နန်စီပယ်လိုစီ (သို့မဟုတ်) တရုတ်အန္တရာယ်မျဉ်းကို ဖြတ်ကျော်မည့်သူ

နန်စီပယ်လိုစီ (သို့မဟုတ်) တရုတ်အန္တရာယ်မျဉ်းကို ဖြတ်ကျော်မည့်သူ
photo-AFP
photo-AFP
Published 26 July 2022
ဇင်မျိုး

သြဂုတ်လထဲတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပယ်လိုစီ ထိုင်ဝမ်ကိုသွားမည့်ကိစ္စက သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့ထဲတွင် အချက်ပေးခေါင်းလောင်းသံဖြစ်နေသည်။ ထိုခရီးစဉ်က တရုတ်၏ အန္တရာယ်မျဉ်းကို ဖြတ်ကျော်ရမည့်အနေအထားဖြစ်နေပြီး ဖြောင့်ဖြူးသည့် ခရီးစဉ်မဟုတ်ပေ။

ကိုယ့်ဘာသာအုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းကို ပယ်လိုစီလာရောက်မည့်ကိစ္စအတွက် မိမိတို့ အဆင်သင့်ပြင်ထားသည်ဟု ဇူလိုင် ၂၅ ရက်တွင် တရုတ်က သတိပေးခဲ့ပြီး သူသည် ထိုင်ဝမ်ကို သွားမည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြင်းထန်သည့် အကျိုးဆက်အားလုံးအတွက် တာဝန်ယူရမည်ဟု သတိပေးခဲ့သည်။

အမေရိကန်စစ်တပ်က ပယ်လိုစီ၏ ခရီးစဉ်ကို ကန့်ကွက်ထားသည်ဟု လွန်ခဲ့သောသီတင်းပတ်တွင် ဘိုင်ဒင်က ပြောကြားခဲ့သည်။ ပယ်လိုစီမှာ ဂျိုးဘိုင်ဒင်နှင့် တစ်ပါတီတည်းဖြစ်၍ ဒုတိယသမ္မတပြီးလျှင် သမ္မတရာထူးအတွက် လျာထားခံရသော ဒီမိုကရက်တစ်ဦးဖြစ်သည်။

ဖွဲ့စည်းပုံအရ ကွန်ဂရက်သည် အစိုးရနှင့် တန်းတူသောအဖွဲ့အစည်းဖြစ်၍ လွှတ်တော်အမတ်များမှာ ၎င်းတို့ဆန္ဒရှိသည့်နေရာကို လွတ်လွတ်လပ်လပ်သွားလာနိုင်သည်။ သို့ရာတွင် အမေရိကန်အစိုးရအဖွဲ့ထဲ၌ တရုတ်နှင့်ပတ်သက်၍ မဆိုစလောက် သဘောထားကွဲမှုသည်ပင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်လျက်ရှိသည်။ ပယ်လိုစီ၏ခရီးစဉ်မှာ ထိုင်ဝမ်လွတ်လပ်ရေးကြေညာရာတွင် အမေရိကန်၏ ထောက်ခံမှုတိုးလာသည်ကို ပြသသည့် သဘောဟု တရုတ်က ယူဆထားသည်။ ထိုင်ဝမ်လွတ်လပ်ရေးကြေညာစေရန် အမေရိကန်က တွန်းတွန်းတိုက်တိုက်လုပ်နေခြင်းဖြစ်သည်ဟု တရုတ်က တွက်ဆထားသည်။

ဆယ်စုနှစ်များစွာအတွင်း တရုတ်၏ သြဇာအကြီးမားဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတရှီကျင်းပင်အနေဖြင့် စီးပွားရေးအခက်အခဲများကြုံနေစဉ် ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့်အရေးပါသော ကွန်မြူနစ်ပါတီအစည်းအဝေး၌ ၎င်း၏အာဏာမြဲအောင် လုပ်ဆောင်ရန် ပြင်ဆင်နေခိုက် အထူးသဖြင့် ဗျာများနေချိန်တွင် ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ် ဖြစ်ပေါ်လာနိုင်စရာရှိနေသည်။

