၀ ပေါ်မှာ မူတည်ပြီး စျေးသတ်မှတ်တာ” လို့ ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ရွှေပေါက်စျေးတွေကို ထုတ်ပြန်ပေးခဲ့ပြီးတော့ လက်ရှိအချိန်အထိ ရွှေတစ်ကျပ်သားကို ကျပ်သိန်းနှစ်ဆယ်ခြောက်သောင်းလို့သာ သတ်မှတ်ထားပါတယ်။

ရွှေအရောင်းအဝယ်ပြုလုပ်ရ မှာလည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ကျပ်ငါးထောင်အကွာမှာပဲ အရောင်းအဝယ်ပြုလုပ်ဖို့ မေ ၄ ရက်မှာ အသင်းက ထုတ်ပြန်ထားပါတယ်။

မေ ၄ ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ရွှေကုန်သည်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဆုံးဖြတ်ချက် ငါးရပ်ကို ချမှတ်ထားခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ငါးရပ်က ရွှေစျေးကွက်အတွင်း ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ရန်၊ ရွှေဆိုင်နှင့် ရွှေကုန်သည် များမှ YGEA ရွှေစျေးနှုန်း၏ ကျပ် ၅၀၀၀ ပေါင်းထည့်ပြီး ရောင်းဝယ်ခြင်းကို ဆောင်ရွက်ရန်၊ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေးအတွက်တင်ပြရန်၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်များ နှင့်ဆက်သွယ်ပြီး ရွှေဝယ်ယူမှုကို ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည် နယ်အသင်းများနှင့် ဆက်သွယ်၍ တားဆီးဆောင်ရွက်ရန်တို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စျေးကွက်ပြင်ပပေါက်စျေးက ရွှေအသင်းက ထုတ်ပြန်တဲ့စျေးနှုန်းနဲ့ အဆမတန် ကွာဟနေပြီးတော့ အရောင်းအဝယ် ပြုလုပ်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

“စျေးကွက်ထဲမှာက စျေးနှစ် မျိုးဖြစ်နေတာပေါ့။ ရွှေအသင်းက ထုတ်တဲ့စျေးနဲ့ ပြင်ပစျေး။ ပြင်ပမှာတော့ ရွှေအသင်းကစျေးနဲ့ အရောင်းအဝယ်မဖြစ်ဘူး။ အပြင်စျေးနဲ့ပဲ အရောင်းအဝယ် လုပ်နေကြရတယ်” လို့ ရွှေစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိစျေးတွေ မြင့်တက်နေတာကတော့ စျေးကွက်ထဲမှာ ရွှေကိုင်ထားတဲ့သူတွေ များလာတာဖြစ်သလို ရွှေလိုက်ဝယ်ကြတဲ့သူတွေ လည်းရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ စျေးကွက်ထဲမှာတော့ အရောင်းအဝယ်တွေက အေးနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ရွှေကလည်း အရောင်းအဝယ် ပြတ်နေတယ်။ ရွှေက တကယ်သွားဝယ်ရင် ဝယ်လို့မရတော့ဘူး။ ဆိုင်တွေမှာရော၊ ကိုင်ထားတဲ့သူတွေက ရောမရောင်းတော့ဘူး။ အပြင်က ဒေါ်လာစျေးက တက်လာပြန်ရင် အဲဒီစျေးနဲ့ ခေါ်နေပြန်ရော။ ခေါ်သာခေါ်နေတာ အရောင်းအဝယ်က မရှိပါဘူး” လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

ရွှေအသင်းမှာလည်း အရောင်းအဝယ် နည်းပါးနေပြီးတော့ လာရောက်ရောင်းချသူအနည်းငယ်သာရှိနေတယ်လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။

“အခုက စုတဲ့သူများလာတဲ့ သဘောပေါ့။ ရွှေပြန်စုတဲ့သူ များသွားပြီ” လို့ ဦးမျိုးမြင့်က ပြောပါတယ်။

ရွှေစျေးလိုပဲ ဒေါ်လာစျေးကလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ သတ်မှတ်စျေးကတော့ တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ဖြစ်ပေမဲ့ ပြင်ပစျေးကွက်မှာတော့ တစ်ဒေါ်လာကို ကျပ် ၂၅၀၀ ကျော်ဖြစ်နေပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီး မကြာမီမှာပဲ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း နှုန်းရှင်နဲ့ သတ်မှတ်ထားတဲ့စနစ်ကို ဖျက်သိမ်းလိုက်ပြီးတော့ တရားဝင်ငွေလဲနှုန်းကို သတ်မှတ်လိုက်ပါတယ်။

