(၁) နေပြည်တော်မှာ ဇူလိုင် ၂၆ရက် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးလည်း တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
ဦးခင်မောင်ဦးအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို အဲဒီပွဲမှာ ရှင်းလင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်ထဲမှာ လုပ်ငန်းစဉ်(၁)ဖြစ်တဲ့ မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင် ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင် သွားမယ်ဆိုတဲ့ အချက်နဲ့ လုပ်ငန်းစဉ် (၅) ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုတဲ့ အချက်တွေဟာ ကော်မရှင်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေဖြစ်တယ်လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတွေကို ဦးခင်မောင်ဦးက ရှင်းလင်းရာမှာ နိုင်ငံရေးပါတီတွေကို စစ်ဆေးဆောင်ရွက်တဲ့ အခြေအနေ၊ မဲဆန္ဒရှင်စာရင်းနဲ့ UEC က လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်တွေကို အဓိကထားပြီး ပြောကြားသွားတာ တွေ့ရပါတယ်။
(၂) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ တရားဝင် ပြောကြားထားပါတယ်။
ဒါကြောင့်လည်း UEC အနေနဲ့ လက်ရှိမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆိုပါတယ်။
နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ လေးကြိမ်တိတိ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ရွေးကောက်ပွဲဒီဇိုင်း အပါအဝင် မဲဆန္ဒနယ်မြေ သတ်မှတ်ရေးကိစ္စတွေကို အစုအဖွဲ့အလိုက် ဆောင်ရွက်ခဲ့ပြီးပြီလို့ သိရပါတယ်။
“ပါတီတွေအနေနဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေ လေးကြိမ်တွေ့ဆုံတဲ့နေရာမှာ အများစုက တက်ရောက်ပြီး ရွေးကောက်ပွဲစနစ်အပါအဝင် တခြားကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိပါတယ်” လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲဒီဇိုင်းကိုလည်း UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပြီး လာမယ့်ရွေးကောက်ပွဲမှာ တွေ့ဆုံညှိနှိုင်းရာမှာ နိုင်သူအကုန်ယူစနစ် (FPTP) အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့နဲ့ မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအပါအဝင် ရွေးကောက်ပွဲ အတွေ့အကြုံအရ စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Close List PR) ကို ကျင့်သုံးဖို့ နိုင်ငံရေးပါတီတွေက သဘောတူထားပါတယ်။
နောက်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးဖို့ သေချာသလောက်ရှိနေပြီး ခြွင်းချက်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော် ခြောက်နေရာနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်နေရာတွေကိုတော့ နိုင်သူအကုန်ယူစနစ် (FPTP)ကို ကျင့်သုံးသွားဖို့ ရှိတယ်လို့ UEC က ဆိုထားပါတယ်။
လက်ရှိမှာ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းတွေကို တိုင်းဒေသကြီး/ပြည် နယ်တွေမှာရှိတဲ့ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်မှာ ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၆ ရက်အထိ ဆောင်ရွက်ပြီး ၂၉၈ မြို့နယ်၊ ဆောင်ရွက်ဆဲ ၁၄ မြို့နယ်နဲ့ ၁၃ မြို့နယ်ကတော့ဆောင်ရွက်ဖို့ ကျန်နေပါတယ်။
ဆောင်ရွက်ဖို့ကျန်တဲ့ မြို့နယ်တွေကတော့ ကယားပြည်နယ်က နှစ်မြို့နယ်၊ ချင်းပြည်နယ်က ခုနစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက လေးမြို့နယ်တို့ဖြစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
(၃) ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် UEC ရဲ့ ပြင်ဆင်မှုတွေထဲမှာ နိုင်ငံရေးပါတီတွေကို စစ်ဆေးခြင်းဆိုတဲ့ ကိစ္စရပ်လည်း ပါဝင်ပါတယ်။
UEC အနေနဲ့ နိုင်ငံရေးပါတီတွေကို ၂၀၂၁ ခုနှစ် သြဂုတ်လကနေ စတင်ပြီး စစ်ဆေးခဲ့တာပါ။