ပယ်လိုစီက ထိုင်ဝမ်ခရီးစဉ်ကို အတည်မပြုသေးပေ။ သို့သော်လည်း ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြသရန် မိမိတို့အတွက် အရေးကြီးသည်ဟုလွန်ခဲ့သော သီတင်းပတ်တွင် သူကသတင်းထောက်များကို ပြောကြားခဲ့သည်။ ကွန်ဂရက်က ထိုင်ဝမ်လွတ်လပ်ရေးကို တွန်းတွန်းတိုက်တိုက် လုပ်နေသည်ဆိုခြင်းကို ပယ်လိုစီက ငြင်းဆန်ခဲ့သည်။

သဘောထားကွဲနေသော အမေရိကန်အစိုးရအဖွဲ့ထဲတွင် ထိုင်ဝမ်သည် အဓိက အမေရိကန်ပါတီကြီးနှစ်ခု၏ ထောက်ခံမှုကို ရရှိထားသည်။ ထို့ကြောင့်တရုတ်၏သတိပေးမှုများက ထိုင်ဝမ်သို့ ပယ်လိုစီသွားရန် တောင်းဆိုမှုများကို လောင်စာဖြည့်ပေးနေခြင်းသာ ဖြစ်သည်။

“လွှတ်တော်ဥက္ကဋ္ဌပယ်လိုစီဟာ ထိုင်ဝမ်ကို သွားသင့်ပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီက လုပ်နိုင်တဲ့အရာ မရှိဘူးဆိုတာ သမ္မတဘိုင်ဒင်အနေနဲ့ ဥက္ကဋ္ဌ ရှီကို ရှင်းရှင်းလင်းလင်းပြောသင့်ပါတယ်” ဟု  ရီပက်ဘလီကင်ဆီးနိတ်အမတ်ဘင်းဆက်က ပြောကြားသည်။

ဘိုင်ဒင်အစိုးရက တရုတ်ကို အကြီးမားဆုံး ကမ္ဘာလုံးဆိုင်ရာပြိုင်ဘက်အဖြစ် ရှုမြင်ထားသည်ဆိုသော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်လာသော တင်းမာမှုများကို ဟန့်တားရန် အကာအကွယ်များ လုပ်ဆောင်နေသည့် အကြောင်းကိုလည်း ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့သည် ဇူလိုင် ၉  ရက်တွင် အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းတွင် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပြီး လူ့အခွင့်အရေးကိစ္စများ၊ ထိုင်ဝမ်အရေးတို့နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြားပေါ်ပေါက်နေသည့် တင်းမာမှုများကို ဆွေးနွေးခဲ့ကြသည်။

ထိုင်ဝမ်သို့ ပယ်လိုစီသွားမည့်ကိစ္စကိုတားမြစ်ရန် ကြိုးစားမည်ဆိုလျှင်လည်းကောင်း၊ နောက်ဆုတ်ခိုင်းမည်ဆိုလျှင်လည်းကောင်း ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်ဖိအားပေးသည့် အကွက်ထဲဝင်သွားမည်ဖြစ်ရာ အားနည်းသော အစိုးရဖြစ်သွားမည်ဖြစ်၍ အမေရိကန်အစိုးရသည် တကယ့်ပြဿနာကိုရင်ဆိုင်နေရသည်ဟု ဂျော့ဝါရှင်တန်တက္ကသိုလ်၏တရုတ်ရေးရာကျွမ်းကျင်သူ ရောဘတ်စတက်တာက ပြောကြားခဲ့ပြီး တရုတ်ကို အနိုင်ကျင့်သူဟု ဆိုသည်။

