အိုမီခရွန်မျိုးကွဲဘီအေဖိုးနဲ့ ဘီအေဖိုက်က စိုးရိမ်ရသလား

အိုမီခရွန်မျိုးကွဲဘီအေဖိုးနဲ့ ဘီအေဖိုက်က စိုးရိမ်ရသလား
Published 31 July 2022
ဒေါက်တာလွင်သန့်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ကတရုတ်နိုင်ငံဝူဟန်မြို့ကစတင်ခဲ့တဲ့ကိုဗစ်(SARS COV2)ဗိုင်းရပ်ကိုဗစ်ကပ်ရောဂါဟာ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ ရက်အထိ တစ်ကမ္ဘာလုံးကိုဗစ်လူနာ ၅၇၆ သန်း၊ သေဆုံး ၆ ဒသမ ၄ သန်း၊ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၆၁၃၉၆၆ ဦးနဲ့ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၁၉၄၃၄ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ 

ကိုဗစ်တတိယလှိုင်းဒယ်တာမျိုးကွဲကို ၂၀၂၁ ခုနှစ် ဇူလိုင်လခံစားခဲ့ရစဉ်ကမြန်မာအပါအဝင်နိုင်ငံများ ကူးစက်မှုနဲ့သေဆုံးနှုန်းမြင့်မားခဲ့ပါတယ်။ ဒယ်တာပြီးအိုမီခရွန်စတုတ္ထလှိုင်းမှာကိုဗစ်(COVID-19)ကာကွယ်ဆေးထိုးနှံပြီးတဲ့ရလဒ်ကြောင့်ကူးစက်ပျံ့နှံ့မှုမြင့်မားပေမဲ့ ရောဂါပြင်းထန်မှု၊အောက်ဆီဂျင်ရှူရမှု၊ဆေးရုံတက်ရမှု၊သေဆုံးမှုနည်းခဲ့ပါတယ်။

 ခုဆို အိုမီခရွန်ဘီအေဖိုး(BA-4)နဲ့ဘီအေဖိုက်(BA-5) ဟာ အမေရိကန်၊ဗြိတိန်၊ဩစတြေးလျ၊ဥရောပတစ်လွှားပြန်လည်ဖြစ်ပွားလာရာ မြန်မာနိုင်ငံကယခင်ဒယ်တာတတိယလှိုင်းတုန်းကလိုခံစားရမှာစိုးရိမ်နေကြပါတယ်။မြန်မာနိုင်ငံအနေနဲ့ယခုဘီအေဖိုး(BA-4)နဲ့ဘီအေဖိုက်(BA-5)တွေ့တာကပြည်ပပြန်လာသူတွေကွာရင်တန်း(Q-Quarintine)ထားပြီးကိုဗစ်စစ်တဲ့အခါတွေ့ရှိတာဖြစ်တဲ့အတွက်အရမ်းစိုးရိမ်စရာမရှိပါဘူး။ ပြည်ပနိုင်ငံကနေလေကြောင်းလိုင်းနဲ့ဝင်လာတဲ့ခရီးသည်တွေ၊ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ဝင်လာတဲ့သူတွေမှာ တွေ့ရတဲ့ဓာတ်ခွဲနမူနာတွေကိုတောက်လျှောက်စမ်းသပ်စစ်ဆေးနေတာ ဒယ်တာ၊ အိုမီခရွန်ဘီအေတူး(BA-2)၊ ဘီအေဖိုး (BA-4)၊ ဘီအေဖိုက်(BA-5) များပါတယ်။

 ပြည်တွင်းကူးစက်မှုတို့၊ ပြည်တွင်းမဝင်ရောက်အောင်တို့ တတ်နိုင်သမျှဆောင်ရွက်နေတာတွေ့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်၊ထပ်ဆင့်မြှင့်ကာကွယ်ဆေး(Booster) နှစ်ကြိမ်ထိုးနှံပြီး ကိုဗစ်စည်းမျဉ်းတွေဖြစ်တဲ့နှာခေါင်းစည်း(Surgical Mask)တပ်ခြင်း၊ လက်ကိုရေ၊ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းစေခြင်းတို့လိုက်နာရမှာဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားလျော့နည်းနေတဲ့ ဆီးချို၊ သွေးချို၊နှလုံးသွေးကြော၊ သွေးတိုးရောဂါရှိသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေမပျက်မကွက်ကိုဗစ်(COVID-19)ကာကွယ်ဆေးထိုးနှံရမှာဖြစ်ပါတယ်။ နှာခေါင်းစည်း (Mask) တွေမချွတ်သင့်ဘူး။

 ကိုဗစ်စင်တာ(COVID Center)၊ ဆေးရုံတွေမှာကိုဗစ်(COVID-19)လူနာများကုသနိုင်အောင်စီစဉ်ထားရှိပါတယ်။ပြည်သူ့ဆေးရုံလက်ခံနိုင်တဲ့ပမာဏတွေ၊အောက်ဆီဂျင်ရရှိမှုပမာဏ၊ဆေးဝါးကုသနိုင်မယ့်အခြေအနေ၊ကာကွယ်ရေးနည်းလမ်းတွေ၊ဆေးဝါးပစ္စည်းတွေ၊ကုသနိုင်မယ့်နည်း(Guide Line)တွေချမှတ်ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒယ်တာတတိယလှိုင်းတုန်းကခံစားရပြီဖြစ်လို့ကိုဗစ်(COVID-19)ကအသစ်အဆန်းမဟုတ်ပါဘူး။ အတွေ့အကြုံလည်းရရှိထားပါပြီ။ အရင်လိုအများကြီးကူးစက်မှုမရှိတာ "ကာကွယ်ခြင်းသည်ကု သခြင်းထက်ကောင်းသည်" ဆိုတဲ့ ကိုဗစ်ကာကွယ်ဆေးကိုယ့်အလှည့်ရောက်လို့ထိုးနှံမှုတွေဟာ ဆေးရုံတက်တာ၊ပြင်းထန်တာ၊ အောက်ဆီဂျင်ရှူရတာ၊သေဆုံးတာဖြစ်နိုင်ဖို့နည်းသွားစေပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးကာကွယ်မယ့်ကိုဗစ်စည်းမျဉ်းများကိုလည်းလိုက်နာရမှာပဲဖြစ်ပါတယ်။

ခုအချိန်ကိုဗစ်(COVID-19)ရောဂါကူးစက်ခံရလို့ဆေးရုံတက်ရတဲ့လူနာတော်တော်နည်းပါးလာပါပြီ။တရုတ်၊ဗီယက်နမ်၊ဂျပန်၊ကိုရီးယား၊ထိုင်းမှာတော့ဘီအေဖိုက်(BA-5)မျိုးကွဲက ပျံ့နှံ့ဖြစ်ပွားနေပါတယ်။ မြန်မာနိုင်ငံကိုလည်းအချိန်မရွေးရောက်လာနိုင်ပါတယ်။ ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်နေတာရှိပါတယ်။

ဘီအေဖိုး(BA-4)၊ဘီအေဖိုက်(BA-5)လက္ခဏာတွေက မူလအိုမီခရွန်ရဲ့လက္ခဏာနဲ့ကွာခြားတာမျိုးမရှိပါဘူး။ ခေါင်းကိုက်တာ၊လည်ချောင်းနာတာ၊နားလေးတာ၊ပင်ပန်းနွမ်းနယ်တာ၊နှာစေးတာ၊ ချောင်းခြောက်ဆိုးတာ၊ အနံ့မရတာ၊ ပင်ပန်းနွမ်းလျတာ၊ မကြာခဏနှာချေသလိုတုပ်ကွေးရောဂါလက္ခဏာတွေလိုဖြစ်တတ်ပါတယ်။

 အိုမီခရွန်မျိုးစိတ်ထဲကဖြစ်တဲ့အတွက်ရောဂါလက္ခဏာပြင်းထန်ပါတယ်။ရောဂါလက္ခဏာက မူလအိုမီခရွန်နဲ့သိပ်မကွာပါဘူး။ကူးစက်တာတော့မြန်ဆန်ပါတယ်။ အိုမီခရွန်မျိုးကွဲဘီအေဖိုး(BA-4)၊ဘီအေဖိုက်(BA-5)ကမူလ အိုမီခရွန်မျိုးကွဲထက်ကူးစက်မှုပိုမြန်ပေမဲ့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူတွေမှာရောဂါလက္ခဏာပြင်းထန်တာ၊ ဆေးရုံတက်ရတာ၊ အောက်ဆီဂျင်ရှူရတာ၊သေဆုံးတာ၊ကူးစက်မှုမြန်တာလျော့နည်းတာကိုတွေ့ရပါတယ်။