ဒီလိုစစ်ဆေးရာမှာ အရင်က မစစ်ဆေးနိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေကို စစ်ဆေးဖို့ လိုအပ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွ ဲကော်မရှင်ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတွေရဲ့ စာရင်းတွေကို စစ်ဆေးဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဦးခင်မောင်ဦးက ရှင်းပြပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၁၈) မှာ ပါတီတစ်ခုရဲ့ စာရင်းတွေကို စစ်ဆေးဖို့ လိုအပ်ပါက ကော်မရှင်က စစ်ဆေးနိုင်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကလည်း စစ်ဆေးစေနိုင်ကြောင်း၊ ဒီလိုစစ်ဆေးရာမှာ ကော်မရှင် ဒါမှမဟုတ် ကော်မရှင်အ ဖွဲ့ခွဲဟာ အစိုးရဌာန၊ အဖွဲ့အစည်းတွေဆီကနေ အကူအညီရယူနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေနဲ့အညီ စစ်ဆေးရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ ဦးဆောင်ပြီး သက်ဆိုင်ရာ အစိုးရ၊ ဌာန၊ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီ၊ ဌာနချုပ် အခြေစိုက်တဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ စစ်ဆေးဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးပါတီတွေကို စစ်ဆေးရာမှာ နိုင်ငံရေးပါတီတွေရဲ့ ဖွဲ့စည်းမှု၊ ပါတီဝင်အင်အားစာရင်းနဲ့ ပါတီရုံးခန်းတွေ ဖွင့်လှစ်မှုတွေကို စစ်ဆေးခြင်း၊ ပါတီဝင်ကြေး၊ လစဉ်ကြေးများ၊ ပြည်တွင်းအလှူရှင်များက လှူဒါန်းထားတဲ့ ငွေကြေး၊ ပစ္စည်းစာရင်းနဲ့ ပါတီပိုင် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းနဲ့အညီ သတ်မှတ်ထားတဲ့ အသုံးစရိတ်များ သုံးစွဲခြင်း ရှိ မရှိ စစ်ဆေး ခြင်း၊ ပါတီပိုင်ရန်ပုံငွေ၊ ပါတီပိုင် ပစ္စည်းများနဲ့ပတ်သက်တဲ့ စာရင်းဇယား၊ မှတ်တမ်းများကို စနစ်တကျ ပြုစုထိန်သိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်တွေကို စနစ်တကျပြုစုထိန်းသိမ်းထားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ပါတီရဲ့ နှစ်စဉ်ငွေစာရင်းရှင်းတမ်းတွေကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ အဲဒီစာရင်းတွေကို ပါတီတွင်း စာရင်းစစ်ကော်မတီ ထားရှိစစ်ဆေးခြင်း၊ ပါတီစည်းမျဉ်းစည်းကမ်းနဲ့အညီ အတည်ပြုချက် ရယူခြင်းတို့ ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်းနဲ့ လိုအပ်တဲ့ စာရင်းဇယားတွေကို စစ်ဆေးခြင်းတွေကို UEC က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
(၄) လက်ရှိမှာ UEC အနေနဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီကို စစ်ဆေးပြီးစီးသွားပြီလို့ သိရပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လကနေ ဒီဇင်ဘာလအထိ စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၅၁ ပါတီ ရှိတယ်လို့ UECက ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လ (တတိယပတ်အထိ) စစ်ဆေးခဲ့တဲ့ နိုင်ငံရေးပါတီ ၃၅ ပါတီ ရှိတဲ့အတွက် စုစုပေါင်း နိုင်ငံရေးပါတီ ၈၆ ပါတီကို စစ်ဆေးပြီးစီးခဲ့တာပါ။
UEC က စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီထဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)လည်း ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ဆိုပါတယ်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (က) နဲ့အညီ ၃၀.၆.၂၀၂၂ မတိုင်မီ လာရောက်အစစ်ဆေးခံဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာနဲ့ အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ သတ်မှတ်ကာလဖြစ်တဲ့ ဇွန် ၃၀ ရက်မှာ လာရောက် အစစ်ဆေးခံတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ ဦးဆောင်ပြီး ဌာနဆိုင်ရာ ကိုယ်စားလှယ်များပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့နဲ့ တောင်ကြီးမြို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
UEC က စစ်ဆေးပြီးစီးခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲကမှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီဟာ ပါတီဖျက်သိမ်းခဲ့ပါတယ်။
“စစ်ဆေးပြီးတဲ့ နိုင်ငံရေးပါတီအနက်က အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက မိမိသဘောဆန္ဒအလျောက် ပါတီဖျက်သိမ်းခွင့်ပြုဖို့ တင်ပြတဲ့အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးခဲ့တဲ့အတွက် မှတ်ပုံတင်ခြင်းကနေပယ်ဖျက်ပြီး ပါတီဖျက်သိမ်းကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်” လို့ ဦးခင်မောင်ဦးက ဆိုပါတယ်။