တရုတ်သည် ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ သွားသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှေ့နောက်မညီတုံ့ပြန်မှုများ လုပ်ဆောင်ခဲ့သည်ဆိုသော်လည်း ယခုတစ်ကြိမ်တွင်မူ အလွန်အလေးထားသည့် ပုံစံဖြင့်တု့ံပြန်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ပယ်လိုစီအနေနဲ့ တိုင်ပေကို တကယ်ခြေချမိရင် သူတို့ဘက်က ထူးထူးခြားခြားလုပ်ပြရမယ်လို့  ထင်ကောင်းထင်နေကြပါတယ်” ဟု စတက်တာက ပြောသည်။ ကွန်မြူနစ်ပါတီအစည်းအဝေးများမတိုင်မီ ဖြစ်ပေါ်လာနိုင်စရာရှိသည့် ပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကိုတစ်ခုခုတုံ့ပြန်ရနိုင်မည့် အနေအထားဟု ရှီကျင်းပင်က တွက်ထားပုံရပြီး ထိုင်ဝမ်နှင့်ပတ်သက်၍ အင်အားပြချိန်ရောက်ပြီဟု ယူဆထားပုံရသည်ဟု စတက်တာက သုံးသပ်ပြောကြားသည်။

တရုတ်၏ရှုံးနိမ့်ခဲ့သော မျိုးချစ်များသည် ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်ကို ထွက်ပြေးခဲ့သည်။ ထိုအချိန်မှစ၍ ထိုင်ဝမ်သည် ဒီမိုကရေစီနှင့် နည်းပညာထွန်းကားလာခဲ့သည်။ ယူကရိန်း၌ ရုရှားကြုံတွေ့နေရသော အခက်အခဲများမှ ယူစရာသင်ခန်းစာအများအပြား ရှိနေလင့်ကစား ရှီကျင်းပင်သည် အင်အားသုံးရန် ရွေးချယ်ထားပုံရသည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် စီအိုင်အေအကြီးအကဲ ဘီလ်ဘန်းစ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၇၉ ခုနှစ်တွင် ထိုင်ဝမ်ဆက်ဆံရေးမှ တရုတ်ဆက်ဆံရေးသို့ ပြောင်းလဲခဲ့သည်။ အဆက်ဆက်သော အမေရိကန်အစိုးရများသည် ထိုင်ဝမ်သို့ ထိပ်တန်းအဆင့်တာဝန်ရှိသူများကို စေလွှတ်ခြင်းမပြုဘဲ တရုတ်တစ်နိုင်ငံတည်းဆိုသော မူဝါဒကိုသာလျှင် သတိထား၍ အသိအမှတ်ပြုထားသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နုဂင်းဂရက်သည် ၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်ကို သွားခဲ့သည်ဆိုသော်လည်း သူသည် ဒီမိုကရက်တစ်ပါတီ၏ ပြိုင်ဘက်ရီပက်ဘလီကင်ပါတီဝင်တစ်ဦးဖြစ်ပြီး ထိုအချိန်တုန်းက တရုတ်၏  တုံ့ပြန်မှုသည်လည်း အသံတိတ်နေခဲ့သည်။

ပယ်လိုစီ၏ ခရီးစဉ်ကို သတိပေးခဲ့သည့်အတွက် ဇူလိုင် ၂၅ ရက်တွင် ဂင်းဂရစ်က အမေရိကန်ကာကွယ်ရေးဌာနကို ဝေဖန်ခဲ့သည်။ “တရုတ်ကွန်မြူနစ်တွေက ကျွန်တော်တို့ကို အလွန်ခြိမ်းခြောက်နေတာဆိုရင် ကျွန်တော်တို့အနေနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးကိုတောင် အကာအကွယ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ထိုင်ဝမ်ရှင်သန်ရေးအတွက် ကျွန်တော်တို့ ကူညီနိုင်တယ်ဆိုတာကို တရုတ်က ဘာကြောင့်ယုံကြည်တော့မှာလဲ” ဟု ၎င်းက Twitter တွင် ရေးသားခဲ့သည်။

