အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ပြင်ပဆေးရုံတွင် မျက်လုံးခွဲစိတ်မှုပြုလုပ်ခဲ့ရကြောင်း လက်ရှိတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု သိရသည်။
" တိမ်ကျလို့ ၁၈ရက်နေ့က အပြင်က နားနှာခေါင်း လည်ချောင်း ဆေးရုံကြီးမှာ မျက်စိခွဲခဲ့ရတယ်လို့ သိရတယ်။ အစောကြီးထဲက သမားတော်နဲ့ကြည့်နေတာ။ အဲဒါပြီးတော့ ထောင်ကဆေးရုံမှာ ဆက်တက်နေတယ်။ အင်္ဂါနေ့က ရုံးချိန်းမှာတော့ ရုံးထုတ်မပေးဘူး။ မနက်ဖြန် မေလ၂၇ ရက်မှာ ရုံးချိန်းရှိတယ်။ကျန်းမာရေးကတော်တော်ကောင်းတယ်။ ကင်ဆာကလွဲပြီးအားလုံးကောင်းတယ်။ ဘာပဲပြောပြော ဆေးကုသခွင့်ပေးနေတာ တော်တော်ကောင်းတယ်။ အမှုကတော့ ငါးခုလုံး ဒီလကုန် အပြီးဖြတ်မယ်ပြောတယ်။ ခံပြစစ်နေတာ ပြီးတော့မယ်"ဟု အမှုနှင့်ပတ်သက်ပြီး နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၅ဖြင့် စွဲဆိုထားသည့် အမှုငါးမှုလုံးကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ထားပြီးဒေါက်တာဇော်မြင့်မောင်အနေဖြင့် ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ တရားရုံးတွင် ငြင်းဆိုထားသည်။
ထို့ကြောင့် အမှုငါးခုလုံး၏ တရားလို၊တရားလိုပြသက်သေတွေများကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးနေခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မများဖြင့် အမှု၅မှု၊ ဦးဇာနည်အောင်အား ၂မှုဖြင့် မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး အိုးဘိုအကျဉ်းထောင်တွင် အထူးတရားရုံးဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂နှစ်၊ သဘာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ၂၅၊/၃ဝကတို့အတွက် ထောင်ဒဏ်၂ နှစ် စုစုပေါင်း ထောင်ဒဏ်လေးနှစ်ကျခံရစေရန် အောင်မြေသာစံမြို့နယ်တရားရုံးက အမိန့်ချမှတ်ထားသည်။