UEC စစ်ဆေးခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံလို့ဆိုပြီး မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း မေ ၃ ရက်မှာ UECက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီအနေနဲ့ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို သတ်မှတ်ရက်အတွင်း အစစ်ဆေးမခံတာကြောင့် UEC ရဲ့ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (ဂ) အရ ယာယီရပ်ဆိုင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၄ (က) နဲ့အညီ စစ်ဆေးခံရန် ကာလသတ်မှတ်၍ ညွှန်ကြားခဲ့သော်လည်း ထပ်မံပျက်ကွက်တဲ့အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၂၄ (ဂ) အရ ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို တစ်နှစ်ယာယီရပ်ဆိုင်းရန်နဲ့ ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း ကော်မရှင်က ညွှန်ကြားထားသော ပါတီပိုင် ရန်ပုံငွေကြေး၊ ပစ္စည်းစာရင်းများ အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ခြင်းမှအပ ကျန်လုပ်ငန်းများ ရပ်ဆိုင်းထားဖို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဃ) အရ ညွှန်ကြားထားပါတယ်”လို့ မေ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ဦးခင်မောင်ဦးက ပြောကြားထားပါတယ်။
လက်ရှိ တည်ဆဲပါတီ ၉၂ ပါတီ ရှိတဲ့အနက် ၈၅ ပါတီ စစ်ဆေးပြီး ဖြစ်ပါတယ်။
စစ်ဆေးဖို့ ခုနစ်ပါတီ ကျန်ရှိပြီး ဆက်လက် စစ်ဆေးသွားမယ်လို့ UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။
UEC က စစ်ဆေးဖို့ ကျန်သေးတဲ့ နိုင်ငံရေးပါတီ ခုနစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ကယန်းအမျိုးသားပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချင်းတိုင်းရင်းသားများပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။
“စစ်ဆေးရန်ကျန် အချို့ပါတီအနေနဲ့ နယ်မြေလုံခြုံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အခက်အခဲရှိကြောင်း သိရတဲ့အတွက် ဒီပါတီတွေနဲ့ ဆက်လက် ညှိနှိုင်းစစ်ဆေးရေးဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ မေ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ဦးခင်မောင်ဦးက ဆိုတယ်။
UEC အနေနဲ့ စစ်ဆေးဖို့ ကျန်ရှိနေတဲ့ နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အစစ်ဆေးခံဖို့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းမယ်ဆိုပြီး ဧပြီ ၂၇ ရက်က သတင်းစာရှင်းလင်း ပွဲမှာ UEC က ပြောကြားထားပါတယ်။
(၅) UECအနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးရာမှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ တွေ့ရှိခဲ့ရတယ်လို့ ဦးခင်မောင်ဦးက မှတ်ချက်ပြုပါတယ်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေအနေနဲ့ တွေ့ရှိတဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို နိုင်ငံရေး ပါတီတွေဆီ အသေးစိတ်မှာကြားခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့်လည်း UEC က နောင်တစ်ကြိမ်စစ်ဆေးရာမှာ ဒီအားနည်းချက်၊ ချို့ယွင်းချက်တွေကို ထပ်မံတွေ့ရှိပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနဲ့အညီ အရေးယူမယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။
“ဒီနေရာမှာ အလေးထားပြီး တင်ပြလိုတာက ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေဟာ နိုင်ငံရေးပါတီတွေကို စစ်ဆေးတဲ့နေရာမှာ တွေ့ရှိ ရတဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို အသေးစိတ်မှာကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နောင်တစ်ကြိမ်စစ်ဆေးရာမှာတော့ အလားတူ အားနည်းပျက်ကွက်မှုတွေ တွေ့ရှိပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်တယ်လို့ အသိပေးလိုပါတယ်”လို့ ၎င်းက ခပ်ပြတ်ပြတ် ပြောပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေကို အသစ်ပြဋ္ဌာန်းဖို့ UEC က ဆောင်ရွက်နေပါတယ်။ ဘယ်လိုပုဒ်မတွေ ထည့်သွင်း ပြဋ္ဌာန်းမယ်ဆိုတာကိုတော့ ဦးခင်မောင်ဦးက မပြောခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေ အသစ်ပြဋ္ဌာန်းပြီးရင်တော့ နိုင်ငံရေးပါတီတွေ ထပ်မံတိုးပွားလာမယ်လို့ ၎င်းက ဆိုပါတယ်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်ထားပါတယ်။ ဒီဥပဒေ၊ နည်းဥပဒေအသစ် ပြဋ္ဌာန်းထုတ်ပြန်ပြီးပြီဆိုရင်လည်း နိုင်ငံရေးပါတီတွေ ထပ်မံပြီး တိုးပွားလာမယ့်အနေအထားရှိနိုင်တယ်လို့လည်း သုံးသပ်ရပါတယ်”လို့ ၎င်းက သုံးသပ်ပြောကြားပါတယ်။