အဲဒီလို လုပ်ကိုင်မှုက မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုမှာ ယခင်ရရှိပြီးသား တိုးတက်မှုတွေကို ပြောင်းပြန် လှန်ပစ်လိုက်သကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းရှင်ထားရှိမှုကို ဖယ်ရှားလိုက်ကာ စျေးကွက် ဝယ်လိုအားနဲ့ ရောင်းလိုအားတို့ကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ တရားဝင်နိုင်ငံခြားငွေလဲလှယ်နှုန်း နှုန်းသေကို သတ်မှတ်ခဲ့တာလို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံခြားငွေလဲလှယ်မှုဖိအားကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားငွေလဲလှယ်ရာမှာ ကန့်သတ်ချက်တွေ ဆက်လက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကတော့ အမေရိကန်ဒေါ်လာရှားပါးမှု ဖြစ်ပေါ်စေခဲ့ပြီး တရားဝင်သတ်မှတ်နှုန်းနဲ့ ပြင်ပစျေးကွက်ပေါက်စျေးက (ဇူလိုင်လလယ်တွင် စျေးနှုန်း ကွာဟမှုမှာ ရာခိုင်နှုန်း ၂၀ အထိ ဖြစ်ပေါ်ခဲ့သည်) ကွာဟမှု ကြီးထွားလာခဲ့ပါတယ်။

နိုင်ငံပြင်ပကို စီးထွက်နေတဲ့ ဒေါ်လာကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက်တွေ၊ အမိန့်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့အပြီးမှာတော့ ဒေါ်လာစျေးက မြင့်တက်လာခဲ့တာလို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒေါ်လာစျေးက တက်နေပေမဲ့ နိုင်ငံခြားငွေစျေးကွက်ထဲမှာတော့ အရောင်းမရှိသလောက်ဖြစ်နေတဲ့အတွက်ကြောင့် အချို့ငွေလဲကောင်တာတွေ ပိတ်ထားရတဲ့အခြေအနေတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဒေါ်လာအရောင်းအဝယ် စျေးကွက်မှ သိရပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးတဲ့နောက်မှာတော့ လက်ရှိစျေးကွက်အတွင်းမှာ ဒေါ်လာစျေးနှုန်းက ကြိုက်ရောင်းကြိုက် ဝယ်စျေးကွက် အသွင်ဆောင်နေပြီးတော့ စျေးနှုန်းတွေကလည်း မငြိမ်သေးတဲ့အခြေအနေမှာ ရှိပါတယ်။

အတက်အဆင်းမငြိမ််တဲ့ စက်သုံးဆီစျေး

ဇူလိုင်လထဲမှာပဲ ကျပ် ၁၇၀၀ အောက်ကို ဆင်းခဲ့တဲ့ စက်သုံးဆီစျေးက ဇူလိုင်လကုန်ပိုင်းမှာတော့ တစ်လီတာကို ၁၈၂၀ ကိုပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဇူလိုင် ၂၃ ရက်က အနိမ့်ဆုံး စျေးအဖြစ် ဓာတ်ဆီ ၉၂ တစ်လီတာ ၁၆၆၅ ကျပ်စျေး၊ ၉၅ တစ်လီတာ ၁၇၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၁၀၀ ကျပ်ဝန်းကျင်အထိ သုံးလအတွင်း စျေးအနိမ့်ဆုံး ကျဆင်းခဲ့တာပါ။

စက်သုံးဆီ အမြင့်ဆုံးစျေး အဖြစ် ၉၂ တစ်လီတာလျှင် ၂၂၇၅ ကျပ်စျေး၊ ၉၅ တစ်လီတာလျှင် ၂၃၇၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၇၀၀ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံးစျေးတက်ခဲ့ပါတယ်။

ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ စက်သုံးဆီစျေးက တည်ငြိမ်မှုမရှိခဲ့ ဘဲနဲ့ တက်ရိပ်ပြလာတဲ့သဘောလည်း ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေတဲ့ ရုရှား- ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီစျေးနှုန်းကလည်း အတက်အကျမငြိမ်ဘဲ ပြည်တွင်းမှာလည်း စက်သုံးဆီစျေးနှုန်းက တည်ငြိမ်တဲ့အခြေအနေမှာ မရှိသေးပါဘူး။

“တစ်ရက်တစ်ရက် ဆီစျေး လိုက်ကြည့်နေရတာလည်း အလုပ်တစ်ခုလိုဖြစ်နေတယ်။ ဒီနေ့စျေးထက် ပိုတက်မလား။ ပိုကျမလားဆိုတာကို လိုက်ကြည့်နေရတယ်။ အလုပ်ကလည်း ကားမောင်းတာဆိုတော့ ဆီစျေးကိုအမြဲတမ်း ကြည့်နေရတာ”လို့ မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောပါတယ်။

ယခင်က ဗဟိုဘဏ်မှဒေါ်လာကို စက်သုံးဆီလုပ်ငန်းရှင်တွေထံ ရောင်းချပေးနေပြီး စက်သုံးဆီစျေး ကျဆင်းအောင် လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်မီက စက်သုံးဆီစျေးနှုန်းတွေကတော့ ၉၂ တစ်လီတာ ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်မှာရှိခဲ့ပါတယ်။

စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံပြီးတော့ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေကတစ်ဆင့် တင်သွင်းနေတာ ဖြစ်ပါတယ်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့် တင်သွင်းနေရပြီးတော့ ၁၀ ရာ ခိုင် နှုန်းခန့်သာ ပြည်တွင်းက ထုတ်လုပ်နိုင်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။               

Most Read

Most Recent