သီဟိုဠ်ကျွန်းပေါ်က ကျန်းမာရေးအကျပ်အတည်း

သီဟိုဠ်ကျွန်းပေါ်က ကျန်းမာရေးအကျပ်အတည်း
Photo: AFP
Photo: AFP
Published 28 July 2022
ရာဇ 

သီရိလင်္ကာတွင် အကြီးဆုံးဆေးရုံဖြစ်သည့် ကိုလံဘိုမြို့တော်ရှိ ပြည်သူ့ဆေးရုံကြီးတွင်  လူနာဆောင်အားလုံးသည် မှောင်မည်းနေပြီး လူသူမရှိသလောက်နီးပါး တိတ်ဆိတ် ခြောက်ကပ်နေသည်။ ဆေးရုံတွင် လူနာအနည်းငယ်သာကျန်ရှိနေပြီး ယင်းလူနာများသည်လည်း ဆေးဝါးကုသမှုမခံယူရဘဲ ဝေဒနာကိုသာ အံကြိတ်ခံစားနေရသည်။ ဆရာဝန်များပင် ၎င်းတို့၏တာဝန်ချိန်တွင် ဆေးရုံကို ရောက်ရှိမလာနိုင်ကြပေ။

နိုင်ငံအတွင်း မကြုံစဖူး စီးပွားရေးအကျပ်အတည်းသည် လွန်ခဲ့သည့်လပေါင်းများစွာက တောင်အာရှအိမ်နီးချင်းနိုင်ငံများက အားကျခဲ့ရသည့် သီရိလင်္ကာ၏ လူတိုင်းအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အထိနာစေသည့် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သည်။

ဆီးချိုနှင့် သွေးတိုးရောဂါကြောင့် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်နေသည့် ထရီဆာမေရီအမည်ရှိ အမျိုးသမီးသည် ကိုလံဘိုမြို့တော်ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလိုသော်လည်း ယင်းဆေးရုံ သို့သွားရန် မော်တော်ယာဉ်အခက်အခဲကြုံခဲ့ရသည်။

စီးစရာမော်တော်ယာဉ်များ ရှားပါးလွန်းသဖြင့် သုံးမိုင်အကွာအဝေးရှိသည့် လမ်းခရီးကို ထော့နဲ့ ထော့နဲ့ဖြင့် လမ်းလျှောက်သွားခဲ့ရသည်။ သူသည် လေးရက်အကြာတွင် ဆေးရုံမှ ဆင်းခဲ့သည်။ သို့သော်လည်း ဆေးရုံရှိ ဆေးပေးခန်းတွင် အစိုးရကထောက်ပံ့ပေးခဲ့သည့် ဆေးဝါးများ ပြတ်လပ်နေသဖြင့် သူသည်နာကျင်မှုဝေဒနာကို ခံစားခဲ့ရကာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ရန်ပင် ခက်ခဲခဲ့သည်ဟု ဆိုသည်။

“အပြင်ဆေးဆိုင်တွေကနေ ဆေးဝယ်ဖို့ ဆရာဝန်တွေက ကျွန်မကို ပြောပါတယ်။ ဒါပေမယ့် ကျွန်မမှာ ငွေမှမရှိတာ”ဟု အသက် ၇၀ အရွယ်ရှိပြီဖြစ်သည့် မေရီက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

“ကျွန်မ ဒူးတွေဆိုရင် ယောင်နေတုန်းပဲ။ ကိုလံဘိုမှာလည်း နေစရာအိမ်မရှိတော့ ဘယ်လောက်အထိ လမ်းလျှောက်ရဦးမလဲဆိုတာ မသိတော့ပါဘူး”ဟု မေရီက ပြောကြားခဲ့သည်။

ပုံမှန်အတိုင်းဆိုလျှင် ပြည်သူ့ဆေးရုံကြီးသည် သီရိလင်္ကာတစ်ကျွန်းလုံးပေါ်ရှိ ပြည်သူများကို လိုအပ်ပါက အထူးကုများဖြင့် ကုသပေးနိုင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ဝန်ထမ်းအရေအတွက် နည်းပါးလာပြီး ခုတင် ၃၄၀၀ ရှိ ဆေးရုံ၏ ခုတင်အများစုမှာလည်း အသုံးပြုသူမရှိသည့်အခြေအနေတွင် ရှိနေသည်။