ပယ်လိုစီသည် တရုတ်ကို တောက်လျှောက်ဝေဖန်လာသူဖြစ်သည်။ သူသည် ဒလိုင်လားမားနှင့် မိတ်ဆွေဖွဲ့ထားသူဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ပယ်လိုစီသည် တီယန်နန်မင်ရင်ပြင်၌ အသတ်ခံရသော ဒီမိုကရေစီဆန္ဒပြသူများကို အောက်မေ့သတိရသည့် စာတမ်းအား ကိုင်ခဲ့သဖြင့် ထိုစဉ်က အိမ်ရှင်တရုတ်ကို ဒေါသထွက်စေခဲ့သည်။ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်တွင် ဒီမိုကရေစီအတွက် အသက်ပေးသွားရသူများကို သတိရသည့် စာတမ်းအား ကိုင်ခဲ့သဖြင့် ပေကျင်းတွင် ပယ်လိုစီသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ရမ်းကားမှုအတွက်ပယ်လိုစီကို ဖမ်းဆီးခဲ့သည်ဟု ထိုစဉ်က တရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်က အင်အားကြီးနိုင်ငံဖြစ်လာသောကြောင့် အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ အစောပိုင်းတွင် နှုတ်ဆိတ်ထားမှုအချို့ကို ထုတ်ပြောလာခဲ့သည်။ ကျူးကျော်လာပါက အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးရန် အဆင်သင့်ဖြစ်နေသည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ရုံသာမက စစ်ရေးအရပါကူညီမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အိမ်ဖြူတော်က ဘိုင်ဒင်၏ စကားများကို ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့သော်လည်း သမ္မတကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဟောင်း ဒေါ်နယ်ထရန့် လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သော မိုက်ပွန်ပီရိုသည် မတ်လတုန်းက တိုင်ပေကို သွားသည့်ခရီးစဉ်အတွင်း အမေရိကန်အနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေး၏ ထင်ရှားပေါ်လွင်သော ပကတိအနေအထားကို အသိအမှတ်ပြုရန် ဆော်သြခဲ့သည်။

ဒေါ်နယ်ထရန့်လက်ထက်က ကာကွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သော မာ့ခ်အက်စပါကလည်း ထိုင်ဝမ်ကို သွားခဲ့ပြီးနောက် လွန်ခဲ့သော သီတင်းပတ်အတွင်းတွင် “တရုတ်တစ်နိုင်ငံတည်းရှိသည်ဆိုသော မူဝါဒသည် သူ့လမ်းကြောင်းအတိုင်း သူသွားနေခြင်းဖြစ်ကြောင်း၊ ထိုင်ဝမ်ပြည်သူအများစုကို တရုတ်လူမျိုးဟု သတ်မှတ်၍ မရတော့ကြောင်း” ပြောကြားခဲ့သည်။

Aspen Security Forum ၌ အက်စပါ ပြောကြားခဲ့ပြီးနောက် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ကွန်ဒိုလီဆာရိုက်က “တင်းမာမှုတွေကို လျှော့ချပေးခြင်းဖြင့် တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒက ကျွန်မတို့ကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်ပေးနေတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီမူဝါဒကို ဆိုဗီယက်ပြည်ထောင်စုကို ပြန်လည်အသက်သွင်းတဲ့ပုံစံဖြစ်အောင် မလုပ်ကြပါနဲ့။ ဒါဟာ ပေါင်းစည်းရေးဝါဒီလမ်းကြောင်းပေါ်က တရုတ်ဖြစ်တယ်ဆိုတာ အမှတ်ရကြပါ။ နိုင်ငံတကာစီးပွားရေးမှာ ဖြစ်ပျက်နေတာတွေမှာ အမှန်တကယ်အန္တရာယ်အများအပြားရှိနေဆဲဆိုတာကို သတိရကြပါ” ဟု ကွန်ဒိုလီဆာရိုက်က ပြောကြားခဲ့သည်။

မည်သို့ဆိုစေ ယူကရိန်း၌ရုရှားဆင်နွှဲနေသော စစ်ပွဲကြောင့် နိုင်ငံတကာဖြစ်စဉ်များ ရှုပ်ထွေးနေချိန် အမေရိကန်နှင့်တရုတ်တို့အကြား စီးပွားရေး၊ လူ့အခွင့်အရေးတို့နှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေသည်။ ဤသို့သောအနေအထားတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက တရုတ်၏အန္တရာယ်သတိပေးမျဉ်းကို ဖြတ်ကျော်၍ထိုင်ဝမ်ကိုသွားခဲ့ပါမူ အမေရိကန်နှင့် တရုတ်တို့၏ အနာဂတ်ဆက်ဆံရေးများ မည်သို့ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

Most Read

Most Recent