ပြည်တွင်း၊ ပြည်ပချေးငွေများနှင့်ပတ်သက်၍ အတိုးနှင့် အရင်းပေါင်း နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့်ပေးဆပ်နေရဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြည်တွင်း၊ ပြည်ပချေးငွေများနှင့်ပတ်သက်၍ အတိုးနှင့် အရင်းပေါင်း နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့်ပေးဆပ်နေရဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 1 July 2022

ပြည်တွင်း၊ ပြည်ပချေးငွေများနှင့်ပတ်သက်၍ အတိုးနှင့် အရင်းပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့်အား နှစ်စဉ် ပေးဆပ်နေရသည်ဟု နစကပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၁ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

 “ကျွန်တော်တို့ အစိုးရအနေနဲ့ကတော့ ဒီချေးငွေတွေနဲ့ ပတ်သက်ပြီး နှစ်စဉ်အတိုးရော၊ အရင်းရော ဒေါ်လာသန်း ရဝဝ လောက် နှစ်စဉ် ပေးဆပ်နေရတာဖြစ်ပါတယ်”ဟု နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပချေးငွေရယူမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်တွင်း ချေးငွေ ကျပ်ဘီလျံ ၁၆၀၀၀ ကျော်နှင့် ပြည်ပချေးငွေ ကျပ်ဘီလျံ ၅၀၀၀ ကျော် စုစုပေါင်း ကျပ်ဘီလျံ ၂၂၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမြီလက်ကျန်သည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာလျက်ရှိသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဒီလိုပိုမိုလာရခြင်းဟာလည်း နှစ်စဉ်ပြည်ထောင်စုဘက်ဂျက်မှာ လိုငွေတွေ တိုးတက်ဖြစ်ပေါ်လာတာကြောင့် ဖြစ်ပြီး အစိုးရရဲ့ ငွေတိုက်လက်မှတ်တွေ ဈေးပြိုင်စနစ်နဲ့ ရောင်းချရာမှာ ရွေးယူရမယ့် ပမာဏထက် ပိုမိုရောင်းချခြင်း၊ အစိုးရငွေတိုက်စာချုပ်တွေ ဈေးပြိုင်စနစ်နဲ့ ရောင်းချရာမှာ အဲ့ဒီဘဏ္ဍာရေးနှစ်အတွင်း ဈေးပြိုင်စနစ်မတိုင်မီ ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်တွေနဲ့ ဈေးပြိုင်စနစ်နဲ့ ရောင်းချခဲ့တဲ့ သက်တမ်းစေ့တဲ့ ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်ရတဲ့ ပမာဏထက် ဒါပိုမိုရောင်းချခဲ့ခြင်းနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေချေးယူခြင်းတို့ရဲ့ ဖြည့်ဆည်းခဲ့ရတဲ့ ပမာဏတွေ များပြားလာခြင်းကြောင့်ပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စီးပွားရေးအခြေအနေနှင့် ဂျီဒီပီတိုးတက်မှုနှုန်း တိုင်းတာချက်အရ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ တိုးတက်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်မူ ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့ကြောင့် စီးပွားရေးကျဆင်းခြင်းသည် ယခင်ကတည်းကပင် စတင်ကျဆင်းနေပြီဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရငွေ သုံးငွေ၊ ပိုငွေ လိုငွေများသည် နှစ်စဉ်လိုငွေများဖြစ်ခဲ့ကာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်သည် လိုငွေအများဆုံးဖြစ်ခဲ့သည်ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ဒီလိုဖြစ်ခဲ့တဲ့ လိုငွေတွေကို အစိုးရငွေတိုက်လက်မှတ်တွေ၊ အစိုးရငွေတိုက်စာချုပ်တွေ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူခြင်းတို့နဲ့ ဆက်လက်ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ပြည်ပကြွေးမြီနဲ့ ပြည်တွင်းကြွေးမြီလက်ကျန်တွေ တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်လာတာကြောင့် ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ခေတ်အဆက်ဆက်တွင် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းစီးပွားရေးကို အားမပေးဘဲ သွင်းကုန်များကိုသာ အဓိကထားခဲ့သည့် မူဝါဒအမှားများကြောင့် ယခုကဲ့သို့ စီးပွားရေးကျဆင်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရအနေဖြင့် စီးပွားရေးမြှင့်တင်မှု ဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်ကုန်နှင့် စီးပွားရေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း နကစပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်များဖြစ်သော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရရှိထားသော မြေ၊ ရေနှင့် လူသား အရင်းအမြစ်များကို စွမ်းအားမြှင့်တင့်ကာ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Most Read

Most Recent