ခွဲစိတ်ခန်းသုံးပစ္စည်းကိရိယာများနှင့် အသက်ကယ်ဆေးဝါးများမှာလည်း ကုန် ခန်းလုနီးပါးဖြစ်နေသည်။ နိုင်ငံအတွင်း ဆိုးရွားသည့် လောင်စာပြတ်လပ်မှုကြောင့် လူနာများနှင့် ဆရာဝန်များမှာလည်း ဆေးရုံသို့သွားရောက်ရန် ခက်ခဲနေသည်။

“ခွဲစိတ်ကုသမှုခံယူဖို့ ရက်ချိန်းယူထားတဲ့ လူနာတွေဟာ ဆေးရုံကို မလာနိုင်တော့ပါဘူး”ဟု အစိုးရ ဆေးဘက်ဆိုင်ရာ အရာရှိများအသင်းဝင်တစ်ဦးဖြစ်သူ ဒေါက်တာ ဝသန်ရတ္တနဆင်ဂမ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“တာဝန်ချိန်အပြောင်းအလဲမှာ အစားထိုးဝင်ရောက်ထမ်းဆောင်မယ့်သူတွေ မရှိတာကြောင့် တစ်ချို့ ဆေးဝန်ထမ်းတွေဆိုရင် သူတို့တာဝန်ချိန်ထက်ပိုပြီး အလုပ်ကို နှစ်ဆလောက် လုပ်နေကြရပါတယ်။ တာဝန်ကျတဲ့ ဝန်ထမ်းတွေဟာ ဆေးရုံကို မလာနိုင်ကြပါဘူး။ သူတို့မှာ ကားတွေရှိပေမယ့် ဆီက မရှိဘူးလေ“ဟု ဒေါက်တာ ဝသန်က ပြောကြားခဲ့သည်။

သီရိလင်္ကာသည် နိုင်ငံအတွင်း အသုံးပြုနေသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းစုုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်း ဆေးဝါးထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ ဝယ်ယူတင် သွင်းနေရသည့် နိုင်ငံဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် နိုင်ငံသည် စီးပွားရေးချွတ်ခြုံကျနေပြီး နိုင်ငံခြားငွေကြေး များပြတ်လပ်နေမှုကြောင့် စီးပွားရေးကို လည်ပတ်စေရန် လောင်စာများ ဝယ်ယူတင်သွင်း နိုင်စွမ်းမရှိတော့ဘဲ လူနာများကို ကုသရန်အတွက် ဆေးဝါးများ မလံလောက်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

“သာမန် အကိုက်အခဲပျောက်ဆေးတွေ၊ ပဋိဇီဝဆေးတွေနဲ့ ကလေးသူငယ်တွေ သောက်သုံးရတဲ့ ဆေးဝါးတွေဟာ ဆိုးဆိုးဝါး ၀ါး ပြတ်လပ်နေပါတယ်။ တစ်ခြားဆေးဝါးတွေဆိုရင်လည်း ပြီးခဲ့တဲ့သုံးလလောက်အတွင်း စျေးနှုန်းက လေးဆလောက်အထိ မြင့်တက်သွားခဲ့ပါတယ်”ဟု ဆေးဆိုင်ပိုင်ရှင်တစ် ဦးဖြစ်သူ ကေမသီယာလန်ဂန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ထို့ကြောင့် လူနာများသည် ဆေး ၁၀ ကြိမ်သောက်ရမည့်၊ ထိုးနှံရမည့် အချိန်အခါမျိုးတွင် ဆေးဝါးပြတ်လပ်မှုများကြောင့် ခုနစ်ကြိမ်ခန့်သာ သောက်သုံး၊ ထိုးနှံနေရသည်ဟု ၎င်းက ဆိုသည်။

“အခြေခံဆေးဝါးအများစုက လုံးဝပြတ်လပ်သွားပါပြီ။ ဆရာဝန်တွေကလည်း ဆေးဆိုင်တွေမှာ ဆေးပြတ်နေတာကိုမသိဘဲ ဆေးညွှန်းတွေရေးပေးနေတုန်းပါပဲ”ဟု မသီယာ လန်ဂန်က ပြောကြားခဲ့သည်။

သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာန၏ အရာရှိများကမူ ပြည်သူ ၉၀ ရာခိုင်နှုန်းခန့် မှီခိုအားထားနေရသည့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ၏  လက်ရှိအခြေအနေအသေးစိတ်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

သို့သော်လည်း အစိုးရဆေးရုံများတွင် အလုပ်လုပ်ကိုင်နေသည့် ဆရာဝန်များကမူ သူတို့သည် အရေးပေါ် အသက်ကယ်ရမည့် လူနာများအတွက် သာမန်ခွဲစိတ်ကုသမှုများကို လျှော့ချရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး ထိရောက်မှုနည်းပါးသည့် အစားထိုး ဆေးဝါးများကိုသာ အသုံးပြုနေရသည်ဟု ပြောကြားခဲ့သည်။

“တစ်ချိန်တုန်းက ခိုင်မာခဲ့တဲ့ သီရိလင်္ကာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ အခုဆိုရင် ယိုယွင်းနေပါပြီ။ အားနည်းချို့တဲ့သူတွေက ပိုမိုဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ခံနေရပါတယ်”ဟု ကုလသမဂ္ဂ ထိပ်သီး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဟန်နာဆင်ဂါ ဟမ်ဒီက ပြောကြားခဲ့သည်။

မကြာသေးမီက ကမ္ဘာ့ဘဏ်သည် သီရိလင်္ကာတွင် ခွေးရူးပြန်ကာကွယ်ဆေးများ အပါအဝင် အရေးပေါ်လိုအပ်သည့် ဆေးဝါးများဝယ်ယူရေးကို ကူညီပေးရန် ဖွံ့ဖြိုးတိုး တက်ရေးရန်ပုံငွေများကို ပြောင်းလဲအသုံးပြုခဲ့သည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျပန်နှင့် အခြား နိုင်ငံများကလည်း သီရိလင်္ကာ၏ ကျန်းမာရေးကဏ္ဍကို ကူညီပေးခဲ့ကြပြီး ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားများကလည်း ၎င်းတို့၏ မိသားစုများထံ ဆေးဝါးများနှင့် ဆေးပစ္စည်းများ ပေးပို့လျက်ရှိသည်။

သီရိလင်္ကာသမ္မတသစ် ရာနေးဝစ်က ရီမီဆငးဟီကမူ သိရီလင်္ကာ၏ စီးပွားရေးအကျပ်အတည်းသည် ၂၀၂၃ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနေနိုင်ကြောင်း သတိပေးခဲ့သဖြင့် ပြည်သူ့ကျန်းမာရေးအကျပ်အတည်းသည် ပိုမိုဆိုးရွားလာမည့် အလားအလာတွင် ရှိနေသည်။

Hyperinflation ဟုခေါ်သည့် မဟာငွေကြေးဖောင်းပွမှုကြောင့် အစားအစာစျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး အိမ်ထောင်စုများသည် အစားတစ်လုပ်အတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရသည်။

ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်း (WFP) ၏အဆိုအရ သီရိလင်္ကာတွင် လူငါးသန်းနီးပါး (နိုင်ငံလူဦးရေ၏ ၂၂ ရာခိုင်နှုန်း)သည် စားနပ်ရိက္ခာအထောက်အပံ့များလိုအပ်နေပြီး မိသားစု ခြောက်စုတွင် ငါးစုကျော်ခန့်မှာ ၎င်းတို့ ပုံမှန်စားနေကျထက် အစာကို လျှော့စားနေရခြင်း သို့မဟုတ် အရည်အသွေးနိမ့်သည့် အစားအစာများကို ဝယ်ယူနေရသည်ဟု သိရသည်။

အကယ်၍ ယင်းအကျပ်အတည်းသည် ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက မွေးကင်းစကလေးငယ်များ သေဆုံးနိုင်ပြီး အစာအာဟာရချို့တဲ့မှုသည် သီရိလင်္ကာကို နင်းခြေသွားလိမ့်မည်ဟု ဒေါက်တာ ဝသန်က ပြောကြားခဲ့သည်။

“အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီးကတော့ ပြိုလဲခါနီးအခြေအနေကို ရောက်ရှိသွားပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent