YBS ယာဉ်လိုင်း ၁၂၇ လိုင်းအနက် ၅၆ လိုင်းတွင် YPS ကဒ်ဖြင့် ငွေပေးချေရန် POS စက်များ တပ်စဉ်ပြီးဖြစ်

YBS ယာဉ်လိုင်း ၁၂၇ လိုင်းအနက် ၅၆ လိုင်းတွင် YPS ကဒ်ဖြင့် ငွေပေးချေရန် POS စက်များ တပ်စဉ်ပြီးဖြစ်
Published 29 June 2022

ဘတ်(စ်)ကားစီးရာတွင် YPS(Yangon Payment Services)ကဒ်ဖြင့် ငွေပေးချေရန် YBS(Yangon Bus Service)ယာဉ်လိုင်း ၁၂၇ လိုင်းအနက် ယာဉ်လိုင်း ၅၆ လိုင်းတွင် စက်တပ်စဉ်ပြီးဖြစ်ကြောင်း YRTC (ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ) ထံက သိရသည်။

YBS ယာဉ်လိုင်း စုစုပေါင်း ၁၂၇ လိုင်းတွင် ယာဉ်အစီးရေ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။ ယင်းကြောင့် ယာဉ်လိုင်း ၅၆ လိုင်းတွင် စက်တပ်ဆင်ပြီးဖြစ်သဖြင့် စက်တပ်ဆင်ပြီးယာဉ်အစီးရေမှာ ၁၂၃၃ စီးဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ကျွန်တော်တို့ အများပိုင် ကုမ္ပဏီ ၁၀ ခုနဲ့ ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ စတင်တာဝန်ယူစဉ်အခါမှာ ကျွန်တော်တို့ ကုမ္ပဏီ လေးခုလောက်နဲ့ စလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့တာဝန်ယူစဉ် တစ်နှစ်တာကာလမှာ ကုမ္ပဏီ ၁၀ ခုလောက်နဲ့ တိုးတက်ရရှိလာပါတယ်။ ရန်ကုန်မြို့ကို ပို့ဆောင်ရေးကွန်ရက်သဖွယ် ဖြတ်သန်းပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ၁၂၇ လိုင်းရှိပါတယ်။ ၁၂၇ လိုင်းမှာ လက်ရှိ ၁၁၆ လိုင်းကတော့ Live သွားနေတယ်။ အဲဒီမှာ Payment စနစ်နဲ့ပတ်သက်လို့ရှိရင် လိုင်းပေါင်း ၅၆ မှာ  POS(Point of Sale) စက်တွေတပ်ဆင်ပြီးဖြစ်ပါတယ်” (YRTC) မှ ကော်မတီဝင်(၁) ဦးခင်မောင်ထွေးက ပြောကြားသည်။

ထိုသို့ POS(Point of Sale) စက်များတပ်ဆင်ရာတွင် အိုဟောင်းနေသည့်ယာဉ်များ၊ မြို့တော်အင်္ဂါရပ်နှင့်မညီသည့်ယာဉ်များကို တပ်ဆင်ခြင်းမပြုဘဲ လမ်းမပေါ်တွင် သွားလာနိုင်သည့်ယာဉ်များ ၊ ကြံ့ခိုင်မှုရှိသည့်ယာဉ်များ ၊ ယာဉ်သက်တမ်းကောင်းသည့်ယာဉ်များ ၊ မြို့တော်အင်္ဂါရပ်နှင့်ညီသည့် ယာဉ်များကို တိုင်းဒေသကြီးအစိုးရ၏ မူဝါဒနှင့်အညီတပ်ဆင်ခြင်းဖြစ်ကြောင်း (YRTC) တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

