ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း မေ ၂၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မေ ၂၃ ရက် ညနေ ၃ နာရီခွဲအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာတွင် ဝင်းဦးမောင်းနှင်ပြီး မမူဒါန်နှင့် တေဇာလင်းတို့ လိုက်ပါလာသည့် PAJERO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယူမာကျေးရွာရှိ စားသောက်ဆိုင်တွင် ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်သူ ထွန်းထွန်းထိုက်နှင့် မနန်းမိုးမိုးအေးတို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး ထပ်မံစစ်ဆေးချက်အရ ညနေ ၆ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ မအေးပန့်၏နေအိမ်၌ ကျန်ရှိသည့်ဘိန်းဖြူ ၉ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသိမ်းဆည်းရမိသည့် ဘိန်းဖြူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။















