၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ သန်းကျော်သာ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ၉ ဒသမ ၀၁၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်သန်း၊ ဟောင်ကောင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၁၅ သန်း၊ ဂျပန်က ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်းသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ ROK က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles ကဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ UK က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာတင်ပြလာပါက ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထားသည်။
ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြ ဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေး လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ)ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ)အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်သည်။