တရုတ်နိုင်ငံ၊ ဟောင်ကောင်၊မကာအိုဒေသတွေမှာ ကိုဗစ်လုံးဝကင်းစင်ရေး(Zero Covid)စီမံကိန်းကရေရှည်မှာမဖြစ်နိုင်ဘဲ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး၊လူနေမှုဘဝသစ်(New Normal Life)ကိုရယူကာ အလုပ်မပျက်အိမ်ကနေလုပ်ကိုင်လာနိုင်သလိုအစားအသောက်နဲ့ဆေးဝါးအတွက်လည်းအွန်လိုင်း(Online)ကနေဝယ်ယူနိုင်ကာဖြန့်ဝေသူ(Delivery)ကနေတစ်ဆင့် ရောက်ရှိနိုင်တာကြောင့်အလုပ်မပျက်ရင်ဆိုင်လာနိုင်ပါတယ်။

 စိုးရိမ်ကြောက်လန့်ဖို့မလိုပါဘူး။ အခုချိန်မှာကိုဗစ်(COVID-19)နဲ့ပတ်သက်လို့ဒယ်တာ(Delta)တတိယလှိုင်းတုန်းကအသိလည်းရှိနေပြီဖြစ်ပါတယ်။

ကိုဗစ်(COVID-19)က ခုမှပေါ်လာတာလည်းမဟုတ်ပါဘူး။ ဘီအေဖိုး(BA-4)နဲ့ဘီအေဖိုက်(BA-5)ဆိုတာက အိုမီခရွန်ကနေပြီးနောက်ထပ်ထပ်ထွက်လာတဲ့မျိုးစိတ်အသစ်အဆန်းမဟုတ်ပါဘူး။ အိုမီခရွန်မိသားစုထဲကဘီအေဝမ်း(BA-1)၊ဘီအေတူး(BA-2)၊ဘီအေသရီး(BA-3)၊ဘီအေဖိုး(BA-4)၊ဘီအေဖိုက်(BA-5)ဆိုပြီးအဆင့်ဆင့်ထွက်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးပြည့်မီအောင်ထိုးနှံထားရင် ရောဂါပြင်းထန်မှုလျော့ကျပါတယ်။သွေးတိုး၊ဆီးချို၊နှလုံးရောဂါဘယ်သူမဆိုလူစုလူဝေးရှောင်နိုင်ရင်၊ နှာခေါင်းစည်း(Surgical mask)တပ်ခြင်း၊လက်ကိုဆပ်ပြာ၊ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊လေဝင်လေထွက်ကောင်းအောင်စီမံထားခြင်းတို့က ကူးစက်မှုနည်းအောင်တားဆီးနိုင်ပါတယ်။ တစ်ဖက်ကကူးစက်မှုဖြစ်လာခဲ့ရင်လည်းကာကွယ်ဆေးအပြည့်ထိုးနှံထားတာကြောင့် ရောဂါပြင်းထန်မှု၊ သေဆုံးမှုမရှိနိုင်ပါဘူး။

ဘီအေဖိုး(BA-4)နဲ့ ဘီအေဖိုက်(BA-5)ကနိုင်ငံတကာမှာ ကူးစက်မှုများနိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းရောက်လာနေပါတယ်။ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံထားရင်ရောဂါပြင်းထန်မှု၊သေဆုံးမှုမှကာကွယ်ထားနိုင်မှာပဲဖြစ်ပါတယ်။ အသက်ကြီးသူတွေ၊ဆီးချိုသွေးတိုးနှလုံးသွေးကြောရောဂါရှိသူတွေ၊ကိုယ်ဝန်ဆောင်တွေကိုပိုမိုဂရုစိုက်ပေးသင့်သလိုကျောင်းနေအရွယ်လူငယ်များအသက်(၅-၁၈)နှစ်ကြားကာကွယ်ဆေးထိုးနှံပေးဖို့လိုအပ်လာပါတယ်။ခုဆိုရင်ထပ်ဆင့်မြှင့်ကာကွယ်ဆေး(Booster Dose)အထိထိုးနှံနိုင်ပြီပဲဖြစ်ပါတယ်။