“ တစ်ချို့သောကိစ္စရပ်လေးတွေမှာ ကျွန်တော်တို့က တိုင်းဒေသကြီးမူဝါဒနဲ့ မြေပြင်အနေအထားလေးတွေပေါင်းစပ်ပြီးတော့ သူတို့ကို ချိန်ပြီးတော့လုပ်နေရတာတွေရှိတယ်။ ဆိုကြပါစို့ တစ်ချို့သောကားတွေသည် ယာဉ်သက်တမ်းအရပြောမယ်ဆိုရင် တော်တော်လေးအိုဟောင်းနေတဲ့ကားတွေကို POS စက်တွေသွားတပ်မိရင် ဒီကားသည်တချိန်ကျလာလို့ ယာဉ်အိုယာဉ်ဟောင်းထဲရောက်သွားရင် တခါ ပြန်ဖြုတ်ဦး ပြန်လုပ်ဦးဆိုတဲ့ ကုန်ကျစားရိတ်တွေကိုမှာစိုးတော့ ကျွန်တော်တို့က ကုမ္ပဏီတွေကို ပြန်ကြည့် တယ်။ ယာဉ်လိုင်းကိုကြည့်တယ်။ ဒီကားက ယာဉ်သက်တမ်းလည်းကောင်းတယ်။ ယာဉ်ရဲ့ကြံ့ခိုင်မှုလည်းရှိတယ်။ မြို့တော်အင်္ဂါရပ်နဲ့လည်းညီတယ်ဆိုတဲ့ ဟာလေးတွေစိစစ်ပြီးတော့ ဒီစက်တွေကိုတပ်ရတာ။ အဲတော့ သာမာန်ကြည့်လိုက်ရင်တော့ ယာဉ်လိုင်း ၁၂၇ လိုင်း ကားအစီး ၄၀၀၀ ကျော်ရှိတာပဲ တပြိုင်နက်ထဲမပြီးဘူးလားလို့ မေးစရာရှိပါတယ်။ သို့သော်ကျွန်တော်တို့မှာက အဲလိုအဲလိုမျိုးအစီး ၄၀၀၀ သည် တစ်နှစ်သောကာလအတွင်းမှာ COVID ကာလတွေရှိတယ်။ ယာဉ်ရပ်ဝင်းတွေ အခက်အခဲကြောင့် သူခိုးတွေခိုးလို့ ကားတွေပျက်တာတွေရှိတယ်။ ကားတွေကိုယ်၌ကသက်တမ်းကြာလို့ပျက်တာတွေရှိတယ်။ အဲအတွက်ကြောင့် အဲတာတွေကို ကျွန်တော်တို့ပြန်လည်ပြုပြင်ရတယ်။ ပြန်လည်ပြုပြင်ပြီးတော့ ကားတွေသည် On Road သွားနိုင်တယ်။ မြို့တော်အင်္ဂါရပ်နဲ့ညီတယ်။  တဖက်ကလည်းတိုင်းအစိုးရအဖွဲ့ချပေးထားတဲ့မူမှာက မြို့တော်အင်္ဂါရပ်ဆိုတာက ကားသည် အဲကွန်းနဲ့ပြေးဆွဲတာတွေလုပ်နိုင်တာတွေရှိတယ်ပေါ့နော်။ အဲတော့ကျွန်တော်တို့က အဲလိုမျိုးကားတွေရဲ့အရည်အသွေးကို စိစစ်ရင်းနဲ့မှ သူတို့ကို စက်တွေပြန်လည်တပ်ဆင်ပေးတဲ့အခါမှာ ယခုလိုမျိုး ကျွန်တော်တင်ပြတဲ့အချိန်အတွင်းမှာ ယာဉ်လိုင်း ၅၆ လို်င်း အစီးရေ ၁၂၃၃ စီးကို တပ်ဆင်ပြီးဖြစ်ပါတယ်” ဟု ဦးခင်မောင်ထွေးက ဆက်လက် ပြောကြားသည်။

ဘတ်(စ်)ကားစီးရာတွင် YPS(Yangon Payment Services)ကဒ်များအသုံးပြုခြင်းဖြင့် အကြွေပြဿနာ ၊ စပယ်ယာပြဿနာများကိုလည်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း (YRTC) တာဝန်ရှိသူများက ပြောကြားသည်။

YPS(Yangon Payment Services)ကဒ်များနှင့်ပတ်သက်၍ ယင်းကဒ်အသုံးပြု၍ရသည့် ယာဉ်လိုင်းနံပါတ်များကို Yangon Payment Services – YPS facebook လူမှုကွန်ယက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Most Read

Most Recent