ဆားကိုဗီတူး(SARS COV2)နဲ့ဝမ်းကွဲဗိုင်းရပ်တွေကအေးခဲအသားများပေါ်မှာ ရက်ပေါင်း ၃၀ အထိရှင်သန်နေနိုင်တယ်လို့ကမ်ဘဲလ်တက္ကသိုလ်ပြည်သူ့ကျန်းမာရေးတွဲဖက်ပါမောက္ခ"အမ်မီလီဘိုင်လေ"ကဆိုပါတယ်။ ကိုဗစ်(COVID-19)ရောဂါကိုဖြစ်စေတဲ့တကယ့်ကိုရိုနာဗိုင်းရပ်စ်ကိုအသုံးပြုတာမျိုးမဟုတ်ဘဲအလားသဏ္ဌာန်တူတဲ့ဗိုင်းရပ်တွေနဲ့လေ့လာခဲ့တာဖြစ်ပါတယ်။အေးခဲထားတဲ့အသားပေါ်မှာသဏ္ဌာန်တူဗိုင်းရပ်ထားရှိပြီး ၃၉ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်ရှိတဲ့ရေခဲသေတ္တာရဲ့အနုတ် လေးဒီဂရီဖာရင်ဟိုက်အသီးသီးထားရှိလေ့လာခဲ့ရာ အေးခဲထားချိန်ရှင်သန်နိုင်စွမ်းရှိတာတွေ့ကြရပါတယ်။ဆားကိုဗီတူး(SARS COV2)ကလူတွေရဲ့အသက်ရှူလမ်းကြောင်းမှာသာမက အူလမ်းကြောင်းမှာပါ ပွားများနိုင်တာကိုသိရှိထားပြီးတဲ့နောက်အစားအစာတွေပေါ်ဗိုင်းရပ်တွယ်ကပ်ရှင်သန်မှုပို့ဆောင်မှုနဲ့ဖြန့်ချိမှုတွေမှာဗိုင်းရပ်သန့်စင်ရေးအတွက်အရေးကြီးတာကိုပြသပေးတဲ့လေ့လာတွေ့ရှိမှုလည်းဖြစ်တယ်လို့လေ့လာမှုဦးဆောင်သူ"အမ်မီလီဘိုင်လေ"ကဆိုပါတယ်။

ထပ်ဆင်မြှင့်ကာကွယ်ဆေး(Booster)ထိုးတာကကိုဗစ်အပြင်းစားဖြစ်ပွားမှုလျှော့ချနိုင်တဲ့အပြင်အရေပြားလေးဖက်နာအက်စ်အယ်အီး(SLE-Systemic Lupus Erythmatosis)ခံစားနေရသူတွေမှာ ကူးစက်နိုင်ခြေထက်ဝက်လျှော့ချနိုင်ကာ ရောဂါပြင်းထန်မှု၊ဆေးရုံတက်ရမှုနဲ့၊သေဆုံးမှုလျှော့ချနိုင်တယ်ဆိုပါတယ်။(SLE)လူနာတွေမှာ ထပ်ဆင့်မြှင့်ကာကွယ်ဆေး(Booster)(သို့မဟုတ်)တတိယမြောက်ကာကွယ်ဆေးထိုးနှံထားခြင်းက ကပ်ရောဂါကူးစက်မှုကနေအကာအကွယ်နှစ်ထပ်ပေးထားသလိုဖြစ်စေတယ်လို့"ဒေါက်တာအမစ်ဘေစီနာ"ကဆိုပါတယ်။နယူးယောက်မြို့က(SLE)အမျိုးသား၊အမျိုးသမီးလူနာ ၁၆၃ ဦးကိုဗစ်(COVID-19)

ကာကွယ်ဆေးထိုးနှံပြီးမှာလေ့လာခဲ့ကြတာဖြစ်ပြီး ၁၂၅ ဦးမှာ ထပ်ဆင့်မြှင့်ဆေး(Booster Dose)ထိုးနှံလေ့လာခဲ့ကြတာဖြစ်ပါတယ်။

 အမေရိကန်နဲ့တရုတ်မှာတော့ဘီအေဖိုက်(BA-5)မျိုးကွဲစိတ်ကူးစက်မှုများလာလို့ရောဂါစစ်ဆေးမှု၊ကျူ(Q-Quarintine)ထားရှိမှု၊ကုသမှုများပိုမိုဆောင်ရွက်သွားမယ်လို့အစိုးရအသီးသီးကဆိုပါတယ်။အမေရိကန်သမ္မတဂျိုးဘိုင်ဒင်မှာကိုဗစ်(COVID-19)ကူးစက်ခံရပြီးသီးခြားထားရှိကာအလုပ်များလုပ်ဆောင်နေရာကာကွယ်ဆေးထိုးနှံပြီးလည်းဖြစ်ပါတယ်။ 

Most Read

Most Recent